All News interview Peace

ရခိုင်စစ်ပွဲ ရပ်တန့်ရေး ဆန္ဒပြ ကျောင်း သားများကို ဖမ်းဆီးတရားစွဲမှု NLD အစိုးရအနေဖြင့် စစ်အာဏာရှင်ကဲ့သို့ ပြုမူ

ရခိုင်စစ်ပွဲ ရပ်တန့်ရေး ဆန္ဒပြ ကျောင်းသားများကို ဖမ်းဆီးတရားစွဲမှု NLD အစိုးရအနေဖြင့် စစ်အာဏာရှင်ကဲ့သို့ ပြုမူ၊ အမုန်းတရားပိုမိုကြီးထွားလာနေဟုဆို

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်တွင် စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒပြပွဲများကို နိုင်ငံတစ်ဝန်း ကျောင်းသားများက ဦးဆောင် ဆန္ဒပြခဲ့ကြပြီး အစိုးရကလည်း အဆိုပါ ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်ဖမ်းဆီးခြင်း၊ အလွန်ကြီးလေးပြီး မတရားသည့် ဥပဒေ၊ ပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းများ လုပ်ဆောင်လျက်ရှိနေခြင်းသည် လက်ရှိ NLD အစိုးရအနေဖြင့် စစ်အာဏာရှင်အစိုးရကဲ့သို့ ပြုမူခြင်းဖြစ်ကြောင်း၊ လူမျိုးရေးဆိုင်ရာ အမုန်းတရားများ ပိုမိုကြီးထွားစေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ကျောင်းသားများက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ကျောင်းသားများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ကိုကျော်ကိုကို အထွေထွေအတွင်းရေးမှုး ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦး

ဒီကျောင်းသားတွေ ဆန္ဒပြတဲ့ဟာကို ဖမ်းဆီးမှုကို ဆက်တိုက်ဆောင်ရွက်နေတာကို တွေ့ရှိရတာကြာပါပြီ။ ပထမဆုံးဦးဆုံးကတည်းက စစ်တွေမှာ ကျောင်းသားတွေ ဆန္ဒပြတာကိုလည်းဖမ်းဆီးတယ်။နောက်တစ်ခါ မန္တလေးက ကျောင်းသားတော်တော်များများကိုလည်း အဲဒီလိုပဲ ဆန္ဒပြပြီးတဲ့နောက်မှာ ဖမ်းဆီးတယ်။နောက်ပြီးတော့ မုံရွာက ကျောင်းသား တစ်ယောက်ကိုလည်း အဲဒီလိုဖမ်းဆီးတယ်။

ဆက်တိုက်ကျောင်းသားတွေ ဆန္ဒပြမှုတွေကို ဖမ်းဆီးတဲ့အခါမှာ အခြေခံအားဖြင့်ပြောမယ်ဆိုရင် ဒါ ဒီမိုကရေစီအခွင့်အရေးနှင့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ဒါ ချိုးဖောက်တယ်လို့ ကျွန်တော်တို့က ပြောလို့ရပါတယ်။နောက်ထပ် ထပ်ပြီးတော့ အကျယ်ချဲ့ပြီးပြောမယ်ဆိုရင် ဒါ နိုင်ငံရေးအရပေါ့နော်။ ထောက်ပြတဲ့တဲ့လူ အတိုက်ခံပြုလုပ်တဲ့လူတွေကို အပြင်းအထန်နှိပ်ကွပ်တယ်လို့ ကျွန်တော်တို့ယူဆလို့ရပါတယ်။

ဒီဟာက ပြည်ထဲရေးဝန်ကြီးဌာနက စစ်တပ်လက်အောက်ကနေ ဖမ်းဆီးတယ်ဆိုပေမယ့်လည်း NLDပါတီပေါ့နော်။ လက်ရှိ အာဏာရအစိုးရမှာလည်း တာဝန်ရှိပါတယ်။ ဒီကိစ္စက ကျောင်းသားတွေတောင်းဆိုနေတဲ့ ပြည်သူတွေတောင်းဆိုနေတဲ့ဟာကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးမယ်ဆိုရင် ထပ်ပြီးတောင်းဆိုတဲ့ ကိစ္စတွေပေါ်ပေါက်လာမှာမဟုတ်ပါဘူး။

ကျောင်းသားတွေတောင်းဆိုတာ ပြည်သူတွေတောင်းဆိုတာ လျစ်လျုရူထားတယ် လျစ်လျူရူပြီးတော့မှ ဒီလိုဖြစ်ချင်းတိုင်းဖြစ်နေတယ်။ ထိုးစစ် တွေကိ စ္စတွေ ပြည်သူတွေ သေကြေပျက်စီးနေရတဲ့ကိစ္စတွေ နောက်ပြီးတော့ အထွေထွေ အကြပ်အတည်းတွေ ကိုဗစ်နဲ့ ပတ်သတ်တဲ့ပြဿနာတွေ ဒါတွေကို မဖြေရှင်းဘဲနဲ့ တောင်းဆိုတဲ့ လူတွေကိုလိုက်လံ ဖမ်းဆီးနေတယ်ဆိုတဲ့ဟာမျိုးက
အာဏာရှင် အကျင့်စရိုက်ပေါ့။

ဖော်ဆောင်တယ်လို့တော့ ကျွန်တော်တို့ ပြောလို့ရတယ် ဟိုးရှေးအစဉ်အဆက်က စစ်အာဏာရှင်အစိုးရက အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လက်ရှိ အစိုးရကလည်းပဲ တစ်လုံးတစ်ပါဒမှ မပြောင်းလဲဘဲနဲ့ ဆက်လက်ကျင့်သုံးနေတယ်လို့ ကျွန်တော်တို့က ပြောလို့ရပါတယ်။

ကိုသက်ဆွေဝင်း Synergy လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့

ကျွန်တော်တို့ ကျောင်းသားတွေကို ဒီဆန္ဒပြလို့ ဖမ်းတဲ့ကိစ္စ အင်မတန်ကို ရှက်ဖို့ကောင်းပါတယ်။ ဒါရခိုင်ကို နည်းလမ်းပေါင်းစုံသုံးပြီးတော့ ဖိနှိပ်နေတဲ့ ပုံစံမျိုးပေါက်တယ်။ ဟိုဘက်မှာဒီ ရွေးကောက်ပွဲတွေလည်း ရခိုင်မှာအကြောင်းအမျိုးမျိုးပြပြီးတော့ ရွေးကောက်ပွဲတွေလည်းမ လုပ်လိုက်ကြတော့ဘူး။ အဲဒီတော့ တဖြေးဖြေးနဲ့ ရခိုင်နိုင်ငံရေး Spaceက တဖြေးဖြေးနဲ့ နေရာကျဉ်းလာပြီ လမ်းပေါ် ထွက်ပြီး အော်လို့တောင်းဆိုလိုရှိရင်လည်း ဖမ်းတယ်။

အဲဒီလိုပဲ လွှတ်တော်ထဲမှာ သွားပြီးတော့ လွှတ်တော်ထဲက ပြောဆိုမယ်ဆိုရင်လည်း ပြောလို့မရအောင်လို့ကို ရွေးကောက်ပွဲတွေ ဖျက်ပစ်တာမျိုးတွေ လုပ်တယ်။အဲဒီတော့ ရခိုင်မှာ အခုလက်ရှိဖြစ်နေတဲ့အနေအထားတွေက ဒီဟိုဟာ ဆိုးတဲ့ဘက်ကို တွန်းပို့ပေးနေတဲ့ အခြေအနေတွေအများကြီးဖြစ်နေတယ်။ ဒါကို အစိုးရဘက်နေပြီးတော့လည်း အမျှော်အမြင် ကြီးကြီးနဲ့ ဒီသေချာလိုက်နာ ဟိုဥစ္စာ သေချာချာညှိနိူင်းဆောင်ရွက်ဖို့ လိုတယ်။

အထူးသဖြင့် ပြည်သူတွေရဲ့ မျက်နှာကိုကြည်ပြီးတော့ ပြည်သူတွေနဲ့ ညှိနိူင်းဆွေးနွေးပြီး စကားပြောတာတို့ လုပ်ဖို့လိုတယ်။ အဲဒီတော့ ကျောင်းသားတွေကို ဖမ်းတဲ့ကိစ္စက တော်တော်လေးကို ရှက်ဖို့ကောင်းတယ် မလုပ်သင့်ဘူး။ ကျောင်းသားတွေက ရခိုင်ကိစ္စ ဒီရခိုင်မှာ နေ့တိုင်းပြည်သူတွေသေနေရတဲ့ကိစ္စ ရခိုင်ပြည်သူတွေ ခံနေရတဲ့ကိစ္စကို သူတို့တွေအနေနဲ့ တောင်းဆိုကြတာဖြစ်တယ်။

ဒါကို ပြန်ပြီးတော့ အစိုးရဘက်ကနေပြီးတော့ ပြည်သူတွေ တကယ်ခံနေရတဲ့ဘက်မှာ ရပ်တည်ပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးရမယ့်အစား ဒါမျိုးတွေ ဖမ်းဆီးဖို့အတွက် လုပ်တာမျိုးတွေ တရားစွဲတဲ့ကိစ္စ ထောင်ချတဲ့ကိစ္စတွေ ဒါမျိုးလုပ်တဲ့ကိစ္စတွေက ဟိုဟာ နိုင်ငံတကာအမြင်မှာဆိုရင်လည်း မတင့်တယ်ဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ အစိုးရရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကိုလည်းကျစေတယ်။

ကိုအောင်ပြည့်စုံဖြိုး ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)

ဒီနှစ်ပိုင်းခွဲပြောရပေါ့။ ဒီဘက်လှုပ်ရှားမှုအပိုင်းနဲ့ လှုပ်ရှားမှုကိုဖိနှိပ်တဲ့လူတွေရဲ့အပိုင်းဆိုပြီး ကျွန်တော်နှစ်ခုမြင်ပါတယ်။ လူပ်ရှားမှုမှာတော့ ကျောင်းသားတွေတင်မဟုတ်ဘူး။ ရခိုင်ပြည်မှာရှိတဲ့ ပြည်သူတွေကပါ သူတို့ ပြည်တွင်းစစ်ကိုပါ သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာတာကို ကျွန်တော်အနေနဲ့ မြင်ရတယ်။ ပြီးတော့ ဒီပြည်တွင်းစစ်ကို ဆန့်ကျင်လာတဲ့ပြည်သူ တွေများစွာလာတာ ဖြစ်တဲ့အတွက် ပြည်တွင်းစစ်ကြောင့် အကျိုးအမြတ်ရနေတဲ့သူတွေဟာ ဒီကိစ္စတွေ ဖိနှိပ်လာတာ ကျွန်တော်မြင်ပါတယ်။

အဲဒီကတော့ ပြည်သူတွေ ရခိုင်မှာရှိတဲ့ပြည်သူတွေဟာ သူတို့ ပြည်တွင်းစစ်ဒဏ်ကိုခံနေရတယ် ပြည်တွင်းစစ်ဒဏ်ကြောင့် သူတို့ နစ်နာခဲ့တဲ့ကိစ္စတွေ သူတို့ ကသဘောပေါက်လာပြီ။ ဒီပြည်တွင်းစစ်ကို ချက်ချင်းတိုက်ဖျက်မှ လိုက်မှ ရမယ်ဆိုတဲ့ အမြင်ရလာပြီ။ ပြီးတော့နောက်တစ်ခုကတော့ ပြည်တွင်းစစ်နဲ့ အကျိုးအမြတ်ရတဲ့သူဆိုပြီးတော့ ကျွန်တော်အဲဒီလိုမြင်ပါတယ်။ ပြည်တွင်းစစ်ကို အကျိုးအမြတ်ရတဲ့လူတွေကတော့ ပြည်တွင်းစစ်ကြောင့်အကျိုး အမြတ်ရတဲ့သူတွေကတော့ ဒီလိုပြည်တွင်းစစ် ဆန့်နေတဲ့သူတွေကို ဖိနှိပ်သွားအုံးမှာပါ။

စာရေးဆရာမောင်မောင်စိုးနိုင်ငံရေးလေ့လာသုံးသပ်သူ

အစိုးရပိုင်းကတော့ ဒီခွင့်ပြုချက်မတင်ပဲနဲ့ ဆန္ဒပြတာ ဥပဒေနဲ့ မညီဘူးလို့ပြောမှာပေါ့ဗျာနော်။ အဲဒီဘက်ကပြောမှာပေါ့။ ကျောင်းသားတွေဘက်ကလည်း သူတို့ဆန္ဒပြတာ ခွင့်တောင်းစရာမလိုဘူးလို့ မြင်လိမ့်မယ်။ ဒါပေမယ့် ဒီအစိုးရဘက်ကလည်း ဒါဥပဒေနဲ့ မညီဘူးမြင်လိမ့်မယ်။ အဲဒီကြား ပဋိပက္ခလို့ပဲ ပြောရမှာပဲ။

ဆိုလိုတာကတော့ ဒါတွေကို ဒီ ဆန္ဒပြတယ်တို့ ဘာတို့က ခေတ်အဆက်ဆက် အစိုးရလက်ထက်အားလုံးမှာ ရှိတာပဲ။ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ပြဿနာကအရေးကြီးပါတယ်။ ကိုင်တွယ်မှုကောင်းတယ်။ဖြေရှင်းမှုကောင်းတယ်ဆိုရင် ဒီပြဿနာမျိုးကိုကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။ ကိုင်တွယ်မှုမကောင်းဘူးဆိုလိုရှိရင် ပြဿနာက ပိုကြီးထွားလျှက်ပါပဲ။

ကိုမင်းသွေးသစ် ဗကသကျောင်းသားခေါင်းဆောင်ဟောင်း

ကျွန်တော်မနေ့ကသူတို့ စစ်တွေကျောင်းသားတွေရဲ့ ဆန္ဒပြတဲ့ ဗီဒီယိုဖိုင် Liveလွှင့်တာကို မီဒီယာမှာ အစအဆုံးကြည့်ရပါတယ်။ဒီဥစ္စာ သူတို့ရဲ့ ရပိုင်ခွင့်အခွင့်အရေးကို တောင်းတာဖြစ်တယ်။ ဒီကြားထဲမှာမှ ကျွန်တော်တို့ အရင်တုန်းက အကြိမ်ကြိမ်ပြောခဲ့သလိုပဲ။ ဒီပြည်တွင်းစစ်မရပ်လို့ရှိရင် တိုင်းရင်းသားတွေရဲ့ ရင်ထဲက အမုန်းတရားက ဗမာတွေအပေါ်မှာပါ။ နောက်တစ်ဆင့်ထပ်ပြီး တော့ ဖြစ်လာမယ်။

ဘာကြောင့်လဲဆိုတော့ မတရားမှုကို မြင်နေသားနဲ့ ကျွန်တော်တို့က လက်ပိုက်ကြည့်နေတယ်။ လက်ပိုက်ကြည့်နေတယ် နောက်တစ်ခုက မတရားမှုကို သူတို့ မခံနိုင်လို့ ငုံမခံနိုင်လို့ တွန်းလှန်တဲ့နေရာမှာလည်းပဲ ကျွန်တော်တို့ ပြည်မမှာရှိတဲ့ လူတွေရဲ့ အမြင်က တစ်မျိုးတစ်မည်ဖြစ်နေတယ်။ အဲဒီအပေါ်မှာ တိုင်းရင်းသားတွေအနေနဲ့ သူတို့ ခံစားချက်က ပိုပြီးပြင်းထန်လာပြီးတော့ သူတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ပိုပြီးတော့ လှုံဆော်ပေးရာရောက်လိမ့်မယ်ဆိုပြီးတော့ ကျွန်တော်တို့ အကြိမ်ကြိမ်ပြောခဲ့တယ်။

ဒီရခိုင်ကျောင်းသားတွေနဲ့ ပြည်သူလူထုရဲ့ ကြွေးကြော်သံ တိုင်တဲ့နေရာမှာရော နောက်ပြီးတော့ Live ရဲ့ Comment မှာ ဝင်ပြီးတော့ Live ရဲ့မှာ တက်လာတဲ့ Comment တွေ ကြည့်တဲ့အခါမှာ Live ကcomment မှာ ကျွန်တော် ပြည်မမှာရှိနေတဲ့ ဗမာတွေ တော်တော်များများက သူတို့ရဲ့ ရခိုင်ပြည်သူတွေရဲ့ ခံစားချက် ရခိုင်ကျောင်းသားတွေရဲ့ ခံစားချက်ကို နားမလည်လက်မခံတဲ့ ဟို နားမလည်သဘောမကျတဲ့အပေါ် ပုံစံမျိုးရေးတာ တွေ့တယ်။

Live လွှင့်နေတဲ့ ဒီရခိုင်ကMovement မှာကျတော့ Burmese Get out ဆိုပြီးတော့ ပြောတဲ့အခါမှာလည်း ဘေးကပြည်သူတွေက လက်ခုပ်ဝိုင်းတီးကြတာမျိုးတွေ တွေ့တယ်။အမှန်ဆိုရင် ဒီနေရာမှာ Burmese Army Get outဆိုလိုရှိရင် ကျွန်တော်တို့ ဒါ Normal ပေါ့နော်။ လက်ခံလို့ရတဲ့အခြေအနေပါ။ Burmese Get out ကို ဘေးမှာရှိနေတဲ့ပြည်သူတွေက လက်ခုပ်တီးနေပြီးဆိုထဲက ဒါ ကျွန်တော်တို့ပြောတဲ့ အမုန်းတရားတစ်ဆင့်တက်လာပြီ သူတို့အမျိုးသားစိတ်ဓာတ်ပိုပြင်းထန်လာပြီ ပြီးတော့ ဒီအားလုံးမတရားမှုကို ရပ်ကြည့်နေတဲ့ ဗမာတွေ မုန်းလာပြီဆိုတဲ့ ကျွန်တော်တို့ စိုးရိမ်တဲ့အခြေအနေကို သွားတွေ့ရတယ်ပေါ့။

ဒီအပေါ်မှာထပ်ပြီး အကြမ်းဖက်ဖြိုခွင်းတာလုပ်လာတယ်။ ထပ်ပြီးတော့လည်းထောင်သွင်း အကျဉ်းချလုပ်လာတယ်ဆိုတော့ ကျွန်တော်အနေနဲ့တော့ ဒါကြီးဟာ တိုင်းပြည်ကို တကယ် လူမျိုးရေးဘာသာရေး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အဲဒါတွေအားလုံးကို ချောက်ကမ်းပါးထဲကိုထိုးချဖို့အတွက် ကြံရွယ်နေပြီလို့ ကျွန်တော်က ယူဆတယ်။ အဲဒါက အဲဒီကလက်သည် တရားခံသည် ရခိုင်မှာစစ်ဆင်ရေးသွားလုပ်နေတဲ့ ဗမာစစ်တပ်က တာဝန်ရှိသူတွေသည် ဒီဆုံးဖြတ်ချက်ကိုချပြီး စစ်ဆင်ရေး အကောင်အထည်ဖော်နေတဲ့ တာဝန်ရှိသူတွေရဲ့ လိုပဲ ကျွန်တော်တို့က ယူဆတယ်။

အဲဒီတာဝန်ရှိသူတွေက ဒီလိုမျိုးတိုင်းပြည်ချောက်ကမ်းပါးပြဿနာတက်လာလို့ရှိရင် တာဝန်ကိုယူမယ်။ လက်တစ်လုံးလို လက်နှစ်လုံးအလိုနဲ့ ဝင်လုပ်ချင်လို့များ ဒီပုံစံကို ဖန်တီးနေတာလားလို့ ကျွန်တော်တို့ သံသယရှိတယ်။ကျွန်တော်တို့ အနေနဲ့ကတော့ ပြည်မမှာနေတယ်ဆိုပေမယ့် ရခိုင်ပြည်သူတွေအပေါ်ရခိုင်ပြည်နယ်ဖော်နေတဲ့ ဒီ Violence တွေအပေါ် ကျွန်တော်တို့ အနေနဲ့ ဘာတစ်ခုကိုမှ လက်ခံမှာမဟုတ်ဘူး။ ရခိုင်ပြည်သူတွေနဲ့ အတူတူ ရပ်တည်ပြီးတော့ ကျွန်တော်တို့ လုပ်လို့ရသလောက် တောင်းဆိုရသလောက် တောင်းဆိုသွားမှာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts