All News Local News Peace

ရခိုင်စစ်ပွဲနှင့် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားသည့် ဆန္ဒပြ ဗကသ ကျောင်း သား ၉ဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉တို့ ဖြင့် ထောင်ဒဏ် ၁နှစ် ၁လစီ ချမှတ်၊ ကျောင်းသား ၂ ဦး၏ ပြစ်ဒဏ်စုစုပေါင်း ၇ နှစ် ၂ လဖြစ်လာ

ရခိုင်စစ်ပွဲနှင့် စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားသည့် ဆန္ဒပြ ဗကသ ကျောင်းသား ၉ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉တို့ ဖြင့် ထောင်ဒဏ် ၁နှစ် ၁လစီ ချမှတ်၊ ကျောင်းသား ၂ ဦး၏ ပြစ်ဒဏ်စုစုပေါင်း ၇ နှစ် ၂ လဖြစ်လာ

ရန်ကုန်၊ အောက်တိုဘာ ၂၈

မန္တလေးတွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသား ၉ဦးကို ယနေ့ အောက်တိုဘာလ ၂၈ရက်နေ့တွင် ချမ်းအေးသာဇံမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)နှင့် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် ၁နှစ် ၁လ ချမှတ်ခဲ့ကြောင်း တရားမျှတရေး နှင့် အမှန်တရားပေါ်ပေါက်ရေးကော်မတီမှ ကိုစိုးမိုးနိုင်ကပြောဆိုသည်။

“ ကျောင်းသား ၉ယောက်ပါ။ ပုဒ်မ ၅ဝ၅ (ခ)နဲ့က ထောင်ဒဏ် ၁နှစ် ပုဒ်မ ၁၉နဲ့က ထောင်ဒဏ် ၁လပေါ့။ အားလုံးပေါင်းတော့ ၁နှစ်နဲ့ ၁လပေါ့။ ကိုစိုးလှနိုင်ရယ်။ ကိုကျော်သီဟရဲကျော်ရယ်က ၇နှစ်နဲ့ ၂လပေါ့။ ကိုရဲရင့်အောင်က ၂နှစ်နဲ့ ၂လပေါ့။ ကိုဘချစ်ကတော့ အရင်က ၁၉နဲ့ အမိန့်ချပြီးသားဆိုတော့ ဒီနေ့တော့ ၅ဝ၅ (ခ)နဲ့ပဲ အမိန့်ချတယ်။ လုံခြုံရေးတွေကတော့ ခါတိုင်းကျောင်းသားတွေရုံးထုတ်တဲ့အတိုင်းပဲ လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ် ချထားတယ်။ ကျွန်တော်တို့ စိုးရိမ်တာက သူတို့ လာလာခြင်းမှာ PPE ဝတ်စုံတွေ ဝတ်ပေးတယ်ပေါ့။ ကျွန်တော်တို့ အပြင်မှာလည်း ကောလာဟလတွေကြားနေရတာက အိုးဘိုထောင်ထဲမှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်နေတယ်လို့ကြားနေရတယ်။ မိသားစုတွေကတော့ စိုးရိမ်နေကျတာပေါ့။ သူတို့ကလည်း ဒီကပြန်ရင် Quarantine ထားဦးမယ်လို့ပြောတယ်” ဟု ၎င်းကပြောဆိုသည်။

ထောင်ဒဏ် ၁နှစ် ၁လ ချမှတ်ခံရသော ကျောင်းသား ၉ဦးမှာ ကိုသုတညီညီ၊ ကိုသက်မောင်မောင်၊ ကိုညီညီမင်းထက်ဝေ၊ ကိုအောင်ခိုင်မင်း၊ ကိုလှထွန်းအောင်၊ ကိုဘချစ်၊ ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နှင့် ကိုရဲရင့်အောင်တို့ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီထံမှ သိရသည်။

“ စက်တင်ဘာ ၁ဝရက်နေ့မှာ ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆန္ဒပြပွဲမှာပါတဲ့ ကျောင်းသား ၉ဦးပေါ့။ ထောင်ဒဏ် ၁နှစ်နဲ့ ၁လ ချလိုက်တယ်။ PPE နဲ့ ပတ်သက်ပြီးတော့ကျ ကျွန်တော်တို့လည်း သေချာစကားပြောမရဘူးဆိုတော့ ကျွန်တော်တို့လည်း မသိဘူးပေါ့။ ကျွန်တော်တို့ ခန့်မှန်းရသလောက်ဆိုရင်တော့ လက်ရှိထောင်တွေမှာ ကိုဗစ်က တော်တော်ကြီးနေတာ မအူပင်နဲ့ သာယာဝတီမှာဆိုရင် ၂ခုတောင်တွေ့ထားတာဆိုတဲ့အတွက် သူတို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုတော့ ရှိဖို့တော့များပါတယ်။ ကျန်းမာရေးအခြေအနေကတော့ ကောင်းမယ်ထင်ပါတယ်။ အစားအသောက်တွေဘာတွေကျတော့ ကျွန်တော်တို့ အပြင်ကနေ ပါဆယ်တော့ ပို့လို့ရတယ်ပေါ့။ ဒါပေမယ့် လက်ရှိမှာတော့ သူတို့က နေရာထိုင်ခင်းအတွက်ကျတော့ ပုံမှန်ဆိုရင် သာမန်အမှုတွေနဲ့ ဒီဖက်ကအမှုတွဲတွေက ပေါင်းပြီးထားတာပေါ့။ အခုလက်ရှိဆိုရင် ရာဇဝတ်မှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတွေနဲ့ပါ တွဲပြီးထားနေတယ်လို့ ကျွန်တော်တို့ကြားထားတယ်။ အဲအတွက်တော့ ကျွန်တော်တို့ နည်းနည်းစိုးရိမ်ရတယ်။ အဲလိုမျိုးတွေကြားထားတာတော့ရှိတယ်။ အဓိကကတော့ ပြည်တွင်းစစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆက်လုပ်သွားဖို့နဲ့ ဖက်ဆစ်စစ်တပ်ကို ပိုပြီးတော့ ဆန့်ကျင်သွားဖို့ ရဲဘော်တွေကတော့ ဒီတိုင်းပဲ သဘောထားပေးပါတယ်” ဟု ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောဆိုသည်။

ထောင်ဒဏ် ၁နှစ် ၁လ ထပ်မံချမှတ်ခံရသောကြောင့် လက်ရှိချိန်တွင် ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်သည် ( နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်ဒဏ် ၇နှစ်၊ ပုဒ်မ၁၉ဖြင့် ထောင်ဒဏ် ၂လ) နှင့် ကိုရဲရင့်အောင်သည် (နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်ဒဏ် ၂နှစ်၊ ပုဒ်မ၁၉ဖြင့် ထောင်ဒဏ် ၂လ) တို့ အသီးသီးချမှတ်ခံထားရကြောင်း ဗကသများအဖွဲ့ချုပ်ထံမှသိရသည်။

Photo Credit – ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts