All News Local News Peace

ရခိုင်စစ်ပွဲနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြ ဗကသ ကျောင်းသား ၂ ဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ် ၁နှစ်ထပ်ချ၊ စုစုပေါင်းပြစ်ဒဏ်ထောင် ၆ နှစ်ဖြစ်လာ

ရခိုင်စစ်ပွဲနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြ ဗကသ ကျောင်းသား ၂ ဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ် ၁နှစ်ထပ်ချ၊ စုစုပေါင်းပြစ်ဒဏ်ထောင် ၆ နှစ်ဖြစ်လာ

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရခိုင်စစ်ပွဲနှင့် စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှ ကျောင်းသား ၂ဦးကို အမရပူရမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က)(ခ)ဖြင့် ထောင်ဒဏ် ၁နှစ် ယနေ့ထပ်မံ ချမှတ်လိုက်ကြောင်း သိရှိရသည်။

မူလက မန္တလေးတိုင်းရှိ အခြားမြို့နယ်တရားရုံးများကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဗကသကျောင်းသား ၂ ဦးဖြစ်သည့် ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့ကို ထောင်ဒဏ် ၅ နှစ် အသီးသီးချမှတ်ထားပြီးဖြစ်ရာ ယနေ့ အမရပူရမြို့နယ်တရားရုံး၏ ပြစ်ဒဏ်ထောင် ၁ နှစ်ပါ ထပ်မံ စုပေါင်းပါက စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကျခံနေရပြီဖြစ်ကြောင်း သိရှိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက “ ဒီနေ့ အမရပူရမြို့နယ် တရားရုံးကနေ ၅ဝ၅ (က)နဲ့ တစ်နှစ် (ခ) နဲ့တစ်နှစ် စုစုပေါင်းတစ်ပေါင်းတည်း ကျခံစေဆိုတော့ တစ်ယောက်ကို ထောင်ဒဏ် ၁နှစ်စီ ချမှတ်လိုက်တယ်ပေါ့။ လက်ရှိအချိန်မှာတော့ သူတို့ နှစ်ယောက်က စုစုပေါင်း ထောင်(၆)နှစ် ချမှတ်ခံရတာပေါ့” ဟု ပြောဆိုသည်။
ဗကသကျောင်းသားများ ထောင်ဒဏ်များ ချမှတ်ခံနေရသော်လည်း ရခိုင်စစ်ပွဲဆန့်ကျင်ရေးနှင့် စစ်တပ်ဆန့်ကျင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ ဒီပြည်တွင်းစစ်ကြောင့် အကျိုးစီးပွားရနေတဲ့ သူတွေကတော့ ပြည်တွင်းစစ်ကို ဆန့်ကျင်တဲ့ သူတွေကို ဆက်ပြီးတော့ ဖိနှိပ်သွားမယ်လို့မြင်ပါတယ်။ ဒီပြည်တွင်းစစ်ကြောင့် အကျိုးစီးပွားရနေတာဖြစ်လို့ပါ” ဟု ကိုအောင်ပြည့်စုံဖြိုးကပြောဆိုသည်။

ဗကသကျောင်းသား ၂ ဦး ၏ တရားရုံးထုတ်တွင် မိသားစုနှင့် တွေ့ခွင့်မပေးခြင်း၊ ပါဆယ်ပစ္စည်းပေးခွင့်မပြုခြင်း၊ ရဲအင်အားအလုံးအရင်းဖြင့် တရားရုံးနှင့် တရားခွင့်ကို ပိတ်ဆို့ထားခြင်းနှင့် တရားရုံးတွင် မေးမြန်းစုံစမ်းခွင့်မပေးခြင်းတို့ဖြင့် မတရားဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဗကသများအဖွဲ့ချုပ်ကထုတ်ပြန်ထားသည်။

လက်ရှိချိန်တွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်သည့် ကျောင်းသားများကို ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်း၊ စု၊ စီ ပုဒ်မ၊ သဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အစိုးရက ဆက်တိုက်အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts