All News Local News Peace

ရခိုင်စစ်ပွဲနှင့်စစ်တပ်ဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခံထားရသော ဆန္ဒပြကျောင်း သားများ ကိုဗစ်ကပ်ဘေးအကြောင်းပြ ကန့်သတ်မှုများစွာ ခံနေရ၊

ရခိုင်စစ်ပွဲနှင့်စစ်တပ်ဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခံထားရသော ဆန္ဒပြကျောင်း သားများ ကိုဗစ်ကပ်ဘေးအကြောင်းပြ ကန့်သတ်မှုများစွာ ခံနေရ၊ ရခိုင်ပေါက်တောမြို့နယ်တွင် စစ်တပ်ဆန့်ကျင်ရေး ကမ်းပိန်း ဆက်လုပ်

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်စစ်ပွဲနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံတရားစွဲဆိုခံထားရသော ဆန္ဒပြကျောင်းသားများ ကိုဗစ်ရောဂါအကြောင်းပြချက်များဖြင့် ထောင်ဝင်စာတွေ့ခွင့်မရှိခြင်း၊ ပါဆယ် များ ပို့၍ မရနိုင်ခြင်း၊ တရားရုံးထုတ်များတွင် အများပြည်သူ တက်ရောက်ကြားနာခွင့်မရရှိခြင်း စသည့် ကန့်သတ်မှုများစွာ ကြုံနေရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့နှင့်အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည်တွင်းစစ်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့်ဖမ်းဆီးခံထားရသော ကိုထက်အောင်(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒုဥက္ကဌ ၂) ၊ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ဒုဥက္ကဌ) တို့ကို ပေါင်းတည်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး အဖမ်းဆီးခံကျောင်းသားများနှင့်တွေ့ဆုံခွင့်၊ သတင်းရယူခွင့် မရရှိကြောင်း၊ ရုံးထုတ်စဉ် ကျောင်းသားများကို PPE ဝတ်စုံများဖြင့် ရုံးထုတ်ခဲ့ ကြောင်း သိရှိရသည်။

“အခုက ကိုဗစ်အကြောင်းပြပြီး ကန့်သတ်ခံရတာတွေရှိတယ်။ မိသားစုနဲ့ တွေ့ခွင့်မရတာ၊ ရုံးချိန်းတွေမှာ ဘယ်သူကိုမှ ဝင်ခွင့်မပေးတာတွေ ဖြစ်နေတယ်။ ကိုဗစ်ကြောင့် ဒီလိုလုပ်တယ်လို့ ပြောပါတယ်။ မန္တလေး ဗကသ ကျောင်းသားတွေဆီကိုလည်း ပါဆယ်တွေ ပို့လို့ ရောက်လား၊ မရောက် လား ကျနော်တို့ မသိဘူး။ အဲဒီလို အခြေအနေတွေ ဖြစ်နေပါတယ်” ဟု ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။

အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံထားရသော ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုဦးသန်းနိုင်(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ကိုမြတ်စိုးဝင်း(ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်-တွဲဖက်အတွင်းရေးမှူး)၊ကိုကျော်နိုင်ဌေး(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ) နှင့်ကိုကောင်းထွန်း(ရခိုင်ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များရန်ကုန် အဖွဲ့ဝင်)တို့မှာလည်း မိသားစုနှင့် တွေ့ခွင့်မရကြောင်း သိရှိရသည်။

“မိသားစုနဲ့တော့ တွေ့ခွင့်မရဘူး။ ရှေ့နေနဲ့တော့ တွေ့ခွင့်ရတယ်။ သူတို့ ၄ ဦးကို ထောင်ထဲမှာ အတူတူထားတယ်လို့ သိရပါတယ်။ ကျန်းမာရေးလည်းကောင်းတယ်” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင်လည်း အောက်တိုဘာလ ၂၆ ရက်နေ့က စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ကြွေးကြော်သံများကို ထောက်ခံသော ပြည်သူနှင့်ကျောင်းသားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

” ကျနော်တို့ကို ထောက်ခံတဲ့ ပြည်သူတွေက လုပ်နေတဲ့ ကမ်ပိန်းတွေပါ။ ကျနော်တို့ကတော့ နှိုးဆော်ထားတာပေါ့။ ဒီလို ကမ်ပိန်းတွေလုပ်ကြဖို့။ ကျောင်းသားသမဂ္ဂရဲ့ ကြွေးကြော်သံတွေကို သူတို့တွေ ကပ်ကြတာပါ” ဟု ကိုခိုင်စိုးလင်းက ပြောဆိုသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း စစ်ဆန့်ကျင်ရေးနှင့် ရခိုင်စစ်ပွဲ ရပ်တန့်ရေး ဆန္ဒပြကျောင်းသားများကို အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် ဆက်တိုက်ဆိုသလို ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လျက်ရှိပြီး ကျောင်းသား ၃၀ ထက်မနည်းမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဗကသ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts