All News Local News Peace

ရခိုင်စစ်ပွဲဆန့်ကျင်ရေး မန္တလေးဗကသ ကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည် ညိုပျက်စေမှုဖြင့် ထောင် ၁နှစ် ထပ်ချ

ရခိုင်စစ်ပွဲဆန့်ကျင်ရေး မန္တလေးဗကသ ကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင် ၁နှစ် ထပ်ချ

ရန်ကုန်၊ အောက်တိုဘာ ၇

မန္တလေးတွင် စစ်ဆန့်ကျင်ရေး လှုပ်ရှားခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသား ၂ဦးကို အောက်တိုဘာလ ၆ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က)၊ (ခ) ဖြင့် ထောင်ဒဏ် ၁နှစ် ထပ်မံချမှတ်ခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုး ကပြောဆိုသည်။

“ မနေ့က အမိန့်ချလိုက်တယ်။ အောင်မြေသာစံမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) နဲ့ပေါ့။ ထောင်ဒဏ် ၁နှစ်ပေါ့။ ချမှတ်လိုက်တယ်။ ရှေ့မှာကလည်း မဟာအောင်မြေ မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) နဲ့ပဲ သူတို့ ၂ဦးကို ထောင်ဒဏ် ၂နှစ်ချမှတ်ထားသေးတယ်ဆိုတော့ စုစုပေါင်း ၃နှစ်ပေါ့” ဟု ၎င်းကပြောဆိုသည်။

ထောင်ဒဏ် ၃နှစ်ချမှတ်ခံထားရသော ကျောင်းသား ၂ဦးမှာ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့မှ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော် နှင့် သက်မွေးပညာရပ်ဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်တို့ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရှိရသည်။

လက်ရှိချိန်တွင် ဗကသအဖွဲ့ချုပ် ကျောင်းသားများအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုပြုလုပ်နေသော်လည်း ကျောင်းသားများဦးဆောင်သည့် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ကိုအောင်ပြည့်စုံဖြိုး ကပြောဆိုသည်။

“ ကျွန်တော်တို့က ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေက တစ်ပိုင်းပေါ့။ ကျွန်တော်တို့ အပြင်ကလူတွေကတော့ နဂိုလုပ်ငန်းစဉ်အတိုင်းပဲ ဆက်သွားမှာပါ” ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဗကသကျောင်းသားများမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) (ခ)ဖြင့် ကိုသန်းတိုးအောင် (မိတ္ထီလာတက္က သိုလ် ကျောင်းသားများသမဂ္ဂ)၊ ကိုဆန်းလင်းကို (မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ကိုလင်းသူရကို (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ)တို့ဖြစ်သည်။

အလားတူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ကိုအောင်သူဟိန်း (မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုထက်အောင် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကိုလည်းကောင်း၊ ငြိမ်း စု စီ ပုဒ်မ (၁၉)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ဖြင့် ကိုရဲရင့်အောင် (ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)တို့ကိုလည်းကောင်း တရားစွဲဆိုထားသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) (ခ)၊ ငြိမ်း စု စီ ပုဒ်မ (၁၉)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ ပုဒ်မအားလုံးဖြင့် အရေးယူခံထားရသူများမှာ ကိုစိုးလှနိုင် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုကျော်သီဟရဲကျော် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့) တို့ ဖြစ်သည်။

ထို့ပြင် ငြိမ်း၊ စု၊ စီ ပုဒ်မ (၁၉)ဖြင့် ကိုမျိုးချစ်ဇော် (ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုညီညီ မင်းထက်ဝေ (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုသက်မောင်မောင် (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုအောင်ခိုင်မင်း (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုလှထွန်းအောင် (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုသုတညီညီ (မန္တလေးသမဝါယမကောလိပ်ကျောင်းသားများ သမဂ္ဂ) တို့ကို အရေးယူထားကြောင်း သိရှိရသည်။

ဖမ်းဆီးခံကျောင်းသားများသည် လက်ရှိချိန်တွင် အမှုဆက်တိုက်ရင်ဆိုင်နေရပြီး လာမည့် အောက်တိုဘာလ ၉ရက်နေ့တွင်လည်း ချမ်းအေးသာဇံမြို့နယ် တရားရုံးတွင် ထောင်ဒဏ်ချမှတ်ခံထားရသော ကျောင်းသား၂ဦးအပါအဝင် ကျောင်းသား၉ဦး အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts