All News Local News Peace

မြောက်ဦးတွင် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မြောက်ဦးတွင် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက်အတွင်း ယနေ့ ညနေ ၄နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောဆိုသည်။

“ ထမ္မရာဇ်ရပ်ကွက်မှာ လက်နက်ကြီးကျည်ကျပြီးတော့ ကလေးတစ်ယောက်သေတယ်။ လူကြီး နှစ်ယောက်က ဒဏ်ရာရတယ်။ အခုဆေးရုံမှာ ညနေ ၄နာရီကျော်လောက်က သေဆုံးသွားတဲ့သူအမည်တော့ ကျွန်တော်လည်းမသိရသေးဘူး။ ဆေးရုံကနေ သိရတာပါ။ ဘယ်ကပစ်တယ်ဆိုတာလည်း သေချာမသိဘူး ” ၎င်းကပြောဆိုသည်။

အဆိုပါ သေဆုံးသူ အသက် ၆ နှစ်အရွယ် ကလေးငယ် အမည်မှာ မောင်မျိုးအောင်ဌေးဖြစ်ပြီး ဒဏ်ရာအခြေအနေစိုးရိမ်ရသည့် ၎င်းအဖေအမည်မှာ ဦးကျင်မြင့် အသက် ၅ဝကျော်အရွယ်နှင့် နောက်ထပ် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးအမည်ကို မသိရှိရသေးကြောင်း အဆိုပါ လက်နက်ကြီးကျည် ကျရောက်ရာနေကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့သည့် မြောက်ဦးမြို့ ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

“ ဟုတ်တယ်။ လက်နက်ကြီး တစ်လုံးကျတယ်။ ထမ္မရာဇ်ရပ်ကွက်ကို ကလေးလေးတစ်ယောက်သေသွားတယ်။ အသက်က ၈နှစ်လို့ပြောတယ်။ ပွဲချင်းပြီးသေသွားတာ ကလေးလေးက ကိုယ်ခန္ဓာတစ်ခုလုံးကို ထိတယ်။ ခြေထောက်တွေလည်း တစ်စစီဖြစ်သွားတယ်။ သူ့အဖေလည်း ထိသွားတယ်။ ဆေးရုံမှာရှိတယ်။ မြောက်ဦးဆေးရုံမှာ နောက်တစ်ယောက်ကလည်း မြောက်ဦးဆေးရုံမှာရှိတယ်။ သူကတော့ အိမ်ဘေးနားကပေါ့။ ခြံထဲကိုကျတာဆိုတော့ နောက်တစ်ယောက် ခြံဘေးကဆိုတော့ ထိသွားတာ ကလေးလေးနဲ့ သူ့အဖေကတော့ ခြံဝန်းထဲမှာပေါ့။ သေဆုံးသွားတဲ့ ကလေးလေး အဖေကလည်း ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်။ သူ့အဖေကတော့ လည်ပင်းနဲ့ ခြေထောက်ကိုထိသွားတယ်။ အိမ်ဘေးက အမျိုးသမီးက ဘယ်နားမှာ ထိသွားလည်းတော့ ကျွန်တော်လည်း သေချာမတွေ့လိုက်ရဘူး။ သူက ဒဏ်ရာအခြေအနေမစိုးရိမ်ရဘူး။ သူတို့ နှစ်ဦးကို မြောက်ဦးဆေးရုံမှာ တင်ထားတယ်။ လက်နက်ကြီးကျတဲ့နေရာက မြောက်ဦးမြို့ထဲက ရပ်ကွက်တစ်ခုပဲ ဘယ်က ပစ်မှန်း ကျွန်တော်တို့လည်း မသိဘူး ” ဟု လက်နက်ကြီးကျည် ကျရောက်ခဲ့သော နေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့သည့် မြောက်ဦးမြို့ ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA ကြား အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုသို့ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို မသိရှိရသော လက်နက်ကြီးကျည်များ လူနေရပ်ကွက် ကျေးရွာများအတွင်းသို့ ကျရောက်ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများကပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts