All News China Watch Features Peace

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ ကာစီနို နယ်မြေများတွင် အခြေစိုက်နေသည့် တရုတ်ဒုစရိုက်ကွန်ရက်များ၏ လောင်းကစား ဒစ်ဂျစ်တယ်ငွေကြေးနှင့် လျှို့ဝှက်စနစ် ငွေပေးချေမှုများ

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ ကာစီနို နယ်မြေများတွင် အခြေစိုက်နေသည့် တရုတ်ဒုစရိုက်ကွန်ရက်များ၏ လောင်းကစား ဒစ်ဂျစ်တယ်ငွေကြေးနှင့် လျှို့ဝှက်စနစ် ငွေပေးချေမှုများ

By Jason Tower နှင့် Priscilla A. Clapp

ကရင်ပြည်နယ် လောင်းကစား မြို့တော်များရှိ တရားမဝင် လုပ်ငန်းများသည် Blockchain နည်းပညာ၊ ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) နှင့် လျှို့ဝှက်စနစ်သုံး ငွေပေးချေမှု အက်ပလီကေးရှင်း အသုံးပြုခြင်း အားဖြင့် လုပ်ငန်း တိုးချဲ့နေလျက် ရှိပါသည်။

ထိုင်းနိုင်ငံနယ်စပ်၊ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်အုပ်စုများ အကောင် အထည်ဖော်ရန် ကြံစည်နေသည့် စီမံကိန်းများ အကြောင်းကို နားလည်ရန် ခက်ခဲနိုင်ပါသည်။ ထိုသို့ နားလည်နိုင်ရန် လိုအပ်သည့် အချက်အလက်များမှာလည်း တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင်ငံများ အနှံ့ အပိုင်းပိုင်းပြန့်ကျဲ လျက်ရှိသည်။

အင်တာနက်ပေါ်ရှိ ဘာသာစကား အမျိုးမျိုးအသုံးပြုထားသည့် ကြော်ငြာ ဗီဒီယိုများ၊ လူမှုကွန်ရက်ပေါ်တွင် ဖြန့်ချိထားသည့် လုပ်ငန်းစီမံချက်များ၊ ကုမ္ပဏီများက ထုတ်ပြန်ထားသည့် မူဝါဒကြေငြာချက်များနှင့် တစ်သီး ပုဂ္ဂလအလိုက် ရှုပ်ထွေးသောပုံစံဖြင့် ကြော်ငြာများ ပြန့်နှံ့လျက်ရှိသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။

သို့ရာတွင် ရှုပ်ထွေးလှသော အကြောင်းအရာများကိုလျစ်လျူရှုထားပြီး၊ အဖြေရှာရန်ခက်ခဲသော နိုင်ငံတွင်းနှင့် နိုင်ငံတကာ နိုင်ငံရေး အခြေအနေများနှင့် အပိုင်းပိုင်းအစစဖြစ်နေသော အချက် အလက်များကို ဆက်စပ်ကြည့်ပါက ၎င်းတို့၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်မည် ဖြစ်သည်။

၎င်းတို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ နိုင်ငံတွင်း လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ပြီး၊ အရပ်သားအစိုးရ လက်လှမ်းမမီသည့်ဒေသ၌၊ နယ်စပ် ဖြတ်ကျော် မှုခင်းများနှင့် ချိတ်ဆက်မှုရှိသော နိုင်ငံစုံ လူပုဂ္ဂိုလ်များ စုဖွဲ့၍ လုပ်ငန်းအခြေစိုက် နေရာတစ်ခု တည်ထောင်နိုင်ရန် ဖြစ်သည်။

ယင်းအစီအစဉ်အားဖြင့် တရုတ်နိုင်ငံရှိ တစ်နှစ်လျှင် ၂၅ ဘီလီယံ ဒေါ်လာ တန်ဖိုးရှိသော တရားမဝင် အွန်လိုင်း လောင်းကစား ဈေးကွက်ဖြင့် ချိတ်ဆက်နိုင်မည့် အကောင်းဆုံးဝန်းကျင် တစ်ခုကို ဖန်တီးနိုင်ရန်ဖြစ်သည်။

ယင်းနယ်စပ်ဒေသများ၌ ယခင်က လယ်ယာမြေ သို့မဟုတ် တောတောင် သက်သက်သာ ရှိသော်လည်း၊ ယခုတွင် မူ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းများ လုပ်ဆောင်ရန်၊ ငွေကြေးခဝါချရန် နှင့် အခြားသော တရားမဝင် လုပ်ငန်းများ လုပ်ဆောင်နိုင်မည့် နေရာအဖြစ် နယ်စပ်ဖြတ်ကျော် တရုတ် ရာဇဝတ်ကွန်ရက်များက မြို့သစ်များ တည်ဆောက်လာခဲ့ ကြပါသည်။

မြန်မာ့ပဋိပက္ခဒဏ်ခံ ကရင်ပြည်နယ်ရှိ လောင်းကစားနယ်မြေပေါ်တွင် ရှုပ်ထွေးလှသောမံကိန်းများဖြစ်သည့် မြေယာ၊ လမ်းများ၊ ကာစီနို များ နှင့် အိမ်ရာဆောက်လုပ်ရေးများကို ပြောင် ပြောင်တင်းတင်း လုပ်ဆောင်နေသည်။ သို့သော် စီမံကိန်းများတွင် ယင်းကဲ့သို့ အမာခံ အဆောက်အအုံများ (hardware) သက်သက်သာ ပါဝင်နေခြင်း မဟုတ်ပါ။

ယင်းစီမံကိန်းတွင် အမာခံ အဆောက်အအုံ ကဲ့သို့ပင် အရေးကြီးသော ကိစ္စရပ်မှာ တရုတ်ပြည် ဈေးကွက်ဖြင့် ချိတ်ဆက်နိုင်မည့် ဆော့ဖ်ဝဲ နည်းပညာ အစီအစဉ်များ ပါဝင်နေခြင်း ဖြစ်သည်။ Blockchain နည်းပညာ၊ ဒစ်ဂျစ်တယ်ငွေကြေး နှင့် လျှို့ဝှက်စနစ်သုံး ငွေကြေးလွှဲပြောင်းမှု အက်ပလီကေးရှင်းများကို အသုံးပြု ခြင်းအားဖြင့် မြန်မာ့ကာစီနို မြို့တော်ကို ကြီးကြပ်သူများသည် ဒေသတွင်း နိုင်ငံအနှံ့ရှိ ဘဏ်အကောင့်များမှ ငွေကြေးများကို ခဝါချလာ နိုင်ပါလိမ့်မည်။

ယခင်က တရုတ်အာဏာပိုင် များသည် ပြည်ပရှိ လောင်းကစား လုပ်ငန်း များကို တိုက်ဖျက်ရာတွင် ရိုးရှင်းသော နည်းအဖြစ် ငွေကြေးလမ်းကြောင်းကို ခြေရာခံကာ တရုတ်နိုင်ငံမှ အွန်လိုင်း ကာစီနိုများသို့ ငွေကြေးလွှဲပြောင်းမှု လုပ်ဆောင်နေသော ဘဏ်အကောင့်များကို ပိတ်ပစ်ခြင်းမျိုး လုပ်ဆောင်ခဲ့ ပါသည်။ ကရင်ပြည်နယ် ကာစီနိုမြို့ရှိ အစီအမံများကမူ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ခြေရာမခံမိစေရန် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

Blockchain နည်းပညာဇုန်

ကရင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြုပ်နှံသူများ အနက် ပထမဦးဆုံး ဖြစ်သည့် ရထိုက် နိုင်ငံတကာ ဦးပိုင်လုပ်ငန်းစု (Yatai IHG) သည် ၎င်း၏ စီမံကိန်းအား “စမတ်မြို့တော်” စီမံကိန်း အဖြစ် ကြေငြာခဲ့ပါသည်။ ၎င်းမြို့တော်တွင် လူဦးရေ သန်းဝက်ခန့် နေထိုင်နိုင်မည့် အိမ်ရာများ၊ ကာစီနိုများ၊ အပန်းဖြေစင်တာများ၊ နိုင်ငံတကာ လေဆိပ် တို့နှင့် ထိုင်းနယ်စပ်ရှိ ကြီးမားသော “Blockchain နည်းပညာ အထူးပြု စီးပွားရေးဇုံ” တစ်ခု ပါဝင်ပါသည်။

Yatai IHG နှင့် ၎င်း၏ စီးပွားဖက်များက ဖြန့်ချိသော အွန်လိုင်းကြော်ငြာ များအရ “စမတ်မြို့တော်” ဆိုသည်မှာ ဥပဒေ စိုးမိုးရေး လုပ်ဆောင်ချက်များနှင့် ဥပဒေ စည်းကြပ်မှုများကို ကျော်လွှားနိုင်မည့် ဒီဂျစ်တယ်ဇုံ တစ်ခုဖြစ်ပါသည်။ ယင်းအွန်လိုင်းကြော်ငြာ အချက်အလက်များကို ဂရုတစိုက် စိစစ်လေ့လာကြည့်လျှင် ကုမ္ပဏီ တစ်ခုတည်းဖြင့် လုံခြုံရေး၊ ပြည်သူ့ဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုများ နှင့် မြေပိုင်ဆိုင်မှု စီမံခန့်ခွဲရေး စသည်တို့ကို စီမံ လုပ်ဆောင်နိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေတစ်ခုအား တည်ထောင်နေရန် Yatai IHG က ရည်မှန်းနေကြောင်း တွေ့ရှိနိုင်မည် ဖြစ်သည်။

မိုဘိုင်း ငွေလဲလှယ်မှု နှင့် ငွေပေးချေမှု အက်ပလီကေးရှင်း အသစ် တို့အား မိတ်ဆက်ပေးခြင်းနှင့်အတူ အဆိုပါမြို့တော်ပိုင် blockchain လယ်ဂျာစနစ်ကို အသုံးပြုခြင်းဖြင့် မြန်မာ နိုင်ငံ၏ ငွေကြေး၊ မြေစာရင်း အာဏာပိုင် အဖွဲ့အစည်းများ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အား မြို့တော်သစ်ဇုံ နှင့် အကျုံးဝင်ခြင်း မရှိစေရန် Yatai IHG က လုပ်ဆောင်ခဲ့ပါသည်။

ကရင်နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အကြီးအကဲ ဗိုလ်မှုးကြီးချစ်သူဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ရထိုက်မြို့တော်သစ် ဟု အမည်တွင်သည့် ယင်းစီမံကိန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။ Yatai IHG က ၎င်းတို့သည် ဘန်ကောက်မြို့တွင် ရုံးချုပ်ရှိပြီး ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဟု ကြေငြာထား ပါသည်။

၂၀၁၇ ခုနှစ်၌ ကမ္ဘောဒီးယား နိုင်ငံသား အဖြစ် ခံယူထားပြီး အခြား အမည်ဝှက် များစွာရှိသည့် တရုတ် စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ She Zhijiang က Yatai IHG ကုမ္ပဏီကို ဦးဆောင်ပါသည်။ ယခင်က ရွှေကုက္ကိုလ်ဟု ခေါ်တွင်သည့် ရွာနယ်မြေဖြစ်ပြီး၊ မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ် တစ်လျှောက် စုစုပေါင်း မြေဧရိယာ ၁၂၀ စတုရန်း ကီလိုမီတာ (၄၆.၃ စတုရန်းမိုင်) ကို စီမံကိန်း အတွက် ရယူထားသည်ဟု Yatai IHG က ထုတ်ဖော်ပြောဆိုထား ပါသည်။

၎င်းတို့ ထုတ်ပြန် ကြေငြာသော ရည်မှန်းချက် အရ စီမံကိန်းသည် ‘တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) ကို ပံ့ပိုးရန်’ နှင့် ‘အရှေ့-အနောက်’ စီပွားရေးစင်္ကြံ (East-West Economic Corridor) တည်ဆောက်မည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရ တို့၏ စီမံကိန်းများကို ပံ့ပိုးပေးရန် ရည်ရွယ်ထား ကြောင်းပါရှိသည်။

ငွေကြေးဆိုင်ရာ အဆောက်အအုံ

အမှန်တကယ်တွင်မူ Yatai ကုမ္ပဏီ၏ စီမံကိန်း များသည် အထက်ပါ မဟာစီးပွားရေး အစီအစဉ်များနှင့် ဆက်စပ် ပတ်သက်နေခြင်း လုံးဝမရှိပါ။ စီးပွားရေး စင်္ကြံဖြင့် ချိတ်ဆက်နေသော အထူး စီးပွားရေးဇုံ ဟု ၎င်းတို့က အမည် ပေးထားသော်လည်း ရွှေကုက္ကိုလ်ရှိ ၂၅ ဒသမ ၅ ဧက ကျယ်ဝန်းသော မြေပေါ်တွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း တန်ဖိုးရှိ ဇိမ်ခံအိမ်ရာ တည်ဆောက်ရေး အတွက်သာ မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုထားခြင်း ဖြစ်သည်။

ယင်းခွင့်ပြုချက်အတိုင်း ဆောက်လုပ်ခြင်းမရှိဘဲ မြန်မာ့တပ်မတော်၏ အမိန့်ကို နာခံရသည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ အကာအကွယ်ကို ယူ၍ Yatai IHG သည် လွန်ခဲ့သော သုံးနှစ်မှစကာ “နည်းပညာ” နှင့် “ဖျော်ဖြေရေး” ကုမ္ပဏီများ ဝင်ရောက် အခြေချနိုင်မည့် တရားမဝင် အဆောက်အဦး များစွာကို ကရင်ပြည်နယ်အတွင်း လျှို့ဝှက်စွာ ဆောက်လုပ်ထားပြီးဖြစ်သည်။

ထို့ထက် ပိုဆိုးသည်မှာ Yatai IHG နှင့် ၎င်း၏ မိတ်ဖက် စင်္ကာပူ အခြေစိုက် ကုမ္ပဏီ ဖြစ်သော Building Cities Beyond Blockchain (BCB) တို့သည် ကာစီနို လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ ဖောက်သည်များ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်မည့် ၎င်းတို့၏ တရားမဝင် လုပ်ငန်းများအတွင်းသို့ ငွေကြေး ပမာဏများစွာ ထည့်ဝင်နိုင်ရန် အွန်လိုင်း ငွေကြေး အဆောက်အအုံများကိုပါ အလျင်အမြန်ပင် မိတ်ဆက်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် အစပိုင်းတွင် အဆောက်အဦများ ဆောက်လုပ်ရန် နှင့် အလုပ်လုပ်ရန် ရွှေကုက္ကိုလ်သို့ တရုတ်အလုပ်သမား ထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့သောကြောင့် ဒေသရှိ အရပ်ဘက် အဖွဲ့အစည်းများ နှင့် မီဒီယာ များကလည်း ယင်းစီမံကိန်းများ အပေါ် အာရုံစိုက်လာခဲ့ပါသည်။

ဒေသတွင်းရှိ ပြည်သူများကလည်း တရုတ်အလုပ်သမားများစွာ ကရင်ပြည်နယ်သို့ ရောက်ရှိ လာရခြင်းနှင့် ဝေးလံခေါင်ပါးသည့် နေရာသို့ နည်းပညာနှင့် ဖျော်ဖြေရေး ကုမ္ပဏီများ ရောက်ရှိလာရခြင်း အပေါ် မေးခွန်းစတင် ထုတ်လာခဲ့ကြသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ တွင် အခြားသော ကုမ္ပဏီနှစ်ခု (ထိုင်းနိုင်ငံ မှ ကုမ္ပဏီတစ်ခု နှင့် မလေးရှားနိုင်ငံ မှ ကုမ္ပဏီတစ်ခု) သည်လည်း Yatai ၏ ခြေရာအတိုင်း ကရင်လက်နက်ကိုင် အဖွဲ့များနှင့် မိတ်ဖက်၍ ၎င်းတို့၏ ကိုယ်ပိုင်မြို့သစ် စီမံကိန်းများကို စတင်လာခဲ့ပါသည်။ စီမံကိန်းများ၏ အမွှမ်းတင် ကြော်ငြာစာ များအရ ၎င်းတို့သည်လည်း ရထိုက်မြို့သစ် ကဲ့သို့ပင် “စမတ်မြို့တော်များ” တည်ဆောက်ကြမည် ဖြစ်ပြီး၊ စီမံကိန်းတစ်ခုဆိုလျှင် ၎င်း၏ ကိုယ်ပိုင်အွန်လိုင်းငွေကြေး အဆောက်အအုံပင် ဖန်တီးပြီးနေပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းစီမံကိန်း သုံးခုလုံးကို ပေါင်း ကြည့်ပါက အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၁၆၀ အထိ ရှိနိုင်သောကြောင့် ဒေသတွင်း အရပ်ဘက် အဖွဲ့ အစည်းများနှင့် မီဒီယာများသည်လည်း ပိုမို၍ အာရုံစိုက် စိစစ်လေ့လာ ခဲ့ကြပါသည်။ ယင်းသို့ဖြင့် ၎င်းမြို့သစ်များ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ လောင်းကစား လုပ်ငန်းအတွက်ပင် ဖြစ်ကြောင်း သိရှိလာပါတော့သည်။

တရုတ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ

စီမံကိန်းများ နောက်ကွယ်ရှိ စီးပွားရေး ကွန်ရက် ချိတ်ဆက်မှုများအပေါ် ထပ်မံ၍ စိစစ်လေ့လာကြည့်သောအခါ ၎င်းတို့အားလုံးသည် ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင် နိုင်ငံများရှိ အွန်လိုင်းနှင့် ကိုယ်တိုင်ကိုယ်ကျ လောင်းကစား နိုင်သော ကာစီနို လုပ်ငန်းများဖြင့် ထဲထဲဝင်ဝင် ဆက်စပ်လျက် ရှိကြောင်း တွေ့ရှိရပါသည်။ တရုတ် ဥပဒေစိုးမိုးရေး အရာရှိများက ယင်းနိုင်ငံများရှိ ကာစီနိုလုပ်ငန်း များကို ပစ်မှတ်ထားကာ အွန်လိုင်း လောင်းကစား လုပ်ငန်း တိုက်ဖျက်ရန် လုပ်ဆောင်လျက် ရှိပါသည်။

တရုတ်နိုင်ငံ ဥပဒေအရ တရုတ်နိုင်ငံသားများ နိုင်ငံရပ်ခြားတွင် အွန်လိုင်း ကာစီနို လုပ်ငန်းများ လုပ်ဆောင်ခြင်း (ယင်းကာစီနိုမှာ နိုင်ငံရပ်ခြားတွင် တရားဝင်မှတ်ပုံတင် နှင့် လိုင်စင် ရရှိထားသည့်တိုင်) သို့မဟုတ် တရုတ်နိုင်ငံတွင်း အွန်လိုင်း ကာစီနိုလုပ်ငန်း လုပ်ဆောင်ခြင်းမှာ တရားဝင်ခြင်း မရှိပေ။ တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များက ပြည်ပတရုတ်များအဖြစ် အမည်ခံ၍ ယခုကဲ့သို့ ကာစီနို တည်ထောင်ခြင်း များမှာ တရုတ်နိုင်ငံရှိ ဖောက်သည်များကို ပစ်မှတ်နေထားခြင်းလည်း ဖြစ်ပါသည်။

ယခု စီမံကိန်းများကို တည်ထောင်သူများတွင် တရုတ်နိုင်ငံသားများ မပါဝင်သလို၊ စီမံကိန်းများ၏ တည်နေရာသည် တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့် အတွင်း မရှိဟု ပြောဆိုမှုများ အားလုံးသည် မှားယွင်းပါသည်။ Yatai IHG ၏ အမှုဆောင် ညွှန်ကြားရေးမှုး ဖြစ်သူ Ma Dongli ၏ ဇာတိမှာ တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ဖြစ်ပြီး ယင်း အကြောင်းကို တရုတ်နိုင်ငံပိုင် CCTV ရုပ်သံတွင်လည်း ဖော်ပြခဲ့ပါသည်။

၎င်းသည် ရထိုက်မြို့သစ်၊ Yatai Smart Development Technology and Trade Co, Ltd. (亚太智慧发展(北京)科贸有限公司) တို့ကို တည်ထောင်ထားသည့် ဘေဂျင်း အခြေစိုက် Yatai ကုမ္ပဏီတွင်လည်း ရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်ပါသည်။

ယင်းစီမံကိန်းများကို လက်ရှိတွင် မြန်မာနိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးလျက် ရှိသလို၊ နှစ်နိုင်ငံ အကြီးတန်း အရာရှိများ၏ တရားဝင် ဆွေးနွေးမှုများတွင်လည်း ပါဝင်နေလျက် ရှိပါသည်။

ဤသို့ဆောင်ရွက်ခြင်းမှာ ကရင်ပြည်နယ်တွင်းမှ ယင်းရာဇဝတ် လုပ်ငန်းများကို ဖယ်ရှား နိုင်ရန် အတွက် တိုးတက်မှုလက္ခဏများပင် ဖြစ်ပါသည်။ သို့ပါသော်လည်း စီမံကိန်းများကို ရှုပ်ထွေးပြီး နားလည်ရ ခက်ခဲစေရန် လုပ်ဆောင်ထားခြင်း၊ စီမံကိန်းများသည် ပြည်သူ့စစ်အဖွဲ့များ၏ ထိန်းချုပ်မှုနယ်မြေတွင် တည်ရှိနေ ခြင်း၊ တရားမဝင် လုပ်ငန်းများကို ဖုံးကွယ်ထားရန် တည်ဆောက်ထားသည့် ဒစ်ဂျစ်တယ် အတားအဆီးများ ရှိနေ ခြင်းတို့က အထက်ပါစုံစမ်းစစ်ဆေးမှုအတွက် ပြင်းထန်သော စိန်ခေါ်မှုများပင် ဖြစ်ပါသည်။

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts