All News Local News Peace

မန္တလေးတွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဗကသက ဝေငှ၊ တိုကျိုရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဆိုင်းဘုတ်တွင် “ဖက်ဆစ်စစ်တပ် အလိုမရှိ” စာကပ်

မန္တလေးတွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဗကသက ဝေငှ၊ တိုကျိုရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဆိုင်းဘုတ်တွင် “ဖက်ဆစ်စစ်တပ် အလိုမရှိ” စာကပ်

ရန်ကုန်၊ အောက်တိုဘာ ၁၆

မန္တလေးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားများ ဦးဆောင်ကာ ယနေ့ နံနက် ၈နာရီခန့်က မန္တလေးဈေးချိုအနီးတစ်ဝိုက်တွင် စစ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ လိုက်လံဝေငှခဲ့ကြောင်း ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောဆိုသည်။

“ လက်ကမ်းစာစောင်တွေဝေတာပေါ့။ ပြည်တွင်းစစ်ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေပေါ့။ ကျွန်တော်တို့ အရင်က စတစ်ကာ ကမ်ပိန်းလုပ်တဲ့ စာရွက်ကိုပဲ ကျွန်တော်တို့ လက်ကမ်းစာစောင် ပုံံစံမျိုးလုပ်ပြီးတော့ အဲတာမျိုးဝေတာပေါ့။ လုပ်တာတော့ မန္တလေး ဈေးချိုနားမှာပါပဲ။ မနက် ၈နာရီလောက်ကနေ ၉နာရီကျော်လောက်ထိ ပြုလုပ်ခဲ့တာလို့တော့ ကျွန်တော်သိရတယ် ” ဟု ၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့် ဗကသအဖွဲ့ချုပ်ကျောင်းသား ၁၅ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် အမှုရင်ဆိုင်နေရကာ ထောင်ဒဏ် ချမှတ်ခြင်းများ ခံနေရသော်လည်း ဗကသအဖွဲ့ချုပ်၏ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများသည် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကိုအောင်ပြည့်စုံဖြိုးကပြောဆိုသည်။

“ စစ်တပ်ကိုထိတဲ့အတွက် ကျောင်းသားတွေကို ဖိနှိပ်ခဲ့တာရှိပါတယ်။ အခုလည်း လက်ရှိမှာ ကိုကျော်သီဟရဲကျော်တို့ အပါအဝင် တခြားကျောင်းသား ၁၅ဦး ပြီးတော့ ရန်ကုန်ကကျောင်းသားတွေပေါ့။ စုစုပေါင်း ၂ဝလောက်ကို ဒီလိုမျိုး နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာတွေရှိတယ်။ ဒါတွေက ဘာကြောင့် ဖိနှိပ်ရလည်းဆိုရင် ပြည်တွင်းစစ်ဟာ စစ်တပ်ကြောင့် ဖြစ်နေရတယ်ဆိုတဲ့ အချက်ကိုပိုပြီး ပေါ်လွင်စေတယ်။ ပြီးရင် ဥပဒေဆိုတဲ့ တရားရေး မဏ္ဍိုင်စနစ်ကို ထောက်ပြဝေဖန်စရာဖြစ်နေတယ်။ မနေ့ကဆို မန္တလေးမှာ ဘဏ်ကို ဓားမြတိုက်တာဆိုရင် ဘယ်သူလုပ်မှန်းမသိဘဲနဲ့ ပြည်တွင်းစစ်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်တဲ့ ကျောင်းသားတွေဆိုရင် ဟိုနေရာဝင်ရှာ ဒီနေရာဝင်ရှာနဲ့ ဒီလိုမျိုးလုပ်တာတွေဟာ သူတို့ တရားဥပဒေမဏ္ဍိုင်ရဲ့ အနေအထားကို ပေါ်လွင်စေပါတယ်” ဟု ၎င်းကပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က ပြည်တွင်းရှိ ရခိုင်စစ်ပွဲဆန့်ကျင်ရေး ကျောင်းသားများ၏လှုပ်ရှားမှုကို ထောက်ခံသောအားဖြင့် ဂျပန်ရောက် မြန်မာတချို့က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် စစ်ပွဲဆန့်ကျင်ရေး စာများကပ်ခဲ့ကြောင်း သိရှိရသည်။

” ကျွန်တော်တို့ကိုထောက်ခံတဲ့ တခြားနိုင်ငံခြားက သူတွေဘာတွေဆို သူ့တို့ဟာသူတို့ သံရုံးရှေ့မှာ အဲလိုတွေ စတစ်ကာ ကတ်တာတွေရှိတယ်။ အဲလိုမျိုးလှုပ်ရှားမှုတွေတော့ရှိပါတယ်။ ပြည်တွင်းမှာလည်း တခြားလှုပ်ရှားမှုတွေ ဆက်လုပ်သွားမှာပါ” ဟု ကိုအောင်ပြည့်စုံဖြိုးက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် အမှုရင်ဆိုင်နေရသော ဗကသများအဖွဲ့ချုပ် ကျောင်းသားများ ၁၅ဦးအနက် ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်၊ ကိုသုတညီညီ၊ ကိုသက်မောင်မောင်၊ ကိုညီညီမင်းထက်ဝေ၊ ကိုအောင်ခိုင်မင်း၊ ကိုလှထွန်းအောင်၊ ကိုဘချစ်နှင့် ကိုရဲရင့်အောင် တို့သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ)၊ ငြိမ်း၊ စု၊ စီ ၁၉နှင့် ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅တို့ဖြင့် အမှုရင်ဆိုင်နေရကာ ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင် ထောင်ဒဏ် ၅နှစ်စီ ချမှတ်ခံထားရကြောင်း၊ ကိုရဲရင့်အောင်သည် ထောင်ဒဏ် ၁နှစ်၊ ကိုဘချစ်သည် ထောင်ဒဏ် ၁လ အသီးသီးချမှတ်ခံထားရကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts