All News Local News Peace

ဗကသကျောင်းသား ၂ဦးကို အမရပူရမြို့နယ် တရားရုံးတွင် ယနေ့ရုံးထုတ်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် လာမည့်ရုံးချိန်းတွင် အမိန့်ထပ်ချမည်

ဗကသကျောင်းသား ၂ဦးကို အမရပူရမြို့နယ် တရားရုံးတွင် ယနေ့ရုံးထုတ်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် လာမည့်ရုံးချိန်းတွင် အမိန့်ထပ်ချမည်

ရန်ကုန်၊ အောက်တိုဘာ ၁၂

မန္တလေးတိုင်း အမရပူရမြို့နယ် တရားရုံးတွင် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ဗကသကျောင်းသား ၂ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) တို့ဖြင့် ယနေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) တို့ဖြင့် အမရပူရမြို့နယ်တရား ရုံးတွင် ရုံးထုတ်ခဲ့သောကျောင်းသား ၂ ဦးမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော် တို့ဖြစ်ကြောင်း သိရှိရသည်။

“ ဒီနေ့ကျောင်းလုံခြုံရေးစောင့်တဲ့သူတွေကိုစစ်တယ်။ နောက်တစ်ပတ်မှာ အမိန့်ချမယ်လို့တော့ ကိုကျော်သီဟရဲကျော်ကတော့ပြောပါတယ်။ ၅ဝ၅ (က) (ခ)နဲ့ပေါ့။ သူတို့ တရားရုံးက ထွက်လာတော့ ပြောတာကတော့ သူတို့ဆက်လက်ပြီး တိုက်ပွဲဝင်မယ်ပေါ့။ ၂ဝဝ၈ ဖွဲ့စည်းပုံ လုံးဝဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမယ့် အကြောင်းပြောပါတယ်” ဟု တရားရုံးသို့ သွားရောက်ဝန်းရံသည့် တရားမျှတရေး နှင့် အမှန်တရားပေါ်ပေါက်ရေးကော်မတီမှ ကိုစိုးမိုးနိုင်ကပြောဆိုသည်။

လက်ရှိချိန်တွင် ဗကသအဖွဲ့ချုပ်ကျောင်းသားများကို မန္တလေးတိုင်းအတွင်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တရားရုံးများက ထောင်ဒဏ်များ ဆက်တိုက်ချမှတ်လျက်ရှိကာ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော် တို့သည် ရှေ့တွင်လည်း သက်ဆိုင်ရာမြို့နယ်တရားရုံးများက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) တို့ဖြင့် ထောင်ဒဏ် ၅နှစ် အသီးသီး ချမှတ်မှတ်ခံထားရပြီးဖြစ်သည်။

အမရပူရမြို့နယ်တရားရုံးက ဗကသ ကျောင်းသား ၂ ဦး၏ ရုံးချိန်း အောက် တိုဘာ ၂၁ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကာ အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo Credit- ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts