All News Election Local News

ဗကသကျောင်းသားများအား ဖမ်းဆီးအရေးယူမှု တည်ဆဲဥပဒေအရ အရေးယူ၊ လူစုလူဝေးဖြင့် ပါတီများ မဲဆွယ်ခြင်း အပေါ်အရေးယူမှု၊ မယူမှု ဒေသအာဏာပိုင်များနှင့်သက်ဆိုင်

ဗကသကျောင်းသားများအား ဖမ်းဆီးအရေးယူမှု တည်ဆဲဥပဒေအရ အရေးယူ၊ လူစုလူဝေးဖြင့် ပါတီများ မဲဆွယ်ခြင်း အပေါ်အရေးယူမှု၊ မယူမှု ဒေသအာဏာပိုင်များနှင့်သက်ဆိုင်

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီ၊ သဘာဝဘေးစီမံဥပဒေများဖြင့် ကျောင်းသားများ အရေးယူခံရခြင်းသည် တည်ဆဲဥပဒေ စည်းမျဉ်းကမ်းအရ အရေးယူခြင်းဖြစ်ပြီး လူစုလူဝေးဖြင့် ပါတီထောက်ခံသူများ မဲဆွယ်စည်းရုံးရေးပြုလုပ်ခြင်းကို အရေးယူဆောင်ရွက်ခြင်းသည် ဒေသတွင်း တာဝန်ရှိသည့်ပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာ ၁ဝရက်နေ့က ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

“ အဲဒါကတော့ သူ့သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရှိတယ်။ သူ့သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေရှိတယ်။ သူ့ရဲ့ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းအရ အရေးယူတာတွေဖြစ်ပါတယ်” ဟု ဗကသကျောင်းသားများအား အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းအပေါ် ၎င်းကပြောဆိုသည်။

နိုင်ငံရေးပါတီများကို ထောက်ခံသူများက ကိုဗစ်၁၉ ကာလ အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန တို့၏ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေခြင်းများကို အရေးယူဆောင်ရွက်ခြင်းသည် သက်ဆိုင်ရာဒေသတွင်း တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်ကြောင်း ဦးဇော်ဌေးကပြောဆိုသည်။


စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့်လက်ရှိချိန်တွင် ဗကသအဖွဲ့ချုပ်ကျောင်းသား ၁၅ဦး ဖမ်းဆီးခံထားရပြီး ကျောင်းသား ၃ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ)၊ ငြိမ်းစုစီ ပုဒ်မ ၁၉ နှင့် ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ စသည့် ပုဒ်မများဖြင့် အရေးယူထားပြီး ထိုဖမ်းဆီးအရေးယူခံထားရသော ကျောင်းသားများမှ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်သည် ထောင်ဒဏ် ၅နှစ်၊ ကိုရဲရင့်အောင်သည် ထောင်ဒဏ် ၁နှစ်နှင့် ကိုဘချစ်သည် ထောင်ဒဏ် ၁လ အသီးသီးချမှတ်ခံထားရသည်။

ဓာတ်ပုံ- ပဲခူးမြို့မှ NLD နှင့်ကြံ့ခိုင်ရေးပါတီ မဲဆွယ်မှု။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts