All News Election Local News

ဖျက်သိမ်းခံ UDPပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင် လှိုင်မြို့နယ်ရှိ ICH ဟိုတယ်၊ မှော်ဘီရွာ၊ ပန်းလှိုင်နေအိမ် အပါအဝင် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်

ဖျက်သိမ်းခံ UDPပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင် လှိုင်မြို့နယ်ရှိ ICH ဟိုတယ်၊ မှော်ဘီရွာ၊ ပန်းလှိုင်နေအိမ် အပါအဝင် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်

ရန်ကုန်၊ အောက်တိုဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ဖျက်သိမ်းလိုက်ပြီဖြစ်သော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ခေါ် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်သော လှိုင်မြို့နယ်ရှိ International City Hotel ၊ မှော်ဘီရွာ၊ ပန်းလှိုင်နေအိမ်နှင့် မန္တလေးရှိ ပြင်စာရှိမြေကွက်နှင့် အဆောက်အအုံများကို ယနေ့ ချိတ်ပိတ်လိုက်ကြောင်း နှင်းဆီပါတီနှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

“ဒီနေ့ ညနေ ၄ နာရီလောက်မှာ လှိုင်မှာရှိတဲ့ UDP ရုံးလည်းဖြစ်၊ ဟိုတယ်လည်းဖြစ်တဲ့ အဆောက်အုံကို လာပြီး ချိတ်ပိတ်တယ်။ ကျနော်တို့သိထားတာက မနေ့က သမ္မတရုံးက ဦးကျော်မြင့်ပိုင်ဆိုင်မှုတွေ အစိုးရက ယာယီသိမ်းဆည်းမယ်ဆိုတာ ထုတ်ပြန်ပြီးတဲ့နောက် မှော်ဘီရွာ၊ ပန်းလှိုင်နေအိမ်နဲ့ ပြင်စာက အဆောက်အုံတွေလည်း ချိတ်ပိတ်လိုက်ပြီလို့ သိရပါတယ်” ဟု နှင်းဆီပါတီနှင့် နီးစပ်ပြီး ဦးကျော်မြင့်၏အကြောင်းကို အတွင်းကျကျ သိထားသူ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဦးကျော်မြင့်ပိုင် အဆောက်အအုံများကို ချိတ်ပိတ်ရာတွင် မည်သူမျှ မကျူးကျော်ရ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့မှ ယာယီ သိမ်းဆည်းထားသည်၊ ဝင်ရောက်ကျူးကျော်၊ ပြောင်းလဲ၊ လွှဲပြောင်း ဖျောက်ဖျက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဆိုသော အနီရောင်ဆိုင်းဘုတ်များကို ကပ်ထားကြောင်း၊ ရဲလုံခြုံရေးတချို့လည်း ချထားကြောင်း သိရှိရသည်။

ယမန်နေ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဆက်လက်စစ်ဆေးရာတွင် ပိုင်ဆိုင်မှု ၄၁ ဘီလီယံနှင့် ငွေလွှဲပြောင်းမှု ၂၇ ဘီလီယံ ရှိကြောင်း၊ ၎င်းပိုင်ဆိုင်သော ပန်းလှိုင်အိမ်ရာ၊ မှော်ဘီရွာ၊ မန္တလေး ပြင်စာရှိ နေအိမ်အဆောက် အအုံများကို ယာယီသိမ်းဆည်းထားကြောင်း၊ လက်ရှိ ထောင်ပြေးမှုနှင့် လ၀က ဥပဒေဖြင့် အရေးယူထားကြောင်း၊ ယင်းကိစ္စပြီးစီးပါက ငွေကြေးခဝါချမှုနှင့် တရားစွဲဆိုမည်ဖြစ်ပြီး တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လျှင် ပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင် သိမ်းဆည်းမည်ဖြစ် ကြောင်း ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

ဦးကျော်မြင့်သည် လှိုင် မြို့နယ် ၁၆ ရပ်ကွက် ဗဟိုလမ်းနှင့် မာလာမြိုင်လမ်းထောင့်တွင် ရှိသည့် International City Hotel မြေနှင့် အဆောက်အဦး၊ မှော်ဘီမြို့ လင်းတိုက်ပင်ကျေးရွှာအုပ်စု၊ ကျွန်းတောတောင်ပိုင်းတွင်ရှိသည့် မြေဧက ၁၆၄ ဒသမ ၃၁ ​ ကျယ်ဝန်းသော မြေနှင့် အဆောက်အအုံများ ၊မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအတွင်းရှိ မြေနှင့် အဆောက်အုံ၊ပန်းလှိုင်အိမ်ရာမှ နေအိမ်နှင့် နေပြည်တော်မှ UDP ပါတီဌာနချုပ်အဖြစ် အသုံးပြုလျက်ရှိသော နေပြည်တော် ပုဗ္ပသီရိမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု၊ အမှတ် ၁၅၂၂ မြေနှင့် အဆောက်အအုံများကို ပိုင်ဆိုင်ထားသည်။

ဦးကျော်မြင့်က ယမန်နေ့ မန္တလေးရှိ အကျဉ်းထောင်မှ တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်စဉ် တွေ့ခွင်ံရရှိသော ရှေ့နေများမှတစ်ဆင့် ၎င်းထူထောင်ထားသော ဒေသအသီးသီးရှိ ဖွဲ့စည်းမှုများ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် ဦးဆောင်သူတချို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts