All News Election Local News

ပလက်ဝတွင် ရွေးကောက်ပွဲမလုပ်ရန် အကြံပြုသော်လည်း UEC က ကျင်းပချင်သဖြင့် တပ်မတော်ဘက်က ညှိနှိုင်းပေးခဲ့ရဟု တပ်မတော် ရှင်းလင်း

ပလက်ဝတွင် ရွေးကောက်ပွဲမလုပ်ရန် အကြံပြုသော်လည်း UEC က ကျင်းပချင်သဖြင့် တပ်မတော်ဘက်က ညှိနှိုင်းပေးခဲ့ရဟု တပ်မတော် ရှင်းလင်း

ရန်ကုန်၊ အောက်တိုဘာ ၂၄

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေမအေးချမ်းသော ချင်းပြည်နယ် ပလက်၀ဒေသအချို့တွင် ရွေးကောက်ပွဲမပြုလုပ်သင့်ဟု တပ်မတော်က အကြံပြုခဲ့သော်လည်း UEC က ရွေးကောက်ပွဲ ကျင်းပချင်သည့်အတွက် တပ်မတော်ဘက်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လုံခြုံရေးအရ မဲပေးနိုင်သည့်အခြေအနေမရှိဟု တပ်မတော်က အကြံပြုခဲ့သော မြို့နယ်ပေါင်း ၃၉ မြို့နယ်အထိ ရှိခဲ့ကြောင်း၊ တပ်မတော်က လုံခြုံရေးပေးလျှင် ရွေးကောက်ပွဲကျင်းပနိုင်သည့်မြို့နယ် ၂၀ အထိ ရှိသည်ဟု အကြံပြုခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် တပ်မတော်က အကြံပြုရသည့်အခြေအနေသာ ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရသော အဖွဲ့အစည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်လိုက်သည့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြားနှင့် မြောက်ဦးတို့သို့ ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို တပ်မတော်က စက်တင်ဘာလအတွင်း တပ်မတော်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်၍ မဲပေးခွင့်ဆုံးရှုံးရသည့်သူများထဲတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ် နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၆မြို့နယ်တို့ကို လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက မှတ် ချက်ပေးခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ နိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးစသည့် မြို့နယ် ၉မြို့နယ်နှင့် ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ် မြို့နယ်များရှိ ရပ်ကွက် ၁၅ခုနှင့် ကျေးရွာအုပ်စု ၁၃၇ခုတို့တွင် ရွေးကောက်ပွဲမပြုလုပ်ကြောင်း UEC က အောက်တိုဘာလ ၁၆ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

UEC ၏ ရွေးကောက်ပွဲ မပြုလုပ်နိုင်သောနေရာများ ကြေညာခဲ့သည့်အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၃၃ဝနေရာရှိသည့်အနက် ကျင်းပမည့် နေရာပေါင်း ၃၁၅ခုသာရှိပြီး မကျင်းပနိုင်သည့်နေရာ ၁၅ခုရှိကြောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၁၆၈ နေရာရှိအနက် ကျင်းပနိုင်သည့်မဲဆန္ဒနယ် ၁၆၁ နေရာရှိပြီး မကျင်းပနိုင်သည့် မဲဆန္ဒနယ် ၇နေရာကာ တိုင်းဒေသကြီးပြည်နယ်လွှတ်တော် ၆၄၄နေရာရှိသည့်အနက် ၆၁၄ နေရာသာကျင်းပနိုင်ခြင်းရှိပြီး မကျင်းပနိုင်သည့်နေရာ ၃ဝခု ရှိကြောင်း သမ္မတရုံးထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts