All News Election Local News

နှင်းဆီပါတီမှ ကိုယ်စားလှယ်လောင်းလေးဦးနှင့် ပါတီဝင်များအပါအဝင် အင်အားတစ်သောင်းကျော် ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်း

နှင်းဆီပါတီမှ ကိုယ်စားလှယ်လောင်းလေးဦးနှင့် ပါတီဝင်များအပါအဝင် အင်အားတစ်သောင်းကျော် ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်း

By DakkhinaInsight

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ခေါ် နှင်းဆီပါတီမှ ကိုယ်စားလှယ်လောင်းလေးဦးနှင့် ပါတီဝင်များ၊ ပါတီဝန်းရံသူများ စုစုပေါင်း အင်အားတစ်သောင်းကျော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း နှင်းဆီပါတီ၏ ဘုတ်ပြင်းမြို့နယ်စည်းရုံးရေးမှူး ဦးတင်ကျော်ခိုင်က ပြောသည်။

ဦးတင်ကျော်ခိုင်သည် နှင်းဆီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်သည်။
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှ အထက်ပါအင်အား တစ်သောင်းကျော်ဖြင့် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရေး ကူညီပေးနိုင်ရန်အတွက် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

“သူတို့နဲ့ ဝန်းရံတာ၊ ပူးပေါင်းတာပေါ့။ ဒီအချိန်မှာတော့ ပါတီတော့မဝင်သေးဘူး” ဟု ဦးတင်ကျော်ခိုင်က ပြောသည်။

ကြံ့ခိုင်ရေးပါတီကို မဲပေးရန် စည်းရုံးခြင်း၊ ပါတီ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင် လိုက်ပါကူညီခြင်း စသည်တို့ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းခြင်းမှာ ပါတီ၏ ညွှန်ကြားချက်ကြောင့်မဟုတ်ဘဲ မြို့နယ်အဆင့် တာဝန်ရှိသူများ၏ ဆန္ဒအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးတင်ကျော်ခိုင်က ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ လုပ်ဆောင်ချက်များမှာ ကောင်းသည်ဟု သဘောထားသည့်အတွက် ယင်းသို့ ပူးပေါင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ၏ ဥက္ကဋ္ဌ ဦးကျော်မြင့် အဖမ်းခံရပြီးနောက် ယင်းပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီး ယင်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း အမည်စာရင်းမှ ပယ်ဖျက်ခဲ့ပြီဖြစ်သည်။

ဓာတ်ပုံ – ကိုဝဏ္ဏအောင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts