All News Election interview Peace

ဒီမိုကရေစီ မပြည့်ဝတဲ့ ပြည့်ပြည့်ဝဝမရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ ထင်သလောက်ခရီးမပေါက်ဘူးဆိုတာ ဒါသဘာဝကျပါတယ်

“ဒီမိုကရေစီ မပြည့်ဝတဲ့ ပြည့်ပြည့်ဝဝမရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ ထင်သလောက်ခရီးမပေါက်ဘူးဆိုတာ ဒါသဘာဝကျပါတယ်။ လွှတ်တော်ရဲ့ အသံတွေကို အစိုးရတို့ ဘာတို့ အလေးမထားဘူးဆိုတာ ဒါပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမဖြစ်လို့ပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်ရဲ့ အသံကိုဂရုမစိုက်လို့ ဘယ်ရမလဲ”

ဦးစံကျော်လှ (ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ)

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် အလားအလာအပါအဝင် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲအခြေအနေတွေ ကိုဗစ်ကပ်ရောဂါအခြေအနေကလည်း ရှိနေတော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေက ဘယ်လိုမျိုး အနေအထားရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့လည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခန့်မှန်းလို့တောင်မရတော့ဘူး။ တစ်ဖက်မှာ ကိုဗစ်လည်းဖြစ်တယ်။ တိုက်ပွဲတွေလည်းဖြစ်တယ်။ အဲတာကြောင့် ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့နေရာတွေကို ကြိုပြီးတော့ ကြေညာမယ်ဆိုရင်လည်း ကြေညာသင့်ပြီ အခုအထိလည်း မကြေညာသေးတော့ ဒါ တစ်ခုခုများ ကြိုးစားပြီးလုပ်မယ့် သဘောလား အဲလိုမျှော်လင့်လို့လည်းရတယ်။

အဲတာတော့ ကျွန်တော်အကောင်းဖက်က တွေးတာလေ။ အစိုးရအနေနဲ့ ကြိုးစားပြီးတော့ လုပ်မယ်ဆိုတဲ့ သဘောမျိုးလည်း တွေးလို့ရတယ်။ သို့သော် အနီးကပ်ပြီးမှ ဘယ်မြို့နယ် ဘယ်မြို့နယ်တော့မလုပ်တော့ဘူး။ အဲလိုလည်း ကြေညာနိုင်တယ်။ ဒါကြောင့် စဉ်းစားရတော်တော်ခက်တယ်။ လုပ်ပုံကိုင်ပုံကို ကျွန်တော်တို့ နားမလည်နိုင်ဘူး။ ရခိုင်ပြည်နယ်မှာတော့ မဖြစ်နိုင်တဲ့ နေရာကတော့ရှိမှာပဲ Facebook ပေါ်မှာ ပြောနေတာလည်း တော်တော်များများရှိတာပဲ။

အဲမှာဖြစ်နိုင်တဲ့နေရာ လုံးဝမဖြစ်နိုင်တဲ့နေရာ တချို့တစ်ဝက် ဖြစ်နိုင်တဲ့နေရာဆိုပြီးတော့ ပြောနေတာပဲ သို့သော် ပြောသာပြောတာပါ။ အခုထက်ထိက ဘယ်လိုမှ ခန့်မှန်းလို့မရဘူး။ အမှန်ဆိုရင် မလုပ်နိုင်တဲ့နေရာဆိုရင်လည်း ပြောချိန်တန်ပြီလေ။ အဲတော့ ပြောချိန်တန်လို့ မပြောသေးဘူးဆိုတာကတော့ လုပ်မယ့် သဘောကိုများ ဆောင်နေသလား။ လုပ်ရင်တော့ ပိုကောင်းတာပေါ့။

ကျွန်တော်တို့ ရခိုင်တစ်ပြညနယ်လုံး ရွေးကောက်ပွဲဖြစ်ရင် ပိုကောင်းပါတယ်။ အစိုးရ အနေနဲ့လည်း ဂုဏ်သိက္ခာ တက်ပါတယ်။ ရွေးကောက်ပွဲ တော်တော်များများ မလုပ်နိုင်ဘူးဆိုရင် အစိုးရအနေနဲ့လည်း ဂုဏ်သိက္ခာကျတယ်။ အစိုးရကို ထိခိုက်တယ်။ အဲတာကြောင့် ကျွန်တော်တို့ကတော့ ရခိုင်တစ်ပြည်နယ်လုံး ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။

မေး။ ။ အဲဒါဆို ရခိုင်ပြည်နယ် နေရာတော်တော်များ ရွေးကောက်ပွဲ လုပ်နိုင်တဲ့ အနေအထားမျိုးလား။

ဖြေ။ ။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာဆိုရင် အခုလောက်ဆိုရင် သူတို့ကြေညာလောက်ပါပြီ ဘယ်ဒေသကတော့ လုပ်လို့မဖြစ်ဘူး။ ဘယ်ဒေသကတော့ လုပ်လို့ဖြစ်မယ်။ လုပ်လို့ဖြစ်တယ်။ မဖြစ်ဘူးဆိုတာကို နောက်ထပ် ၁ဝရက်စောင့်ကြည့်လိုက်ရင်လည်း ဒီတိုင်းပါပဲ ဥပမာ စစ်တွေလို ပေါက်တောလို နေရာမျိုး ဒါလုပ်လို့ဖြစ်တဲ့နေရာတွေပဲ သို့သော် မဖြစ်နိုင်တဲ့နေရာလေးတွေ သံသယဖြစ်တဲ့နေရာလေးတွေ ရှိတယ်။ ဒ

ါဆိုရင်လည်း သူတို့က လုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာ ဆုံးဖြတ်ဖို့ဆိုရင် ဆုံးဖြတ်လို့ရပြီ သို့သော် ဒီလောက်ထိ မဆုံးဖြတ်ဘဲ မကြေညာဘဲ ထားတယ်ဆိုတာကတော့ ရွေးကောက်ပွဲ နေရာတော်တော်များများမှာ လုပ်မလားဆိုပြီးတော့ ကျွန်တော်တို့က မျှော်လင့်နေပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ အဆင်မပြေနိုင်တဲ့ နေရာဘယ်လောက်လောက်ရှိလဲ။

ဖြေ။ ။ ဒါကတော့ ကျွန်တော့်အနေနဲ့ ပြောဖို့ခက်တယ်။

မေး။ ။ အခုလက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ရသေ့တောင်မြို့နယ်အခြေအနေကကော ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အဆင်ပြေပါ့မလား။

ဖြေ။ ။ ရသေ့တောင်မှာကတော့ တိုက်ပွဲပြင်းထန်တယ်။ တိုက်ပွဲပြင်းထန်တယ်ဆိုတာလည်း သူ့ ဧရိယာ တဝိုက်လောက်မှာပါပဲ ကျန်တဲ့နေရာတွေမှာက မဖြစ်ပါဘူး။ အခုဖြစ်နေတဲ့ တဝိုက်မှာတော့ ပြင်းထန်တဲ့ သဘောရှိတယ်။ သို့သော် ကျန်တဲ့နေရာပိုင်းမှာတော့ တိုက်ပွဲတွေ မဖြစ်ပါဘူး။

မေး။ ။ ရခိုင်ပြည်သူတွေက တိုက်ပွဲဒဏ်နဲ့ ကပ်ရောဂါဘေးဒဏ် ခံနေရတော့ ရွေး ကောက် ပွဲအပေါ် အာရုံစိုက်မှုကကော ဘယ်လိုမျိုးအနေအထားရှိလဲ။

ဖြေ။ ။ ဒီကိုဗစ် ပြဿနာတွေ တိုက်ပွဲပြဿနာတွေ တစ်ဖက်မှာလည်း ပြင်းလာတယ်ဆိုတော့ ရခိုင်ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေး ကောက်ပွဲတို့ ၂ဝ၁၅ လိုမျိုးမဖြစ်ဘူး။ ပြည်သူတွေဟာ ဒီရွေးကောက်ပွဲအပေါ်မှာ ယုံကြည်မှု စိတ်ဝင်စားမှု အားနည်းလာတဲ့ သဘောရှိတယ်။

မေး။ ။ ဆရာက ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်တော့ဘူးဆိုတော့ ဆရာတာဝန်ယူခဲ့တဲ့ လွှတ်တော် ဥက္ကဋ္ဌ သက်တမ်းတစ်လျှောက် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေ အားရကျေနပ်ရဲ့လား။
​ေ
ဖြေ။ ။ ကျွန်တော်လွှတ်တော် ဥက္ကဋ္ဌလုပ်လာတဲ့ ၅နှစ်နီးပါး ကာလတစ်လျှောက်မှာတော့ ကျွန်တော် ကိုယ့်ကိုကို လွှတ်တော်ဥက္ကဋ္ဌလို့လုပ်ရတာကို အားမရဘူး။ စိတ်ထဲမှာလည်း ကျေနပ်မှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ရဲ့ အခန်းကဏ္ဍက တော်တော်လေးကို မှိန်တယ်။ မှိန်တာကလည်း လွှတ်တော်က အဆိုတွေ ဆုံးဖြတ်ချက်တွေကို ပြည်နယ် အစိုးရဘက်ကလည်း လိုက်နာမှုအားနည်းတယ်။

အဲလိုလိုက်နာမှုအားနည်းတယ်ဆိုတာကလည်း ပြည်နယ်အစိုးရက ဗဟိုအစိုးရ မျက်နှာကို ကြည့်တာကို လွှတ်တော်ရဲ့ မျက်နှာကိုမှ မကြည့်တာ လွှတ်တော်ရဲ့ အသံကို သူတို့က သိပ်ဂရုမစိုက်ဘူး။ ဂရုမစိုက်ဘူးဆိုတာက ဂရုမစိုက်ဘဲ နေလို့ရတဲ့ အခြေအနေမျိုးရှိတာကို အဲတာကြောင့်

ကျွန်တော်တို့က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကြိုးစားတာတွေဟာ တော်တော်များများက အဟောသိကံဖြစ်တယ်။ အဲတာကြောင့် ကိုယ်လုပ်လာတဲ့ တလျှောက်မှာ ကျွန်တော်တို့ ပြောတာပဲ ကျွန်တော်တို့ ပြောသင့်တာတွေ ကျွန်တော်တို့ပြောတာပါပဲ။ ဗဟိုအစိုးရကိုကော တပ်မတော်ကိုကော ပြည်နယ်အစိုးရကိုကော ကျွန်တော်တို့ ပြောသင့်တာ တွန်းအားပေးသင့်တာကို ကျွန်တော်တို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောတာတွေက မထိရောက်ဘူး။

ဒါတွေက အမှန်ကတော့ မဆန်းပါဘူး။ ဒီမိုကရေစီ မပြည့်ဝတဲ့ ပြည့်ပြည့်ဝဝမရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ ထင်သလောက်ခရီးမပေါက်ဘူးဆိုတာ ဒါသဘာဝကျပါတယ်။ အဲတာကြောင့် ကျွန်တော်ပြောချင်တာ လွှတ်တော်ရဲ့ အသံတွေကို အစိုးရတို့ ဘာတို့ အလေးမထားဘူးဆိုတာ ဒါပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမဖြစ်လို့ပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်ရဲ့ အသံကိုဂရုမစိုက်လို့ ဘယ်ရမလဲ။

မေး။ ။ ဆရာဘာလို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးမခံတော့တာလဲ။

ဖြေ။ ။ ကျွန်တော့် အသက်ကလည်းကြီးပြီ ကျန်းမာရေးဆိုတာလည်း ကျွန်တော်က အသက် ၇ဝထဲရောက်နေပြီ။ အဲတော့ အသက်ကလည်းကြီးပြီ နောက်က ကလေးတွေကိုလည်း ဖွင့်ပေးရမယ်။ နိုင်ငံရေးထဲမှာ ကလေးတွေကို ကျွန်တော်တို့က ဦးစားပေးရမယ့် သဘောရှိတယ်။

အဲတာကြောင့် ကျွန်တော်တို့ ပါတီထဲမှာကိုက လူကြီးပိုင်းတော်တော်များများက အနားယူခဲ့ကျတယ်။ ပါတီရဲ့ အကြံပေးနေရာမှာနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်နေရာ ပါတီ CEC နေရာတွေမှာ ကျွန်တော်တို့က လူလတ်ပိုင်းပဲ အစားထိုးကျတယ်။ အဲဒီလို ကျွန်တော်တို့က အပြောင်း အလဲလုပ်လိုက်တာ ကျွန်တော်တို့ပါတီမှာဆိုရင် ၇၅ရာခိုင်နှုန်းလောက်ကို ကျွန်တော်တို့က လူလတ်ပိုင်းတွေ အဲဒါနဲ့ အစားထိုးပြီး လုပ်လိုက်ကျတာ ဆရာဦးဦးလှစောတို့ ကျွန်တော်တို့ အကုန်လုံး နားလိုက်တယ်ပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts