All News China Watch Features Peace

တရုတ်အစိုးရ ပါဝင်ပတ်သက်နေသော မြဝတီမြို့မှ တရုတ်လောင်းကစားမြို့တော် စီမံကိန်းများ (အပိုင်း ၅ )

တရုတ်အစိုးရ ပါဝင်ပတ်သက်နေသော မြဝတီမြို့မှ တရုတ်လောင်းကစားမြို့တော် စီမံကိန်းများ (အပိုင်း ၅ )

By Jason Tower နှင့် Priscilla A. Clapp

မြန်မာနိုင်ငံတွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ “မြန်မာ့ကာစီနိုမြို့များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ” ဆိုသော အစီရင်ခံစာတစ်စောင်ကို UNITED STATES INSTITUTE OF PEACE က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် သက်ရောက်မှုများစွာ ရှိနေသ ဖြင့် အဆိုပါ အစီရင်ခံစာကို အပိုင်းလိုက် ခွဲ၍ တင်ပြနေခြင်းဖြစ်သည်။

ဘေဂျင်းအနေဖြင့် စီမံကိန်းများတွင် မည်ကဲ့သို့ ပါဝင်ပတ်သက်မှုများ ရှိနေသနည်း

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၃ အရ လောင်းကစားလုပ်ငန်း အား လုံးကို တရားမဝင် ဟု သတ်မှတ်ထားပါသည်။ ပြင်းထန်သည့် ပြစ်ဒဏ်ပေးမှုများ ရှိနေသည့်တိုင်အောင် တရုတ်နိုင်ငံ၏ တရားမဝင် လောင်းကစား ဈေးကွက် အရွယ်အစားသည် နှစ်စဉ် ကန်ဒေါ်လာ ၂၅ ဘီလီယံ သို့မဟုတ် ထို့ထက်ပို၍ တန်ကြေးရှိသည်ဟု တရုတ်နှင့် နိုင်ငံတကာ အချက် အလက် အရင်းအမြစ်များအရ သိရပါသည်။

ယင်းအချက်ကို ကြည့်ပါက ကရင်ပြည်နယ် ကဲ့သို့သော တရုတ်နိုင်ငံပြင်ပ တရားဥပဒေ စိုးမိုးမှု နည်းပါးသည့် ဒေသများရှိ လောင်းကစား လုပ်ငန်း အဆောက်အအုံ များတွင် ရင်းနှီးမြုပ်နှံမှုများ တဟုန်ထိုး တိုးတက်လာခြင်း ကို နားလည်နိုင်မည် ဖြစ်သည်။

စီမံကိန်း သုံးခုစလုံးသည် တရုတ် အစိုးရပိုင် လုပ်ငန်းများကို ကန်ထရိုက်ပေးခြင်း နည်းလမ်းဖြင့် သော်လည်းကောင်း ၊ တရုတ်အစိုးရ နှင့် အစိုးရတစ်ပိုင်း အေဂျင်စီ များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့် သော်လည်းကောင်း ၎င်းတို့ စီမံကိန်းများအား ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) ၏ အစိတ်အပိုင်း တစ်ခု အဖြစ် ပုံဖော်နိုင်ရန် ငွေကြေးမြောက်များစွာ အသုံးပြုခဲ့ ကြပါသည်။

စီမံကိန်း ဖော်ဆောင်သူများက ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောဆိုမှု နှင့် လုပ်ငန်းများတွင် တရုတ်အရာရှိ များစွာ ပါဝင်ဆက်နွယ်နေမှု တို့ကြောင့် ဒေသတွင်း လွှမ်းမိုးနိုင်စွမ်း ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် ဒေသအဆင့် အဖွဲ့အစည်းများက တရုတ်အစိုးရသည် ယင်းစီမံကိန်းများကို ထောက်ခံပံ့ပိုး လျက်ရှိသည်ဟု ယုံကြည်နေကြ ပါသည်။

တရုတ်ဥပဒေ စိုးမိုးရေး အဖွဲ့များ၏ ကမ္ဘောဒီးယား နိုင်ငံ၌ ဆောင်ရွက်ခဲ့မှု များကို ကြည့်ပါက တရုတ်နိုင်ငံသည် တရားမဝင် လောင်းကစား လုပ်ငန်း အပါအဝင် ၎င်းနိုင်ငံသားများ၏ နိုင်ငံပြင်ပ တရားမဝင် လုပ်ငန်းများကို ဖြိုခွင်းလျက် ရှိကြောင်း သိရှိနိုင်ပါသည်။

သို့တိုင်အောင် ကရင်ပြည်နယ်ရှိ လောင်းကစားမြို့တော် စီမံကိန်းများတွင် ရာထူး အတန်ငယ် ကြီးမားသော တရုတ်အစိုးရ အရာရှိများ နှင့် အစိုးရတစ်ပိုင်း အရာရှိများ ပါဝင်ပတ်သက်နေခြင်းနှင့် ထို မြို့သစ်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပြုထားသူများသည် တရားဝင်စီမံကိန်းဖြစ် ကြောင်း ပြောဆိုနေသည့်အပေါ် ဘေဂျင်းမှ နှုတ်ဆိတ်နေခြင်းသည် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

ယင်းကဲ့သို့ ပါဝင်ပတ်သတ်မှု ပုံစံသုံးမျိုး၏ ဥပမာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ရွှေကုက္ကိုလ် စီမံကိန်းရှိ Deyue Juxin အဆောက်အအုံ ဆောက်လုပ်မှုမှာ ၂၀၁၉ တွင် ပြီးစီးခဲ့ပါသည်။ လက်ရှိအချိန်တွင် ယင်းအဆောက်အအုံကို ဟိုတယ်၊ စားသောက်ဆိုင် နှင့် ဖျော်ဖြေရေးစင်တာ အဖြစ် အသုံးပြုနေ ပါသည်။

တရုတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖလှယ်မှု စင်တာ (CCIEE) သည် တရုတ်အစိုးရ၏ စီမံ ကိန်း ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ၏ အုပ်ချုပ်စီမံမှု အောက်တွင် ရှိသော တရားဝင် ပညာရှင် အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။

ထို့ပြင် CCIEE သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (China-Myanmar Economic Corridor – CMEC) ၏ လုပ်ငန်းကော်မတီ တွင်လည်း ကိုယ်စားပြု ပါဝင်မှုများ ရှိနေပြီး တရုတ်-မြန်မာ စီး ပွားရေး စင်္ကြံ နှင့်စပ်လျဉ်း၍ ဘေဂျင်းအရာရှိ များကို အကြံပေးနေ ပါသည်။

ရထိုက်မြို့သစ် စီမံကိန်း မှ ထုတ်ဝေသည့် အမွှန်းတင်ကြေငြာချက် နှင့် ထုတ်ပြန်ချက် များတွင် CCIEE အား ၎င်းတို့၏ “မဟာဗျူဟာ မိတ်ဖက်” အဖြစ် ထည့်သွင်းဖော်ပြလျက် ရှိပါသည်။

၂၀၁၈ တွင် CCIEE ၏ ကိုယ်စားလှယ်များ ရွှေကုက္ကိုလ် သို့ လာရောက်ခဲ့မှု ကိုလည်း သတင်းဖော်ပြချက် နှင့် ဓါတ်ပုံများတွင် တွေ့နိုင်ပါသည်။ ရထိုက်လုပ်ငန်းစု (Yatai IHG) ဥက္ကဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် CCIEE ဖြင့် မဟာဗျူဟာ ပေါင်းစည်းမှု သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးရန် ဘေဂျင်းသို့ ဇူလိုင် ၂၀၁၉ တွင် ရောက်ရှိ ခဲ့ကြပါသည်။

ရထိုက်၏ ဗီဒီယို ကြေငြာမှတ်တမ်း တွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖော်ပြထား သော်လည်း CCIEE ဖြင့် တိုက်ရိုက် သဘောတူလက်မှတ် ရေးထိုးမှု မဟုတ်ပဲ CCIEE ၏ အကျိုးအမြတ် ဖက်စပ် အဖွဲ့အစည်းဖြစ်သည့် Guojing Consulting Ltd ဖြင့်သာ လက်မှတ်ရေးထိုး ခဲ့ပြီး ထိုကိစ္စရပ်အား ဖော်ပြထားခြင်း မရှိပါ။

Guojing အကြံပေး ကုမ္ပဏီ အနေဖြင့် သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ခြင်းကြောင့် ရထိုက် ထံမှ ငွေကြေး ရရှိမည်ဖြစ်သလို CCIEE သည်လည်း ရထိုက်နှင့် ခပ်ခွာခွာ နေပြီးသား ဖြစ်သွားစေပါသည်။

Guojing ကုမ္ပဏီ ကို သေချာစွာ စိစစ်ကြည့်ပါက ၎င်းသည် တရုတ်အစိုးရ နှင့် ကွန်မြူနစ်ပါတီ တို့နှင့် ထဲထဲဝင်ဝင် ဆက်စပ်လျက် ရှိကြောင်း တွေ့ရှိရမည် ဖြစ်သည်။ Guojing ၏ အထွေထွေ မန်နေဂျာ ဖြစ်သူ Han Yihu သည် CCIEE ၏ ပါတီရေးရာ ကော်မတီတွင်လည်း ကိုယ်စားပြုရာထူး တစ်ခုကို ရယူထားပါသည်။

Han က “မြန်မာနိုင်ငံတွင် ရထိုက်နိုင်ငံတကာ စမတ်မြို့သစ် စီမံကိန်း တည်ဆောက်နေမှု အပေါ် ကျွန်တော်တို့ အနီးကပ် စောင့်ကြည့် နေပါတယ်။ ရထိုက် မြို့သစ် ဖွံ့ဖြိုးရေး အတွက်လည်း မဟာဗျူဟာကျ လမ်းညွှန်ချက် များဖြင့် ပံ့ပိုးပေးနေပါတယ်” ဟု တရုတ်မီဒီယာ တစ်ခုတွင် ဖြေကြားခဲ့ပါသည်။

Guojing အကြံပေး ကုမ္ပဏီသည် “၎င်းတို့အား ကိုယ်စားပြုခြင်း မရှိ” ဟု CCIEE ၏ ကိုယ်စားလှယ်များက ဆိုသော်လည်း တရုတ်နိုင်ငံရှိ အများပြည်သူ ဆိုင်ရာ အချက်အလက်များ အရ Guojing ကုမ္ပဏီကို CCIEE က အပြည့်အ၀ ပိုင်ဆိုင်ထားပါသည်။

Guojing ကုမ္ပဏီ၏ တာဝန်ရှိသူ ကိုယ်စားလှယ်မှာ Zhang Xiaoqiang ဖြစ်ပြီး ၎င်းသည် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ၏ လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် နှင့် NDRC ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနတွင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးပါသည်။

အထက်ပါအချက် များကို ကြည့်ပါက တရုတ်နိုင်ငံ၏ အကြီးတန်း အစိုးရ အရာရှိဟောင်း များသည် နိုင်ငံ၏ အရေးကြီးဆုံးသော ပညာရှင် အဖွဲ့အစည်းတွင် အရေးပါသော ရာထူးများကို ရယူထားသလို တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ၏ လုပ်ငန်းကော်မတီ တွင်လည်း နေရာတစ်ခု ရယူထားကြောင်း တွေ့နိုင်ပါသည်။ ၎င်းတို့သည် ရွှေကုက္ကိုလ် စီမံကိန်း အကြောင်း သိရှိထားသလို စီမံကိန်း ရေးဆွဲမှုနှင့် မဟာဗျူဟာ ပံ့ပိုးမှုပိုင်းတွင် ပါဝင်လျက်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆို ထားသည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ ပါဝင်ပတ်သက်မှု

တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများစွာသည် လောင်းကစားမြို့သစ် စီမံကိန်း သုံးခုအနက် နှစ်ခုတွင် ပါဝင် ပတ်သတ် နေလျက် ရှိပါသည်။ ယင်းတို့တွင် China Railway 20th Bureau Group (CR20) လည်း အပါအဝင် ဖြစ်ပြီး၊ ဧပြီလ ၂၀၁၉ တွင် ရှန်းရှီးပြည်နယ်၌ ရထိုက်မြို့သစ် စီမံကိန်းဖြင့် မဟာဗျူဟာ သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ပါသည်။

CR20 သည် အပြည့်အ၀ နိုင်ငံပိုင် လုပ်ငန်း တစ်ခုဖြစ်ပြီး ဝန်ထမ်း ၂၀,၀၀၀ နီးပါး ရှိကာ ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင် ခဲ့သည့် အချိန်မှစ၍ အဓိက မီးရထားလမ်း နှင့် ကားလမ်း စီမံကိန်းပေါင်း ခြောက်ရာကျော် တည်ဆောက်ပြီးစီး ထားသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံရပ်ခြား အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးတွင် အဓိကထား လုပ်ဆောင်သော MCC နိုင်ငံတကာ ကော်ပိုရေးရှင်းသည်လည်း တရုတ်နိုင်ငံပိုင် လုပ်ငန်းတစ်ခု ဖြစ်ပြီး ရထိုက်မြို့သစ် စီမံကိန်းထံမှ အဓိက ဆောက်လုပ်ရေး ကန်ထရိုက်များစွာ ရရှိခဲ့ပါသည်။ MCC ၏ သတင်းထုတ်ပြန်ချက် တစ်ခုအရ ၎င်းသည် ရွှေကုက္ကိုလ်တွင် စတုရန်းမီတာ ၇၀,၀၀၀ ကျော် ကျယ်ဝန်းသော ဟိုတယ်များ တည်ဆောက်ရန် နှင့် အခြားသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ကန်ထရိုက် ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။

ထိုအချိန်မှာပင် Saixigang စီမံကိန်းကို ကြည့်ပါက နိုင်ငံပိုင် လုပ်ငန်းတစ်ခု ဖြစ်သော China Railway 20th Bureau Group ၏ ကိုယ်စားလှယ် ဖြစ်သူက ယွမ် ၃၃၃ သန်း (ကန်ဒေါ်လာ ၄၆ သန်း) ရင်းနှီးမြုပ်နှံရန် Dongmei ကုမ္ပဏီဖြင့် သဘောတူညီမှု ရရှိခဲ့ပါသည်။ တနည်းအားဖြင့် တရုတ်နိုင်ငံပိုင်လုပ်ငန်း များသည် တရုတ်ပြည်ရှိ စနစ်တကျ ကြံစည်ကျူးလွန်သော ရာဇဝတ်မှု များဖြင့် ချိတ်ဆက်မှု ရှိနေသည့် ရာဇဝတ်ကောင်များအား ပံ့ပိုးမှုပေးရန် သဘောတူညီလိုက်ခြင်းသာ ဖြစ်ပါသည်။

အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ၏ ပံ့ပိုးမှု

ရွှေကုက္ကိုလ် စီမံကိန်း ရေးဆွဲချိန် မှစ၍ စီမံကိန်း ဖွံ့ဖြိုးရေး လုပ်ဆောင်မှု အထိ တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ် (CFOCE) သည် အခန်းကဏ္ဍ တစ်ခုတွင် ပါဝင် ခဲ့ပါသည်။ ယင်းအချက်က ကုမ္ပဏီသည် တရုတ်ကွန်မြူနစ် ပါတီ၏ အကျိုးစီးပွားကို ဖော်ဆောင်နေသည့် အရေးပါသော အေဂျင်စီများထံမှ ပံ့ပိုးမှု ရရှိနေကြောင်း ဖော်ပြနေသည်။

တရုတ်ကွန်မြူနစ် ပါတီ နှင့် တရုတ်အစိုးရ တို့က ပြည်ပရှိ တရုတ်လူမျိုး များနှင့် ဆက်သွယ်နိုင်ရန် ဖွဲ့စည်းထားသော တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်တော်ပြန် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ အဖွဲ့ချုပ် (AFROC) လက်အောက်တွင် CFOCE ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ AFROC သည်လည်း ကမ္ဘာအနှံ့ရောက် ပြည်ပရှိ တရုတ်လူမျိုးများ တရုတ်ကွန်မြူနစ် ပါတီ၏ မူဝါဒများကို ထောက်ခံရန် လုပ်ဆောင်နေရသည့် ညီညွှတ်သော တပ်ဦး ဌာန (United Front Department) လက်အောက်မှ ယူနစ်တစ်ခုသာ ဖြစ်ပါသည်။

ကမ္ဘာအချမ်းသာဆုံး သူများတွင် တစ်ဦး အပါအဝင် ဖြစ်သော Shimao Property ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သည့် ဩစတြေးလျ နိုင်ငံသား ခံယူထားသူ Xu Rongmao က CFOE ကို ဦးဆောင်ပါသည်။ ၂၀၁၇ တွင် CFOE သည် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံ ကို ရန်ကုန်၌ ကျင်းပခဲ့ပြီး ရွှေကုက္ကိုလ် ရထိုက် စီမံကိန်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို ယင်းညီလာခံအတွင်း ထည့်သွင်း ကျင်းပခဲ့ပါသည်။

အခမ်းအနားကို Xu က ဧည်ခံကျင်းပခဲ့ သလို “ရွှေကုက္ကိုလ် စီမံကိန်းသည် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ အကြား စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ တစ်ခုဖြစ်သည်” ဟု Xu က ဆင်ဟွာ မီဒီယာသို့ ပြောကြားခဲ့ပါသည်။ ယင်းသတင်း ဆောင်းပါတွင်ပင် ရွှေကုက္ကိုလ် စီမံကိန်းသည် “BRI အစီအစဉ်နှင့် တပြိုင်နက်တည်း ဖြစ်ကြောင်း”၊ ရင်းနှီးမြုပ်နှံမှု များသည်လည်း မြန်မာနိုင်ငံ၏ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု ဥပဒေဖြင့် အကာအကွယ် ရရှိလိမ့်မည်ဟု ဖော်ပြထား ပါသည်။ ယင်းအခမ်းအနားတွင် She Zhijiang ကို CFOE ၏ ဒုတိယ ဥက္ကဌအဖြစ်လည်း ဖော်ပြထားပါသည်။

စီမံကိန်း အကောင်အထည်ဖော်မှု နောက်ပိုင်းအဆင့် များတွင် Xu အနေဖြင့် တိုက်ရိုက် ပါဝင်ပတ်သတ်မှု ရှိသည့် အထောက်အထားများ မတွေ့ရှိရသော်လည်း ရထိုက် လုပ်ငန်းစု(Yatai IHG) ဒါရိုက်တာအဖွဲ့ဝင် သုံးဦးသည် ၂၀၁၈ ခုနှစ်တွင် CFOE ၏ ဒုတိယ ဥက္ကဌများ အဖြစ် ဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရပါသည်။ ယင်းမှာ အစိုးရတစ်ပိုင်း အေဂျင်စီ တစ်ခုအပေါ် ရထိုက် လုပ်ငန်းစု က တိုက်ရိုက် လွှမ်းမိုးမှု ရှိသည်ကို ပြသနေခြင်း ဖြစ်ပါသည်။

CFOE အဖွဲ့ချုပ်သည် ၎င်း၏ WeChat စာမျက်နှာတွင် ရထိုက် စီမံကိန်း အကြောင်း ဆက် လက်၍ ကြေငြာ အမွှန်း တင်လျက် ရှိသည်ကို တွေ့နေရပြီး ရထိုက် ကုမ္ပဏီ၏ ပရဟိတ လုပ်ဆောင်မှုများ အကြောင်း နှင့် မကြာသေးမီက ကိုရိုနာ ကပ်ရောဂါ တုံ့ပြန်ချက် အနေဖြင့် ကရင်ပြည်နယ် အစိုးရအား ပံ့ပိုးမှု တို့ကို ဖော်ပြထားပါသည်။

ရထိုက် လုပ်ငန်းစု (Yatai IHG) ၏ အစီအစဉ်များကို ပံ့ပိုးနေသော အစိုးရတစ်ပိုင်း အေဂျင်စီ အနေဖြင့် CFOE တစ်ဖွဲ့တည်း ရှိသည် မဟုတ်ပါ။ ကွန်မြူနစ်ပါတီ၏ မိတ်ဖက် နိုင်ငံရေး ပါတီများ သို့မဟုတ် ဒီမိုကရက်တစ် ပါတီ များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေး အကြံပေး အဖွဲ့အစည်း ဖြစ်သော တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ၏ တိုက်ရိုက် စီမံမှု အောက်တွင် “တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးမှု ညီလာခံ” သတင်းစာ (CPPCC News) ဟူသော အမည်ဖြင့် သတင်းဌာန တစ်ခု ရှိပါသည်။

တခါတရံတွင် တရုတ်ဥပဒေပြု အောက်လွှတ်တော် အဖြစ် ယူဆခြင်း ခံရသော်လည်း CPPCC သည် ကျွမ်းကျင်သူများစွာ အမြင်တွင်မူ တရုတ် ကွန်မြူနစ် ပါတီ၏ အစီအစဉ် နှင့် မူဝါဒများကို အတည်ပြုပေးရသည့် အမည်ခံ အဖွဲ့အစည်းသာ ဖြစ်ပါသည်။ ယင်းညီလာခံတွင် တရုတ်ကုမ္ပဏီ များစွာ ပါဝင်နေသလို၊ အငြိမ်းစား အရာရှိများ နှင့် နိုင်ငံရေး ခေါင်းဆောင်များဖြင့် ရင်းနှီးသည့် လွှမ်းမိုးမှု ရှိသော တသီးပုဂ္ဂလ များလည်း ပါဝင်ကြ ပါသည်။ ၂၀၁၉ ခုနှစ် တစ်လျှောက် CPPCC သတင်းစာသည် ရထိုက် လုပ်ငန်းစုနှင့် အင်တာဗျူး များစွာကို ထုတ်လွှင့် တင်ဆက်ခဲ့ပြီး ရထိုက် စီမံကိန်း များအား ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပုံဖော်တင်ပြ ခဲ့ပါသည်။

ယင်းတို့အနက် ရထိုက် အုပ်ချုပ်ရေး အဖွဲ့အား CPPCC သတင်း စတူဒီယို ထံသို့ ဖိတ်ခေါ်ကာ ကရင်ပြည်နယ်အတွင်း ကုမ္ပဏီ၏ လုပ်ဆောင်မှုများ အကြောင်း ထုတ်ဖော် တင်ပြမှုများ ပါဝင်သလို ကုမ္ပဏီသည် တရုတ်အစိုးရ မူဝါဒများအား မျိုးချစ်စိတ်ဓါတ်ဖြင့် အလေးအနက်ထား အကောင်အထည် ဖော်လျက်ရှိကြောင်း ကြွားဝါမှု များလည်း ပါဝင်ပါသည်။

CPPCC သတင်းဌာနနှင့် ချိတ်ဆက်နိုင်ရန် ရထိုက် လုပ်ငန်းစု ကို CPPCC ၏ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံအနှံ့ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်နေသူ ဟိုင်နန်ပြည်နယ် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်သည့် Zhong Baojia က ကူညီပေးခဲ့ ပါသည်။ Zhong သည် ယင်းရာထူးကို ဟိုင်နန်ပြည်နယ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ တွင် ၁၉၉၀ ခုနှစ် ကတည်းက ရရှိခဲ့ခြင်း ဖြစ်ပြီး ယခုထိတိုင် ယင်းရာထူးအတိုင်း ရှိနေဆဲဖြစ်သည်။၆၆ ၎င်းသည် ဟိုင်နန်ပြည်နယ် အစိုးရနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိ‌ပြီး ကွန်မြူနစ် ပါတီ၏ ညီညွှတ်သောတပ်ဦး ဌာန (United Front Department) သို့ ငွေကြေးများစွာ လှူဒါန်း ထားသလို ၎င်း၏ ကုမ္ပဏီ တစ်ခုသည်လည်း ပြည်နယ်တွင်း ကျောင်းများဆောက်လုပ်ရန် နှင့် ပြည်သူ့လုပ်ငန်းများ အတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ ပါသည်။

ရထိုက်မြို့သစ် စီမံကိန်း တွင် Zhong ၏ ရှယ်ယာများ ပါဝင်မှု ရှိ၊မရှိ မသေချာသော်လည်း ၎င်းသည် ရထိုက်လုပ်ငန်းစု (Yatai IHG) ၏ ဖက်စပ်ဖြစ်သော ဘေဂျင်းအခြေစိုက် ကုမ္ပဏီတစ်ခုတွင် ရာထူးနေရာ တစ်ခုကို ရယူထား ပါသည်။

တရုတ်အစိုးရ အရာရှိများ၏ ပတ်သက်မှုကြောင့် ပေါ်ထွက်လာသည့် ဂယက်ရိုက်ခတ်မှုများ

သုတေသန အကြံပေးအဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် တစ်သီးပုဂ္ဂလ ဖြစ်စေ အဖွဲ့အစည်းအလိုက် ဖြစ်စေ ချိတ်ဆက်နေသူများသည် မြို့သစ် စီမံကိန်းများတွင် ပါဝင်ပတ်သတ်ခြင်း အားဖြင့် အကျိုးအမြတ်များ ရရှိခြင်းမှာ ဖြစ်နိုင်ဖွယ် ရှိပါသည်။

၎င်းတို့ အနေဖြင့် စုံစမ်းစစ်ဆေးမှု မလုပ်ဆောင်ခြင်း သို့မဟုတ် ဂဃနဏ မစိစစ်လိုခြင်း နှင့် အကျိုးအမြတ်ကို အိတ်ထဲပိုက်၍ မြန်မြန်ဆန်ဆန် ပြီးမြောက်ရန် လုပ်ဆောင်ခဲ့ခြင်း မျိုးလည်း ဖြစ်နိုင်ပါသည်။ သေချာသည်မှာ လောင်းကစားမြို့တော် အကောင်အထည်ဖော်သူ များက အစိုးရ အရာရှိများ၏ ပါဝင်ပတ်သက်မှု များကို အသုံးချပြီး စီမံကိန်းများ အတွက် တရားဝင် အကာအကွယ် ရယူလိုခြင်း ပင်ဖြစ်သည်။

ထို့ပြင် တရုတ်ပြည်သူပိုင် လုပ်ငန်း နှင့် ပုဂ္ဂလိပိုင်က လုပ်ငန်း တို့မှာ ရောထွေးယှက်နွယ် နေသည်ဖြစ်ရာ လုပ်ငန်းရှင်များ အနေဖြင့် ပုံစံနှစ်မျိုးဖြင့် လှုပ်ရှားနိုင်ရန် အခွင့်အလမ်း ရရှိနေပြီး မိမိကိုယ်ကို ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ အဖြစ် ပြောဆိုသူများပင် ယင်းအခြေအနေကို အခွင့်ကောင်း ယူလျက် ရှိပါသည်။

မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ အနေဖြင့် ဤအငြင်းပွားဖွယ် စီမံကိန်းများတွင် အစိုးရ ဌာနများနှင့် ဩဇာကြီးမားသည့် တရုတ်လူမျိုးများ ပါဝင်နေလျက် ရှိသည်ကို အသိအမှတ်ပြုရမည် ဖြစ်ပြီး အထက်ပါ ပူးပေါင်းမှု များအပေါ် အာရုံစိုက် စိစစ်သင့် ပါသည်။

အဘယ်ကြောင့်ဆိုသော် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) ၏ ပုံရိပ်ကို အထက်ပါ ရာဇဝတ်မှုခင်း ဖြစ်ရပ်များက ဖျက်ဆီးနိုင်ဖွယ် ရှိသောကြောင့် ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနေဖြင့်လည်း ယင်းစီမံကိန်း များသည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) ဖြင့် သက်ဆိုင်မှု မရှိကြောင်း၊ ဘေဂျင်းမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း တို့ကို မြန်မာနိုင်ငံအား ရှင်းရှင်းလင်းလင်း ထုတ် ဖော်ပြောဆို ရမည်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

ဓာတ်ပုံ- ၂၀၁၉ခုနှစ် မေလ ၁၄ ရက်နေ့ ရန်ကုန်မြို့တွင် တရုတ်-မြန်မာစီးပွားရေးဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးမှု မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ Mr.Li Fuquan နှင့် မြ၀တီလောင်းကစားမြို့တော်စီမံကိန်း အကောင်အထည်ဖော်သော ရထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ Mr. She Lunkai တို့တွေ့ဆုံကြစဉ်။Photo Credit – http://cm-ecd.org

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts