All News China Watch Features

တရုတ်ဘဏ်များ၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ်များ၊ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်များ ပါဝင်ပတ်သက်နေသော မြဝတီလောင်းကစားဒုစရိုက်မြို့တော် မတားဆီးနိုင်သေး

တရုတ်ဘဏ်များ၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ်များ၊ ရာဇဝင်လူဆိုးဂိုဏ်းခေါင်းဆောင်များ ပါဝင်ပတ်သက်နေသော မြဝတီလောင်းကစားဒုစရိုက်မြို့တော် မတားဆီးနိုင်သေး

By Jason Tower နှင့် Priscilla A. Clapp

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ BLOCKCHAIN နည်းပညာ အခြေပြု ကာစီနိုမြို့သစ် များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှု အပေါ် ခြိမ်းခြောက်နေလျက် ရှိသည်။

လက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထားသော၊ မြန်မာ့ ဥပဒေ စိုးမိုးမှု မရှိသော နယ်မြေများတွင် နိုင်ငံဖြတ်ကျော် မှုခင်းကွန်ရက်များ ခိုင်မာစွာ အမြစ်တွယ် နိုင်ရန် ဒီဂျစ်တယ် နည်းပညာက အကူအညီ ပေးနေပါသည်။

ငယ်ရွယ်သော လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ Douglas Gan သည် ဇန်နဝါရီ ၂၀ ရက်နေ့၊ ဖိလစ်ပိုင် ရုပ်သံလိုင်း တစ်ခုတွင် ၎င်းကုမ္ပဏီ ပါဝင်ပတ်သတ်နေသည့် စီမံကိန်းအသစ် ဖြစ်သော စိတ်လှုပ်ရှားဖွယ် “စမတ် မြို့သစ်” အကြောင်း ပြောကြားခဲ့ပါသည်။ တီရှပ်အဖြူ နှင့် အပေါ်တွင် ခေါင်းစွပ်အင်္ကျီ ဝတ်ထားသည့် Gan က ၎င်း၏ ကုမ္ပဏီတစ်ခုဖြစ်သော Building Cities Beyond Blockchain သည် မြန်မာနိုင်ငံရှိ ရထိုက်မြို့သစ် စီမံကိန်းတွင် ပါဝင်နေကြောင်း အဆောက်အအုံနှင့် ပိုင်ဆိုင်မှုပစ္စည်း လွှဲပြောင်းမှုများ လျင်မြန်စွာ ဖြစ်ပေါ်နေပြီး blockchain နည်းပညာ အသုံးဝင်လာဖွယ် ရှိကြောင်း တို့ကို ရှင်းပြခဲ့ပါသည်။ ရုပ်သံတင်ဆက်သူက ယင်းမှာ အစပျိုးနေပြီလားဟု ပြောဆိုခဲ့ရာ Gan က ဟုတ်မှန်ကြောင်း သဘောတူခဲ့ပါသည်။

Gan ၏ ပြောဆိုချက်မှာ အသစ်အဆန်း မဟုတ်ပါ။ Blockchain လုပ်ငန်း လုပ်ဆောင်သူများက ၎င်းတို့၏ အွန်လိုင်း လယ်ဂျာများသည် ကြားခံလူများနှင့် ငွေလွှဲခများမလိုဘဲ စာရင်းသွင်းလိုသူများမှ တိုက်ရိုက်လျင် မြန်စွာ စာရင်းပေးသွင်းပြီး သဘောတူညီချက်များကို အတူပြုနိုင်ကြောင်း အလေးထားပြောဆိုလေ့ရှိသည်။

ရထိုက်မြို့သစ်စီမံကိန်း အတွက် Building Cities Beyond Blockchain (BCB Blockchain) မှ လုပ်ဆောင်ပေး သည့် လယ်ဂျာစနစ်တွင်မူ လွှဲပြောင်းမှုများ အတွင်းရှိ ကြားခံလူကို ဖြတ်တောက်ရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ၊ မြန်မာအာဏာပိုင်များ ကြားမှမပါဝင်လာနိုင်စေရန် လုပ်ဆောင်ခြင်း သက်သက်သာ ဖြစ်နေသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်တွင် ဆောက်လုပ်ဆဲဖြစ်သော ကန်ဒေါ်လာ ၁၅ ဘီလီယံ တန်ကြေးရှိ ရထိုက်မြို့တော်သစ်မှာ blockchain နည်းပညာကို အသုံးပြု၍ မြန်မာ့ဥပဒေ သက်ရောက်မှု ပြင်ပတွင် လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန် ပြင်ဆင်ထားနှင့်ပြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင်းရှိ ဒုစရိုက် လုပ်ငန်းများတွင်လည်း ပါဝင်ခဲ့သလို နိုင်ငံဖြတ်ကျော် မှုခင်းကွန်ရက်များဖြင့် ချိတ်ဆက်မှုရှိသော BCB Blockchain မှာ ရထိုက်စီမံကိန်းတွင် အရေးပါ သောနေရာမှ ပါဝင်နေပါသည်။

Gan နှင့် ၎င်း၏ မိတ်ဖက် စင်္ကာပူ အခြေစိုက် လုပ်ငန်းများသည် ၂၀၁၉ ခုနှစ်တွင် ရထိုက်မြို့သစ် ဖော်ဆောင်သည့် ကုမ္ပဏီဖြစ်သော Yatai IHG ၏ blockchain နည်းပညာဆိုင်ရာ မိတ်ဖက် ဖြစ်လာပြီး ရထိုက်မြို့သစ် စီမံကိန်းတွင် ပါဝင် ခဲ့ပါသည်။ Gan ၏ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီသည် BCB လုပ်ငန်းထဲသို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထည့်သွင်းခဲ့ပြီး ၎င်း၏ ထုတ်ပြန် ကြေငြာချက်များအရ ကုမ္ပဏီသည် အရှေ့တောင်အာရှ အနှံ့၊ စမတ်မြို့တော်များကို တည်ဆောက်ရာတွင် ဦးဆောင်နိုင်ရန် ရည်မှန်းသည်ဟု သိရပါသည်။

နာမည်ဝှက်များစွာ ရှိပြီး လျှို့ဝှက် သိုသိပ်စွာ နေထိုင်သော တရုတ်လုပ်ငန်းရှင် She Zhijiang ဦးဆောင်သည့် ရထိုက်မြို့သစ် စီမံကိန်းသည် ကရင်ပြည်နယ်တွင် ပေါ်ထွက်လာသော လောင်းကစားလုပ်ငန်း အသားပေး နယ်မြေ သုံးခုအနက် တစ်ခု ဖြစ်ပါသည်။ အသေးစိတ် အကောင်အထည်ဖော်မှုတွင် ကွာခြားနိုင်သော်လည်း စီမံကိန်း သုံးခုလုံးတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် ဆက်စပ်နေသည့် နိုင်ငံစုံမှ တစ်သီးပုဂ္ဂလများ ပါဝင်မှု ရှိနေပြီး မြန်မာနိုင်ငံ အရပ်သားအစိုးရ လက်လှမ်းမမီသည့် နယ်မြေတွင် ဒေသဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ လုပ်ငန်း အကောင်အထည်ဖော်သည့် ပုံစံခြင်းလည်း တူညီပါသည်။ ၎င်းတို့၏ ပစ်မှတ်မှာလည်း တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိသည့် တရုတ်နိုင်ငံ၏ တရားမဝင် အွန်လိုင်းလောင်းကစား ဈေးကွက်ပင် ဖြစ်သည်။

ရထိုက်မြို့သစ် စီမံကိန်းသည် မြန်မာ့တပ်မတော် လက်အောက်ရှိ ပြည်သူ့စစ်အဖွဲ့အစည်း ဖြစ်သော ကရင် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) ၏ အကာအကွယ် အောက်တွင် လုပ်ငန်း အကောင်အထည် ဖော်နေခြင်း ဖြစ်ပါသည်။ Yatai IHG သည် လွန်ခဲ့သော သုံးနှစ်က ကျေးရွာတစ်ရွာမျှသာ ဖြစ်ခဲ့သော မြေ ၂၉,၆၅၂ ဧက ပေါ်တွင် “နည်းပညာ” နှင့် “ဖျော်ဖြေရေး” ကုမ္ပဏီများ အခြေချနိုင်မည့် “စမတ်မြို့တော်” တစ်ခုကို လျှို့ဝှက်တည်ဆောက် နေခဲ့ခြင်း ဖြစ်သည်။

Yatai IHG နှင့် ၎င်း၏ မိတ်ဖက်များက ယင်း “စမတ်မြို့တော်” ဆိုသည်မှာ အစိုးရ၏ စည်းကြပ်မှု နှင့် ဥပဒေစိုးမိုးရေး အဖွဲ့များကို ရှောင်ရှားနိုင်မည့် ဒစ်ဂျစ်တယ်ဇုံပင် ဖြစ်သည်ဟု ၎င်းတို့၏ အရောင်းမြှင့် တင်ရေး ကြော်ငြာများတွင် အတိအလင်း ဆိုထားပါသည်။

ခရစ်ပ်တိုငွေကြေးများ သို့မဟုတ် ဒစ်ဂျစ်တယ်ငွေကြေးများ

Blockchain နည်းပညာကို နားလည်လိုပါက အဖွဲ့အစည်းများအကြား ငွေကြေးလွှဲပြောင်းမှု ဆိုင်ရာ မှတ်တမ်းများ၊ သဘောတူညီမှု မှတ်တမ်း နှင့် မိတ္တူများကို ထိန်းသိမ်းထားသည့် လယ်ဂျာစာရင်းတစ်ခု ကို မြင်ယောင်ကြည့်ပါ။ ယင်းမှတ်တမ်းများကို ထိန်းသိမ်းထားပါက အချင်းချင်း လွှဲပြောင်းကူးသန်းမှုနှင့် စပ်လျဉ်း ၍ အငြင်းပွားစရာ ရှိနိုင်မည် မဟုတ်ပါ။ Blockchain နည်းပညာသည်လည်း အထက်ပါ လယ်ဂျာ စာရင်း တစ်ခုအတိုင်း အွန်လိုင်းပေါ်တွင် လုပ်ဆောင်နိုင်ပြီး လွှဲပြောင်းကူးသန်းမှုများကို မှတ်တမ်းတင်ထားနိုင်ပါ သည်။ ယင်း အွန်လိုင်းလယ်ဂျာကို အတူတကွ ပူးပေါင်းပိုင်ဆိုင်မှုဖြင့် အသုံးပြုနိုင်ပါသည်။

ယင်းနည်းပညာနှင့် ခရစ်ပ်တိုငွေကြေး သို့မဟုတ် ဒစ်ဂျစ်တယ်ငွေကြေးတို့ကို ပေါင်းစပ်၍လည်း အသုံးပြုနိုင် ပြီး ရထိုက်မြို့သစ် စီမံကိန်းက ၎င်း၏ ဝန်ဆောင်မှု အားလုံးအတွက် ဒစ်ဂျစ်တယ် အဆောက်အအုံ တည် ဆောက်ပေးရန် BCB Blockchain ထံ လုပ်ငန်းအပ်နှံခဲ့ခြင်းဖြစ်သည်။ Gan ၏ အဆိုအရ ဒစ်ဂျစ်တယ် အဆောက်အအုံ (စနစ်) အတွင်းတွင် ဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လစာငွေ ရှင်းတမ်း နှင့် ဒီဂျစ်တယ်ငွေပေးချေမှု စသည့်တို့ပါဝင်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် မြန်မာအာဏာပိုင်များ၏ ဝန်ဆောင်မှု၊ အခကြေးငွေကောက်ခံမှုနှင့် အခွန်ကောက်ခံမှုဆိုင်ရာ အရပ်ရပ်တို့မှ ရှောင်လွဲနိုင်မည် ဖြစ်သည်။

ယင်းကဲ့သို့ ဘက်စုံသုံးနိုင်ပြီး လွယ်ကူစွာရယူနိုင်ရန်အတွက် Yatai IHG နှင့် BCB တို့သည် Fincy ဟုခေါ်သည် ကမ္ဘာလုံးဆိုင်ရာ လူမှုကွန်ရက်နှင့် ငွေပေးချေမှု အက်ပလီကေးရှင်း ကို ဖန်တီးခဲ့ပြီး ဧပြီလတွင် ရထိုက်မြို့သစ်၌ စတင် အသုံးပြုခဲ့သည်။ Fincy ကို အသုံးပြု၍ နယ်စပ်ဖြတ်ကျော် ငွေပေးချေခြင်း၊ ငွေလဲလှယ်ခြင်း နှင့် ခရစ်ပ်တို ငွေကြေးဝယ်ယူခြင်း စသည်တို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထို့မျှသာမက Fincy ကို လူမှုကွန်ရက်၊ အလိုအလျောက် ငွေပေးချေခြင်း၊ မြို့ဝန်ဆောင်မှုရယူခြင်း၊ အွန်လိုင်းရောင်းဝယ်ခြင်းနှင့် “ဂိမ်း နှင့် ဖျော်ဖြေရေး” တို့ အတွက်လည်း အသုံးပြု နိုင်မည်ဖြစ်သည်။ အွန်လိုင်းတွင် ဖော်ပြထားချက် အရ Fincy ကို BCB blockchain စနစ် ပေါ်တွင် တည်ဆောက်ထားပါသည်။ ယင်းတွင် ကြားလူ ဖတ်မရအောင် ပြုပြင်ထားသည့် (encryption) စနစ်ကို အသုံးပြုခြင်းကြောင့် လွှဲပြောင်းမှု များ၏ “တည်နေရာကို ဖော်ပြခြင်း မရှိ” ပဲ ရထိုက်မြို့သစ်ရှိ လူဦးရေသန်းဝက် အနေဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှုရှိစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

ယင်းကဲ့သို့ တည်ဆောက်မှုများသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် သို့မဟုတ် မည်သည့်အစိုးရဝန်ကြီးဌာန များ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင် ထားခြင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမှာ မြန်မာနိုင်ငံ၏ အချုပ် အခြာ အာဏာပိုင်မှုအပေါ် အဓိက ခြိမ်းခြောက်နေခြင်း ဖြစ်ပါသည်။

Fincy ၏ အနာဂါတ်

ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင် နိုင်ငံတို့၌ Yatai IHG နှင့် BCB တို့ လုပ်ဆောင်ခဲ့သည့် ပုံစံများကို ကြည့်၍ ယခု ဒီဂျစ်တယ် အဆောက်အအုံ၏ ဖြစ်နိုင်ဖွယ် ရေရှည် ရည်မှန်းချက်ကို မှန်းဆနိုင်ပြီး Fincy ၏ နောက်ကွယ်တွင် မရိုးသားမှု များစွာ ရှိနေသည်ကို တွေ့နိုင်ပါမည်။

BCB သည် ဖိလစ်ပိုင် နိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ အလျင်အမြန် ဖွံ့ဖြိုးလာသည့် လောင်းကစား လုပ်ငန်းများ အတွက် ရည်ရွယ်ပြီး ခရစ်ပ်တိုငွေ အသစ်တစ်မျိုး မိတ်ဆက်ခဲ့ပါသည်။ BCB ၏ ခရစ်ပ်တိုငွေ အကြောင်း အရောင်း မြှင့်တင် ရေး ကြော်ငြာများတွင် ဖော်ပြထားချက်အရ ယင်းငွေသည် “ဖိလစ်ပိုင်နိုင်ငံရှိ လောင်းကစား လုပ်ငန်းအတွင်း သုံးစွဲသူ သန်း ၃၀ ကျော် ရှိသည့် BB Pay ဖြင့် မိတ်ဖက်ပေါင်းစပ်” ထားပြီး “BCB ခရစ်ပ်တိုငွေ သည် လောင်းကစား လုပ်ငန်း ကဏ္ဍ တစ်ခုလုံးအတွက် ဝန်းကျင်တစ်ခု တည်ဆောက်မည့် အကြောင်း” ရှင်းလင်းထားသလို ယင်းကို “လောင်းကစားဝန်ဆောင်မှု (Gamble as a Service – GaaS)” ဟု နာမည်ပေးထားကြောင်း သိရပါသည်။

BCB ခရစ်ပ်တိုငွေ သည် ၂၀၁၈ ခုနှစ် မတ်လအမီ “ မကာအို၊ လာအို၊ ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြား အွန်လိုင်း လောင်းကစားမှု ဆိုင်ရာ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွင် ဦးဆောင်သည့် စနစ်” ဖြစ်ရမည်ဟု ကြုံးဝါးခဲ့ပါသည်။

Yatai IHG သည် Blockchain နည်းပညာရပ် အပေါ် သက်ဝင်ယုံကြည်မှုများ ရှိလာပြီး၊ Yatai အုပ်စု၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ She Zhijiang ဦးဆောင်၍ ၂၀၁၈ ခုနှစ် မေလတွင် မနီလာ ၌ “Blockchain နည်းပညာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်မှု” အခမ်းအနား တစ်ခု ကျင်းပခဲ့သည်။ ယင်းအခမ်းအနား အပြီး မကြာခင်မှာပင် Yatai IHG သည် ဖိလစ်ပိုင်နိုင်ငံရှိ ၎င်း၏ ဖျော်ဖြေရေး လုပ်ငန်းတွင် BCB ခရစ်ပ်တိုငွေ ကို စတင်အသုံးပြု ခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဇွန်လ တွင် Yatai နှင့် BCB တို့သည် ဟောင်ကောင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီ SP Topstone Capital ဖြင့်ပူးပေါင်း၍ BCB ခရစ်ပ်တိုငွေ ကို ထုတ်ဝေခဲ့ပြီး နှင့် ခရစ်ပ်တိုငွေ အသစ် တစ်ခု အတွက် ရန်ကုန်တွင် ချေးငွေစာချုပ် ချုပ်ဆိုခဲ့ပါသည်။

နောက်ပိုင်းတွင် Yatai နှင့် BCB တို့ ပူးပေါင်း၍ Fincy ကို ဖန်းတီးလိုက်ပြီး ဖုန်းဖြင့် လောင်းကစားနိုင်သည့် အက်ပလီကေးရှင်းကိုဖန်တီးနိုင်ခဲ့သည်။ အဆိုပါအက်ပလီကေးရှင်းသည် Gan၏ “လောင်းကစားစနစ်တစ်ခုလုံး” ကို လည်ပတ်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။

စင်္ကာပူ အစိုးရ က ၂၀၁၉ ခုနှစ် ငွေပေးချေမှု ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းဥပဒေအရ Fincy ကို နယ်စပ်ဖြတ် ကျော် ငွေကြေးလွှဲပြောင်းမှု နှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တစ်နှစ်တာ ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။ Fincy သည် ယင်း ယာယီကင်းလွတ်ခွင့် ကို အသုံးပြု၍ အွန်လိုင်းမှတဆင့် ငွေကြေး ၁၄ မျိုး နှင့် ခရစ်ပ်တိုငွေကြေး ၁၂ မျိုး (BCB ခရစ်ပ်တိုငွေ နှင့် Yatai ဖက်စပ်ပါဝင်သော Huobi ခရစ်ပ်တိုငွေ) အကြား ငွေလဲလှယ်သည့် ဝန်ဆောင်မှု ပေးနေပါသည်။ ၎င်းသည် Union Pay နှင့် MasterCard စနစ်သုံး BCB debit ကတ်များကိုလည်း ထုတ်ဝေခဲ့ပြီး၊ ၎င်းတို့ကို ကမ္ဘာအနှံ့ရှိ ငွေထုတ်စက်တို့တွင် အသုံးပြု နိုင်ပါသည်။

စင်္ကာပူနိုင်ငံ ငွေကြေး အာဏာပိုင် အဖွဲ့၏ အဆိုအရ BCB အနေဖြင့် လက်ရှိ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လိုလျှင် ဇူလိုင် ၂၈ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာတင်သွင်း ရမည် ဖြစ်သည်။

Gan သည် ဇွန်လတွင် ၎င်းပိုင် ကမ္ဘောဒီးယား ကြားခံငွေပေးချေမှု ကုမ္ပဏီ ဖြစ်သည့် Diamond Exchange Cambodia အား Fincy အက်ပလီကေးရှင်း မှတဆင့် အွန်လိုင်းပေါ် တင်နိုင်ရန် နှင့် အရှေ့တောင်အာရှ အနှံ့ စီးပွားချဲ့ထွင်နိုင်ရန် Fincy (ကမ္ဘောဒီးယားတွင် ရှိသည့်) လုပ်ငန်းတွင်းသို့ အမေရိကန်ဒေါ်လာ ၁၁ သန်းကို ထည့်သွင်းခဲ့ပါသည်။ BCB သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ခြင်း မရှိခဲ့သော်လည်း ကမ္ဘောဒီးယား နိုင်ငံတွင်မူ ၂၀၁၉ ခုနှစ်၌ မှတ်ပုံတင်ခဲ့ပါသည်။

တရုတ်ဘဏ်လုပ်ငန်းများ

တရုတ်နိုင်ငံတွင် တရားမဝင်သကဲ့သို့ တရုတ် ဥပဒေ စိုးမိုးရေး အဖွဲ့များက ကမ္ဘာအနှံ့တွင် တိုက်ဖျက်နေသည့် လောင်းကစားလုပ်ငန်းကို BCB က ပေါ်ပေါ်ထင်ထင် အရောင်းမြှင့်တင်နေလျက်ရှိ ပါသည်။ သို့ဖြစ်ရာ BCB ဖက်စပ်ပိုင် Fincy အနေဖြင့် နယ်စပ်ဖြတ်ကျော် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် တရုတ်နိုင်ငံ၏ ဘဏ်စနစ် ကို တရားဝင် မည်ကဲ့သို့ အသုံးပြုနေ နိုင်သနည်း။

Fincy အတွက် ငွေကြေးလဲလှယ်မှု ပလက်ဖောင်း အသုံးပြုခွင့်ရရှိရန် BCB သည် ဘေဂျင်းအခြေစိုက် ခရစ်ပ်တို ငွေကြေး Wallets ထုတ်လုပ်သူ၊ blockchain နှင့် ခရစ်ပ်တို ငွေကြေး လုံခြုံရေး ကုမ္ပဏီ တစ်ခုဖြစ် သည့် Chains Guard Technology နှင့် မဟာဗျူဟာကျ ပူးပေါင်းလုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့သည်။ Chains Guard ကုမ္ပဏီသည်လည်း ခရစ်ပ်တိုငွေကြေး ထုတ်လုပ်သူများ၊ ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီများ နှင့် ငွေကြေးလွှဲ ပြောင်းမှု ပလက်ဖောင်း များစွာဖြင့်လည်း မိတ်ဖက် လုပ်ဆောင်လျက် ရှိပါသည်။ ယင်းအဆက်အသွယ် တို့ဖြင့် BCB သည် WeChat နှင့် AliPay တို့ကို ဆက်သွယ်နိုင်ခဲ့ပြီး ထိုမှတဆင့် တရုတ်နိုင်ငံ ဘဏ်လုပ်ငန်း တစ်ခုလုံးနှင့် ဆက်သွယ်ဆောင်ရွက် လာနိုင်ခြင်းလည်း ဖြစ်ပါသည်။

Fincy သည် ရထိုက်မြို့သစ် အဖြစ်တည်ဆောက်နေသည့် ရွှေကုက္ကိုလ် ဒေသတွင် အွန်လိုင်း ပလက်ဖောင်း အဖြစ် တရားဝင် ရောက်ရှိနေပြီး ဖြစ်သည်။ မြို့တော်ရှိ အကြီးဆုံး နိုက်ကလပ် ဖြစ်သည့် Arch အပါအဝင် အရောင်းဆိုင် များစွာက Fincy ပလက်ဖောင်း မှတဆင့် ငွေပေးချေမှု ပြုလုပ်နေကြပြီး ယင်းတို့အားလုံးမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားခြင်းမရှိ‌ပေ။ အင်တာနက်ပေါ်ရှိ ကြော်ငြာများ အရ ရထိုက်မြို့သစ်ရှိ ကုမ္ပဏီများ သည် အွန်လိုင်း လောင်းကစား အက်ပလီကေးရှင်း ဖြစ်သော “Fincy Blockchain Games” တွင် ခန့်အပ်နိုင်ရန် အတွက် ဝန်ထမ်းများ ခေါ်ယူနေသည်ကို တွေ့ရပါသည်။

ယင်းကဲ့သို့ blockchain နည်းပညာလုပ်ငန်းကို အသုံးချနေသူမှာ Yatai IHG တစ်ဖွဲ့တည်း မကပါ။ ကရင်ပြည်နယ်ရှိ အခြားသော လောင်းကစားမြို့တော် ဖြစ်သော Saixigang စီမံကိန်း နောက်ကွယ်ရှိ တစ်ချိန်က တရုတ်လူမိုက်ဂိုဏ်း 14K ၏ ခေါင်းဆောင်ဟောင်း ဖြစ်သော Wan Kuok-kui သည်လည်း ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ Allchain Block Chain လုပ်ငန်း နှင့် Hong (Triad) Coin အမည်ဖြင့် တည်ထောင်ထုတ်လုပ်ခဲ့ပါသည်။

၎င်း blockchain ကုမ္ပဏီ၏ မူဝါဒကြေငြာချက် တွင်လည်း Triad Coin ဖြင့် ကာစီနိုအတွက် ငွေကြေးလွှဲပြောင်းမှုများ လုပ်ဆောင်နိုင်မည့် အကြောင်း ရှင်းလင်းဖော်ပြထားပါသည်။ အခြားသော ခရစ်ပ်တို ငွေကြေး သို့မဟုတ် နိုင်ငံ တကာငွေကြေး အသုံးပြု၍ Triad Coin ကို ဝယ်ယူပြီးနောက် ယင်း Coin ကို ကာစီနို အကောင့်ထဲသို့ ထည့်မည်ဆိုလျှင် Allchain လယ်ဂျာစနစ်ဖြင့် ထိန်းသိမ်းထားသည့် ကာစီနိုငွေကြေးများ ရရှိမည် ဖြစ်သည်။ ကစား သမားအနေဖြင့် ယင်း ကာစီနို ငွေကြေးများဖြင့် လောင်းကစား ပြုလုပ်နိုင်ပြီး၊ ရှုံးနိမ့်မှုများကို လယ်ဂျာထဲ တွင် မှတ်တမ်းတင်ထားမည် ဖြစ်သည်။

အကျင့်ပျက်ခြစားနေသော လက်နက်ကိုင်အုပ်စုများ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း တရားမဝင် ငွေကြေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အဆင့်မြင့်နည်းပညာ အသုံးပြုနေခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။ ယင်းဒေသရှိ လက်နက်ကိုင်အဖွဲ့များ လျှို့ဝှက်စွာဖြင့် လုပ်ဆောင်နေသည့် ငွေကြေးခဝါချခြင်း၊ မူးယစ်ကုန်သွယ်ခြင်းနှင့် လက်နက် ရောင်းဝယ်ခြင်း စသည့် တရားမဝင် လုပ်ငန်းများကို ပိုမိုကျွမ်းကျင်သည့် နည်းလမ်းများ အသုံးပြုတတ်လာစေရန် Fincy က ပံ့ပိုးသကဲ့သို့ ဖြစ်နေပါသလား။

ယင်းသို့ဖြစ်ပါက မြန်မာနိုင်ငံနှင့်၎င်း၏ အိမ်နီးချင်း နိုင်ငံများအတွက် မည်ကဲ့သို့ ဂယက်ရိုက်ခတ်မှုများ ခံစားရမည်နည်း။ ယင်းမေးခွန်းများမှာ မြန်မာနိုင်ငံ၏ အနာဂါတ်၊ ဒေသတွင်းနိုင်ငံများနှင့် အမေရိကန်၏ မျှော်မှန်းချက်တို့ အပေါ်သက်ရောက်မှုများစွာ ရှိမည်ဖြစ်ပြီး ယင်းကိစ္စရပ်များအပေါ် နိုင်ငံတကာအာရုံစိုက်မှုနှင့် လေးလေးနက်နက် ပြန်လည်သုံးသပ်မှု ပြုလုပ်ရန် လိုအပ်နေပါသည်။

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts