All News Local News Peace

တပ်မတော်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်မှု၊ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ခြေလက်အင်္ဂါဆုံးရှုံးသူများ အကူအညီလိုအပ်နေ

တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှု၊ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ခြေလက်အင်္ဂါဆုံးရှုံးသူများ အကူအညီလိုအပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်တွင် တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှု ၊ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုများကြောင့် ကျည်ထိမှန်၍ ခြေလက်အင်္ဂါဆုံးရှုံးသူများရှိနေပြီး အင်္ဂါချို့တဲ့သူများ အ ကူ အညီလိုအပ်နေကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“တပ်မတော်က ပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး ခြေလက်အင်္ဂါ ဆုံးရှုံးတဲ့သူတွေကများတာပေါ့။ တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကျည်ဆန်ထိတာမျိုးက ရှိပေမယ့် နည်းတယ်။ လက်ရှိမှာ သူတို့တွေက အကူအညီလိုအပ်နေတယ်။ စားဝတ်နေရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက်။ သူတို့တွေက ဒုက္ခသည်စခန်းတွေမှာ ရှိနေပါတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

အသက် ၂၇ နှစ်အရွယ် မောင်စိုးဝင်းသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းအခြေစိုက် မြန်မာ့တပ်မတော် ၅၅၀ က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ ခြေတစ်ဖက်၊ လက်ချောင်းတချို့ဆုံးရှုံးခဲ့ရသည်။

အဆိုပါပစ်ခတ်မှုကြောင့် လူ ၈ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၇ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ သို့ရာတွင် ဒေသခံများက ပြောဆိုသကဲ့သို့ ယင်းလက်နက်ကြီးကျည်သည် တပ်မတော်က ပစ်ခတ်ခြင်းမဟုတ်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ငြင်းဆိုခဲ့သည်။

မောင်စိုးဝင်းသည် လက်ရှိတွင် စစ်တွေမြို့ရှိ အလိုတော်ပြည့်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် ခိုလှုံနေရပြီး ၎င်း ဆုံးရှုံးသွားသော ခြေလက်အင်္ဂါများအတွက် တရားမျှတမှုလိုလားကြောင်း၊ ကျူးလွန်သူကို အရေးယူစေလိုကြောင်း၊ နေရပ်ရင်း ပုဏ္ဏားကျွန်း ကျောက်ဆိပ်ကျေးရွာသို့ ပြန်လိုကြောင်း ပြောဆိုထားသည်။

“အလိုတော်ပြည့်ကျောင်းမှာဆိုရင် ခြေလက်အင်္ဂါဆုံးရှုံးတဲ့သူ မိန်းကလေး ၂ ဦးနဲ့ မောင်စိုးဝင်းကို တွေ့ခဲ့ပါတယ်။ မောင်စိုးဝင်းက ICRC က ပေးမယ့် ခြေတုတော့ ရထားတယ်။ မိန်းကလေး ၂ ဦးကတော့ စက်ချုပ်သင်တာမျိုးတွေ့ခဲ့ပါတယ်။ ကျနော် သိသလောက် တွေ့ကြုံရသလောက်တော့ အဲဒီလို ခြေလက်အင်္ဂါဆုံးရှုံးသူ ၂၀ နီးပါး ရှိတယ်။ သူတို့တွေမှာ အခက်အခဲတွေ အများကြီးပဲ။ ခြေလက်အင်္ဂါဆုံးရှုံးတဲ့သူတွေက ပိုပြီးတော့ အကူအညီ အထောက်အပံ့လိုအပ်ပါတယ်။ အစိုးရဘက်က ကူညီတာမရှိသလို သူတို့ကို ကူညီဖေးမတာ အင်မတန်ကို နည်းပါးပါတယ်” ဟု ဦးမြတ်ထွန်းက ဆိုသည်။

ရခိုင်တပ်တော်AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ၃၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Video Credit – ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

https://www.facebook.com/khitthitnews/videos/361367038256447/

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts