All News Local News Peace

တပ်မတော်က ဒေသခံ လူထုအပေါ် ညှဉ်းပန်းနှိပ်စက် ပစ်ခတ်ဟု ထုတ်ပြန်ပြီးနောက် ဆွစ်ဇာလန် Stucky ကုမ္ပဏီ အထက်ရဲရွာရေကာတာစီမံကိန်းမှ နုတ်ထွက်

တပ်မတော်က ဒေသခံ လူထုအပေါ် ညှဉ်းပန်းနှိပ်စက် ပစ်ခတ်ဟု ထုတ်ပြန်ပြီးနောက် ဆွစ်ဇာလန် Stucky ကုမ္ပဏီ အထက်ရဲရွာရေကာတာစီမံကိန်းမှ နုတ်ထွက်

ရန်ကုန်၊ အောက်တိုဘာ ၂၇

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Stucky ကုမ္ပဏီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြစ်ပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသော အထက်ရဲရွာရေကာတာဆောက်လုပ်ရေးစီမံကိန်းမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အတွင်းရှိမြစ်ချောင်းများအရေးလှုပ်ရှားမှုကွန်ရက်က ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ တွင် Stucky SA ကုမ္ပဏီမှ Business and Human Rights Resource Centre (BHRRC) အဖွဲ့ထံသို့ ရေကာတာဆောက်လုပ်မှုတွင် နုတ်ထွက်ကြောင်း စာပေးပို့ခဲ့ပြီး ယင်းပေးပို့စာထဲတွင် “ မိမိတို့ Stucky SA မှ အထက်ရဲရွာရေကာတာဆောက်လုပ်မှုတွင် ဆက်နွယ်မှုရှိတော့မည်မဟုတ်ကြောင်း” ထည့်သွင်းရေးသားခဲ့ကြောင်း သိရှိရသည်။

အစိုးရစစ်တပ်က အထက်ရဲရွာရေကာတာစီမံကိန်းအနီးတွင် ရေကာတာဆောက်လုပ်ရေးကို လုံခြုံရေး ယူပေးရန် အတွက် RCSS/SSA ကို စစ်ဆင်တိုက်ခိုက်စဉ် ဒေသခံပြည်သူလူထုများကို ညှင်းပန်းနှိပ်စက်ပစ်ခတ်သည်ဟု ရှမ်းပြည်နယ်လူ့အခွင့်အရေးမဏ္ဍိုင်က ၂၀၂၀ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသတင်းထုတ်ပြန်ပြီးနောက် ပိုင်း BHRRC အဖွဲ့က အထက်ရဲရွာရေကာတာနှင့် ပတ်သက်ဆက်နွယ်မှုရှိနေသော နိုင်ငံခြားကုမ္ပဏီများ ထံသို့ ရင်းနှီးမြှုပ်နှံထားမှုမှ နုတ်ထွက်ပေးရန် တိုက်တွန်းစာပေးပို့ခဲ့ကြောင်း သိရှိရသည်။

ရှမ်းလူအခွင့်အရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်တွင် အမည်နင့်တကွ ထည့်သွင်းရေးသားခဲ့သော ကုမ္ပဏီများ ကိုလည်း BHRRC က မေးမြန်းပြီး စီမံကိန်းမှ နုတ်ထွက်ရန် တောင်းဆိုမှုကို အကြောင်း ပြန်လည်ဖြေဆိုပေးရန်ကုမ္ပဏီများကို အကြောင်းကြားခဲ့ကြောင်း၊ စီမံကိန်းမှ နုတ်ထွက်ပေးရန် တောင်းဆိုစာ ပေးပို့ခဲ့သည့်ကုမ္ပဏီများတွင် High Tech Concrete Technology Co.,ltd၊ IPGRB (RAZEL-BEC’s joint venture in Burma၊ Stucky SA၊ Toshiba၊ Yunnan Machinery Import and Export Co.Ltd.၊ Zhejian Orient Engineering. တို့ပါဝင်ကြောင်း သိရှိရသည်။

Stucky SA ကုမ္ပဏီအပြင် Toshiba ကုမ္ပဏီက ၂၀၂၀ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် BHRRC ထံသို့ ပြန်လည်ဖြေဆိုပေးခဲ့ကြောင်း၊ ၎င်းကုမ္ပဏီက China’s Zhejiang Orient Engineering တရုတ်ကုမ္ပဏီ ပူးပေါင်းပြီး အထက် ရဲရွာ ရေကာတာနှင့် လုပ်ဆောင်နေသည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊ အခြေအနေအရ လိုအပ်မှသာ China’s Zhejiang Orient Engineering ကုမ္ပဏီကိုတောင်းဆို၍ မြန်မာရေအား လျှပ်စစ်ဌာနကိုမေးမြန်းပြီး အဆင်ပြေအောင်ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

Stucky SA ကုမ္ပဏီသည် အထက်ရဲရွာရေကာတာဆောက်လုပ်ရေးစီမံကိန်းတွင် နုတ်ထွက်သည့် ဒုတိယမြောက် ကုမ္ပဏီ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် ပြင်သစ်ကုမ္ပဏီ Engie က အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK)ထံသို့ မိမိတို့၏ ကုမ္ပဏီခွဲဖြစ်သော Lahmeyer ဂျာမနီသည် အထက်ရဲရွာ ရေကာတာဆောက် လုပ်ရေးနှင့် ဆက်နွယ်မှုမရှိတော့သဖြင့် မြန်မာ့လူ့အခွင့်အရေးချိုး ဖောက်သူများ ၏စာရင်း အမည်ပျက် စာရင်းထဲမှပယ်ဖျက်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

အင်္ဂလန်အခြေစိုက်မြန်မာအရေးလှုပ်ရှားသူများ အဖွဲ့ Burma Campaign (BCUK) က ဆွစ်ဇာလန် Stucky SA ကုမ္ပဏီထံသို့ ရဲရွာရေကာတာစီမံကိန်းမှ နုတ်ထွက်ရသည့်အကြောင်းအရင်း မေးမြန်းရာ ကုမ္ပဏီ၏ စီးပွားရေးဆိုင်ရာဥက္ကဌ Gruner/Stucky’s Head of Business Area Energy, Stefan Muetzenbergက အထက်ရဲရွာရေကာတာဆောက်လုပ်ရေးနှင့် ဆက်နွယ်မှု မရှိတော့ သော်လည်း သတင်းအချက်အလက် အစစ်အမှန် ဟုတ်ကြောင်း၊ မဟုတ်ကြောင်းကို တရားဝင်မကြေညာသေးဟု ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ တွင် အကြောင်းပြန်ခဲ့ကြောင်း သိရှိရသည်။

ရေကာတာဆောက်လုပ်မှုကြောင့်ထိခိုက်ခံနေရသည့် ဒေသခံပြည်သူလူထုများက လက်မှတ် ၂၀၀၀ နှင့်အတူ နမ္မတူမြစ်ပေါ်တည်ဆောက်မည့် ရေကာတာအားလုံးကို ရပ်တန့်ရေး ကူညီပေးပါရန်နှင့် ဒေသခံများ၏စကားသံကိုနားထောင်ပြီး ဒေသခံများ တောင်းဆိုသည့်အတိုင်း လုပ် ဆောင် ပေးနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ထံသို့တောင်းဆိုစာပေးပို့ခဲ့ကြကြောင်း သိရှိရသည်။

ယခင်လအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တောင်ဘက်၊ အထက်ရဲရွာရေကာ တာအနီးတဝိုက်တွင် မြန်မာ့ အစိုးရ စစ်တပ်က ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံ (၄၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အတွင်း နမ္မတူမြစ်ပေါ်တွင် အကြီးစားရေကာတာစီမံကိန်း ၃ ခုရှိနေပြီး နော်ဝေးနိုင်ငံပိုင် SN Power ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ၇၃၅ မဂ္ဂါဝပ် ထွက်ရှိမည့် အလယ်ရဲရွာစီမံကိန်း၊ တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန်နှင့် ပြင်သစ်နိုင်ငံမှ ကုမ္ပဏီများ ပါဝင်ဆောင်လျက်ရှိသော ၂၈၀ မဂ္ဂါဝပ် ထွက်ရှိမည့် အထက်ရဲရွာ ရေကာတာစီမံကိန်းနှင့် Natural Current Energy Hydropower ကုမ္ပဏီက ၂၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် နမ္မတူ(သီပေါ) ရေကာတာစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရေကာတာစီမံကိန်းရပ်တန့်ရေး တောင်းဆိုနေကြသည့် ဒေသခံများ။ Photo Credit – ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts