All News Election interview

“ညွှန့်ပေါင်းအစိုးရလိုမျိုး ဖြစ်သွားရင် အခြေခံဥပဒေပြင်နိုင်ဖို့ရာ လွယ်ကူလိမ့်မယ်။ တချို့ပါတီကြီးတွေကတော့ တိုင်းရင်းသားပါတီ ငယ်လေးတွေကတော့ အစိုးရ မဖွဲ့နိုင်ဘူး။ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုပြီး ဒါတွေကို လူထုတွေကို ယောင်ဝါးသွားအောင် ဝေဝါးသွားအောင် ဒီလိုမျိုးပြောနေ….”

“ညွှန့်ပေါင်းအစိုးရလိုမျိုး ဖြစ်သွားရင် အခြေခံဥပဒေပြင်နိုင်ဖို့ရာ လွယ်ကူလိမ့်မယ်။ တချို့ပါတီကြီးတွေကတော့ တိုင်းရင်းသားပါတီ ငယ်လေးတွေကတော့ အစိုးရ မဖွဲ့နိုင်ဘူး။ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုပြီး ဒါတွေကို လူထုတွေကို ယောင်ဝါးသွားအောင် ဝေဝါးသွားအောင် ဒီလိုမျိုးပြောနေ….”

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၆ ခုယှဉ်ပြိုင်မည်ဖြစ်ပြီး အင်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် တိုင်းရင်းသားပါတီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီအေနနဲ့ ရွေးကောက်ပွဲမှာ ဘယ်နေရာတွေ ဝင်ရောက်ယှဉ် ပြိုင်မှာလဲ။

ဖြေ။ ။ ကျွန်တော်တို့က ညောင်ရွှေမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ နောက်ပြီးတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ၂ နေရာ နောက်ပြီးတော့ တောင်ကြီးမြို့နယ်မှာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ နောက် အင်းတိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်က ၁ နေရာဆိုတော့ ကျွန်တော်တို့ ၆ နေရာယှဉ်ပြိုင်မှာပေါ့။

မေး။ ။ ပါတီမူဝါဒကဘာလဲ။

ဖြေ။ ။ ကျွန်တော်တို့ပါတီရဲ့ မူဝါဒကတော့ ကျွန်တော်တို့ဟာ လူမျိုးစုပါတီတစ်ခုဖြစ်တယ်။ လူမျိုးစုရဲ့ ကိုယ်ရဲ့ပါတီက ဘယ်ပါတီကြီးရဲ့ လက်အောက်ခံလည်း မဟုတ်ဘူးပေါ့။ ကိုယ့်ဟာကိုယ်သီးခြား ရပ်တည်တဲ့ပါတီ တစ်ခုဖြစ်တယ်။

နောက်တစ်ခုက မဟာအမိတ်ဖွဲ့တွေနဲ့ ကျွန်တော်တို့ အင်းလေးဒေသနဲ့ အင်းသားလူမျိုး အကျိုးအတွက်ဆောင်ရွက်မယ့် ပါတီဆိုရင် ကျွန်တော်တို့က မဟာမိတ်နဲ့ ဆက်ဆံမယ်ပေါ့။

နောက်တစ်ချက်က ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်တဲ့အခါမှာ ကျွန်တော်တို့က လူမျိုးစုတစ်ခုအနေနဲ့ ရပ်တည်ပြီးတော့မှ ကိုယ်ရဲ့ဒေသအကျိုးကိုယ့်ရဲ့ လူမျိုးအကျိုးအတွက် ကျွန်တော်တို့ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်အောင်လို့ တခါတည်း အဆင်သင့်ဖြစ်အောင်ဆိုပြီးတော့ ကျွန်တော်တို့က ပါတီထူထောင်ထားရခြင်း ဖြစ်တယ်ပေါ့။

မေး။ ။ ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားလဲ။

ဖြေ။ ။ ကျွန်တော်တို့ မဟာမိတ်က တိုင်းရင်းသားပါတီပဲရှိပါတယ်။ NBF (Nationalities Brotherhood Federation)ပေါ့။

မေး။ ။ ဘယ်ပါတီတွေနဲ့ အဓိက ယှဉ်ပြိုင်ရမှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ အခုက ညောင်ရွေမြို့နယ်မှာက အဓိကယှဉ်ပြိုင်ရမှာက NLD ရယ်။ USDP ရယ်။ နောက်ပြီးတော့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီရယ်။

နောက်ပြီးတော့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နောက် တစ်သီးပုဂ္ဂလရောပါမှာပေါ့။ တစ်သီးပုဂ္ဂလလည်းပါမယ်။ နောက်တစ်ခါ ပအမဖ ( ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်)ပါမယ်။ ပြီးတော့ PNO (ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ)၊ PPP ပါမယ်။

မေး။ ။ လက်ရှိနိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။ လက်ရှိအာဏာရပါတီကတော့ သူတို့ အခြေခံဥပဒေပြင်ဆင်ရေး အစိုးရဖွဲ့စည်းရေး ဒါတွေတော့ သူတို့ရည်မှန်းထားတာပေါ့။ ဒါပေမယ့်လို့ ကျွန်တော်တို့က အခြေခံဥပဒေပြင်ဆင်ဖို့မှာ ကျွန်တော်တို့လေ့လာထားသလောက်တော့ပြင်ဆင်ဖို့ရန် အခက်အခဲတွေ အများကြီးရှိတာပေါ့။

ပြီးခဲ့တဲ့ ၂၀၁၅ /၂ဝ၂၀ ကာလမှာလည်းပဲ ဒီအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပဲ လွှတ်တော်အတွင်းမှာ ပွတ်တိုက်မှုရှိနေတဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသား တွေကိုတော့ သိပ်ပြီး ဦးစားမပေးနိုင်သေးဘူးပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က ပါတီကြီးတွေက အချင်းချင်း ပွတ်တိုက်နေကြမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားအရေးတွေ နောက်ကျန်ခဲ့မှာပေါ့။

ဒါကြောင့်မို့လို့ ကျွန်တော်တို့က တိုင်းရင်းသားအရေးကိုပဲ ကျွန်တော်တို့က ဦးစားပေး ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ပါတီထောင်ထားရခြင်းဖြစ်တယ်ပေါ့။

မေး။ ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး အစိုးရ ၂ ခု ပြောင်းခဲ့ပြီဆိုတော့ ဘာတွေ ထိထိရောက်ရောက် ပြောင်းလဲလာတယ်လို့မြင်လဲ။

ဖြေ။ ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ကတော့ ဘာလဲဆိုတော့ လူမျိုးစုအရရော နယ်မြေအနေအထားအရရော ကျွန်တော်တို့က လူမျိုးစုအရတော့ ကျွန်တော်တို့က လူဦးရေက မြန်မာနိုင်ငံ လူဦးရေက ဒဿမသုညတစ် ရာခိုင်နှုန်းရှိတဲ့အတွက် ကျွန်တော်တို့မှာ တိုင်းရင်းသားရေးရာဝန်ကြီးတစ် ယောက်ရတယ်။

ဒါပေမယ့် ကျွန်တော်တို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရဘူးဆိုတော့ ဘာလဲဆိုတော့ နှစ်မြို့နယ်မရှိလို့ဆိုပြီးတော့ တစ်ဆက်တည်း နှစ်မြို့နယ် မရှိလို့ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရတဲ့အတွက် ကျွန်တော်တို့က တိုင်းရင်းသားရေးရာဝန်ကြီး တစ်ယောက်ရတယ်ပေါ့။

သို့သော်လည်းပဲ တိုင်းရင်းသားရေးရာဝန်ကြီးအခန်းကဏ္ဍမှာ နိုင်ငံတော်က ပံ့ပိုးပေးလိုက်တဲ့ ဘတ်ဂျက်ခွဲတမ်းတွေက နည်းတော့ပေါ့ဗျာ။ အဲဒီလိုဆိုတော့ ကျွန်တော်တို့မှာ တိုင်းရင်းသားအရေးကိစ္စဆောင်ရွက်တဲ့နေရာမှာ ထိထိရောက်ရောက်မရှိခဲ့ဘူး။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုရင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုရင်ဘတ်ဂျက်တွေအများကြီးခွဲထားပေးတာကို အဲဒါဆိုရင် တိုင်းရင်းသားအခန်းကဏ္ဍမှာဆိုရင် ကျွန်တော်တို့က တန်းတူအခွင့်အရေးတွေရဖို့ အခက်အခဲကြုံတာပေါ့။

အဲဒါကြောင့် ကျွန်တော်တို့ကလည်းပဲ တန်းတူအခွင့်အရေးရနိုင်မဲ့ နည်းလမ်းတွေကို ကျွန်တော်တို့က ရှာဖွေဖို့ လွှတ်တော်အတွင်းမှာ ဆွေးနွေးနိုင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။

မေး။ ။ ရှမ်းပြည်နယ်ရဲ့ ရွေးကောက်ပွဲအခင်းအကျင်းက ဘယ်လို အခြေအနေရှိမလဲ။ ပြိုင်ဆိုင်မှုပြင်းထန်နိုင်မလား။

ဖြေ။ ။ ရှမ်းပြည်နယ်အတွင်းမှာတော့ အခုလက်ရှိ အခြေအနေအရဆိုတော့ တိုင်းရင်း သားပါတီတွေကလည်း ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၆၁ နဲ့ ပတ်သက်ပြီးတော့မှ တိုင်းရင်းသားတွေ အခန်းကဏ္ဍတွေ မအောင်မြင်တဲ့အတွက် တိုင်းရင်းသားတွေ ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ အနိုင်ရတဲ့ အများဆုံးနိုင်တဲ့ တိုင်းရင်းသားပါတီကို အစိုးရဖွဲ့ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ သမ္မတကနေ တိုက်ရိုက်မခန့်ဖို့ဘာဖို့ ၂၆၁ ပြင်ဆင်ရေးကိစ္စပေါ့ဗျာ။

၂၆၁ ပြင်ဆင်ရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့မှ ဒါတွေဟာ ပြည်ထောင်စုလွတ်တော်မှာ မအောင် မြင် တဲ့အခါကျတော့ တိုင်းရင်းသားတွေဟာ ဒီလိုဆိုရင်တော့ သူ့ကိုယ်တိုင်းရင်းသား ကိုယ့်တိုင်းရင်းသား ညီညွတ်မှရတော့မယ်။ တိုင်းရင်းသားတွေ လွှတ်တော်ထဲမှာ အခန်းကဏ္ဍတွေ များများဝင်နိုင်အောင် လုပ်မှဖြစ်မယ်ဆိုပြီး ဒီလိုကြိုးစားတာကို ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ ပြည်နယ်ဘက်တွေမှာလည်းပဲ တိုင်းရင်းသားတွေက သူ့နေရာကိုယ်နေရာတော့ အင်အားကောင်းလိမ့်မယ်လို့တော့ ကျွန်တော် ဒီလိုပဲ ထင်တယ်လေ။

မေး။ ။ ဘာများဖြည့်စွက်ပြီး ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့က တချို့ပါတီကြီးတွေကတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီ ငယ်လေးတွေကတော့ အစိုးရမဖွဲ့နိုင်ဘူး။ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုပြီး ဒါတွေကို လူထုတွေကို ယောင်ဝါးသွားအောင် ဝေဝါးသွားအောင် ဒီလိုမျိုးပြောနေတဲ့အခန်းကဏ္ဍာမှာ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက အစိုးရမဖွဲ့နိုင်ပေမယ့်လို့ အစိုးရထဲမှာ အစိုးရဖွဲ့တဲ့အထဲမှာ ကျွန်တော်တို့ရဲ့ အင်အားတစ်ခုအနေနဲ့ ပါနိုင်တယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်တော်တို့က ဒါလေးတော့ မက်ဆေ့ ပေးချင်တယ်။

နောက်ပြီးတော့ အခြေခံဥပဒေပြင်ဖို့ကိစ္စမှာလည်းပဲ ၄၃၆ဆိုတဲ့ ပုဒ်မကြီး တစ်ခုကို ပြင်နိုင်ဖို့ရာ တပ်မတော်က မပါရင် ပြင်လို့မရဘူးဆိုတာကို ကျွန်တော်တို့ တိုင်းရင်းသားပါတီက နားလည်ထားတယ်။ အဲဒါကြောင့်မို့လို့ အခြေခံဥပဒေဟာ ခက်ခက်ခဲခဲဆွဲထားတဲ့ အခြေခံဥပဒေ တစ်ခုဖြစ်တယ်။ လွယ်လွယ်နဲ့ ပြင်လို့မရအောင်လည်းပဲ တည်ဆောက်ထားတယ်ဆိုတာ ကျွန်တော်တို့ ဒီလိုပဲ နားလည်တယ်။

ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော် လိုနေရာမှာ ပြည်သူ့လွှတ်တော် ပြည်ထောင်စုလွှတ်တော်မှာဆိုရင် ကျွန်တော်တို့ဟာ တိုင်းရင်းသားလည်း တိုင်းရင်းသားပါနေရမယ်။ နောက်ပြီးတော့ ပါတီကြီးတွေကလည်း ပါတီကြီးတွေ သူ့ဟာသူ့ ထိုက်သင့်သလောက်ပါနေရမယ်။ အကုန်လုံးက ညွှန့်ပေါင်းအစိုးရလိုမျိုး ဖြစ်သွားရင် အခြေခံဥပဒေပြင်နိုင်ဖို့ရာ လွယ်ကူလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ဒီလိုပဲ သုံးသပ်မြင်မိပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts