Local News political news

စီးပွားရေးလုပ်ငန်းရှင်များနှင့် သူဌေးများကို မဟုတ်သောနည်းဖြင့် ပိုက်ဆံရသော လူဆိုးဟု မမြင်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

စီးပွားရေးလုပ်ငန်းရှင်များနှင့် သူဌေးများကို မဟုတ်သောနည်းဖြင့် ပိုက်ဆံရသော လူဆိုးဟု မမြင်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် သူဌေးကြီးများကို မဟုတ်သော နည်းဖြင့် ပိုက်ဆံရသော လူဆိုးဟု မမြင်ကြရန်နှင့် ယင်းကဲ့သို့ ရှုမြင်မှုများကို ဒေါ်အောင်ဆန်းစုကြည်က သဘောမတူဘဲ တိုင်းပြည်၏ ခက်ခဲသော ကိုဗစ်ကာလနှင့် ငြိမ်းချမ်းရေး တည်ဆောက်သည့်ကာလတွင် ရက်ရက်ရောရော လှူဒါန်းနေသူများ အဖြစ် ရှုမြင်ကြောင်း ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အောင်နိုင်ရေး သီချင်းပြိုင်ပွဲ ဆုရသူများ၏ အွန်လိုင်းစကား၀ိုင်း ဆွေးနွေးပွဲကို ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ Chair NLD လူမှုကွန်ရက်ပေ့ချ်မှ တစ်ဆင့် ထုတ်လွှင့်စဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“တချို့တွေက သူဌေးဆိုလို့ရှိရင် အဆိုးမြင်တယ်ပေါ့။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပိုက်ဆံသိပ်ရှိတဲ့သူတွေဆိုရင် လူဆိုးပေါ့။ မဟုတ်တဲ့နည်းနဲ့ ပိုက်ဆံရထားတာ ဒီလိုမြင်တာတွေရှိတယ်။ အမေက တော့ အဲဒီလို မကြည့်ဘူး။ လူတိုင်းလူတိုင်းက အားသာချက် အားနည်းချက်ရှိတာပဲ။ ပိုက်ဆံရှာတတ်လို့ရှိရင် တိုင်းပြည်အတွက်ကောင်းတယ်လို့ ဒီလိုပဲ မြင်တယ်။ ဒါပေမယ့် သုံးပုံပေါ်မှာတည်တာပေါ့။ ကိုယ်ရှာလို့ရတဲ့ ပိုက်ဆံကိုဘယ်လိုသုံးလဲဆိုတာ။ အဲဒါ အမေတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တော်တော်များများက ဆိုလို့ရှိရင် ရက်ရက်ရောရော နိုင်ငံလိုအပ်ချက်ကို ပံ့ပိုးပေးတာတွေ့ရတယ်။ အခု ဒီကိုဗစ်တင်မကဘူး။ ငြိမ်းချမ်းရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာလည်း ငြိမ်းချမ်းရေးရန်ပုံငွေအတွက်ထည့်ပါဆိုတော့ ရက်ရက်ရောရောထည့်ကြတယ်။ အဘက်ဘက်က သူတို့ တတ်နိုင်သမျှ ပေးကြတယ်။ အားလုံးကနေပြီးတော့ မုဒိတာပွားနိုင်ရမယ်။ ကိုယ့်နိုင်ငံမှာ ချမ်းသာတဲ့သူတွေရှိလို့ ဒီလိုအချိန်အခါမှာ မျှဝေပြီးတော့ ကူညီနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်ကြီးများ ကြွယ်ဝချမ်းသာမှုကို နှစ်သက်ပြီး လုပ်ငန်းရှင်ကြီးများကို ‘ခရိုနီ’ ဟု လက်ညှိုးထိုး အပြစ်တင်နေမှုကို မကြိုက်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် ဩဂုတ်လ နေပြည်တော်တွင်ကျင်းပခဲ့သော အတိုင်ပင်ခံနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများတွေ့ဆုံပွဲ တက်ရောက်သည့် လုပ်ငန်းရှင်ကြီးများ။ Photo Credit – MSO

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts