Editorial Peace political news

စစ်ပွဲကြောင့် ထိခိုက်သေဆုံးနေရသော ပြည်သူကို လျစ်လျူရှု၍ ဆန္ဒပြ ကျောင်းသားများကို ဖိနှိပ်အရေးယူမှု ဒီမိုကရေစီကို ဆန့်ကျင်သော အာဏာရှင်လုပ်ရပ်ဖြစ်သည်

အယ်ဒီတာ့အာဘော်

စစ်ပွဲကြောင့် ထိခိုက်သေဆုံးနေရသော ပြည်သူကို လျစ်လျူရှု၍ ဆန္ဒပြ ကျောင်းသားများကို ဖိနှိပ်အရေးယူမှု ဒီမိုကရေစီကို ဆန့်ကျင်သော အာဏာရှင်လုပ်ရပ်ဖြစ်သည်

ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့် အရပ်သားပြည်သူများ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများ အမြန်ဆုံး ရပ်တန့်ရေး​ ကျောင်းသားလူငယ်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုများစွာ မြင်တွေ့လာရသည်။

ကိုဗစ်ကပ်ဘေးကာလ ရခိုင်ပြည်သူလူထု၏ ကြီးမားလှသော ဆင်းရဲဒုက္ခကို လျစ်လျူမရှုနိုင်သော ကျောင်းသားများ၏ တောင်းဆိုမှုများသည် စစ်မှန်သော ဒီမိုကရေစီအမြင်ဖြင့် ကြည့်လျှင် မည်သူမဆို အရှိတရားဖြစ်၍ လက်ခံရမည်သာဖြစ်သည်။ အစိုးရ အနေဖြင့် လူထု ကိုထိခိုက်နေသော ပဋိပက္ခကို အပြီးသတ်ရေး ကြိုးစားရမည်သာဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ၂၀၂၀ ခုနှစ် မေလ ၂၅ ရက်နေ့က အသက် ၄၆ နှစ်အရွယ် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား George Floyd ကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခဲ့မှုကြောင့် အသက်ရှုကျပ်၍ George Floyd သေဆုံးခဲ့ရသည်။ အမေရိကန်နိုင်ငံတစ်ဝန်းလုံးသာမက ကမ္ဘာပြည်သူများသည် အကြမ်းဖက်မှုကြောင့် အပြစ်မဲ့စွာ သေဆုံးသွားခဲ့ရသည့် George Floyd အတွက် ငြိမ်ခံမနေခဲ့ကြပေ။

အမေရိကန်ပြည်ထောင်စုတစ်ခုလုံးသာမက ကမ္ဘာနိုင်ငံကြီးများတွင် George Floyd အတွက် တရားမျှတမှု တောင်းဆိုခဲ့ကြသည်။ အမေရိကန်အာဏာပိုင်များက မူလက ရဲများကို အလုပ်ဖြုတ်ရုံသာ အရေးယူခဲ့ကြသော်လည်း နောက် ဆုံးတွင် ပြင်းထန်လာသော ဆန္ဒပြပွဲများနှင့် ဖိအားများကြောင့် အကြမ်းဖက်ခဲ့သူ ရဲများကို လူသတ်မှုဖြင့် အရေးယူခဲ့ရသည်။

No Justice, No Peace တရားမျှတမှုမရှိလျှင် ငြိမ်းချမ်းမှုလည်းမရှိနိုင်ဆိုသော ကြွေးကြော်သံက အမေရိကန်သာမက ကမ္ဘာတစ်ဝန်းလုံး မြည်ဟီးခဲ့သည်။ ကမ္ဘာ့ဒီမိုကရေစီအစိုးရတိုင်းသည် လူငယ်များ ဦးဆောင်သော တရားမျှတမှုရှိရေး ဆန္ဒပြလှုပ်ရှားမှုများကို အသိအမှတ်ပြုပြီး အရေးတယူလုပ်ဆောင်ခဲ့ကြရသည်။

မြန်မာနိုင်ငံတွင်လည်း ရခိုင်ပြည်သူများစွာမှာ အကြမ်းဖက်မှုများနှင့်စစ်ပွဲများကြောင့် နေ့စဉ် သေဆုံးနေရသည်၊ ထိခိုက်ဒဏ်ရာရရှိနေကြသည်။ အမေရိကန်နိုင်ငံမှ George Floyd ကြုံတွေ့ခံစားခဲ့ရသော သေဆုံးမှုထက် အဆပေါင်းများစွာ ပြင်းထန်သော ဒုက္ခဆင်းရဲ ခံစားမှုမျိုး ရခိုင်ပြည်သူများ တွေ့ ကြုံ ခံစားနေရသည်။ နှစ်သိန်းကျော်သော ပြည်သူများမှာ အိုးအိမ်များကို စွန့်ပစ်၍ ထွက်ပြေး အတိဒုက္ခရောက်နေရသည်။

နေအိမ်တွင်နေထိုင်ရင်း လက်နက်ကြီးကျည်ကျ၍ ကျောင်းဆရာမ သေဆုံးရသည်၊ ကလေးငယ်များ သေဆုံးရသည်၊ မိခင်၊ ဖခင်များ သေဆုံးရသည်၊ လူငယ်များစွာ သေဆုံးနေကြရသည်။ သက်ကြီးရွယ်အိုများ သေဆုံးနေကြရသည်။ ရခိုင်ပြည်သူများအတွက် တရားမျှတမှု ပျောက်ဆုံးနေသည်။

လူထု ရွေးကောက်တင်မြှောက်ထားသော အစိုးရသည် ရခိုင်မှ အရပ်သားပြည်သူများ၏ သေဆုံးမှုတိုင်းကို လျစ်လျူရှုထားသည်။ ယင်းသို့သော အခြေအနေတွင် ကျောင်းသားလူငယ်များသည် လမ်းပေါ်ထွက်၍ ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့် ရခိုင်ပြည်သူလူထု ခံစားနေရသော စစ်ဘေးဒုက္ခများ အဆုံးသတ်ရေး တောင်းဆိုမှုကို လက်ခံရမည်သာဖြစ်သည်။ ခေတ်အဆက်ဆက်​ ကျောင်းသားများသည် မတရားမှုမှန်သမျှ ခေါင်းငုံ့မခံဘဲ တရားမျှတမှုရှိရေး ဦးဆောင်တော်လှန်သူများဖြစ်ကြသည်။

ကိုဗစ်ကပ်ဘေးကာလ Black Lives Matter ဆန္ဒပြလှုပ်ရှားမှုများတွင် ကမ္ဘာ့ဒီမိုကရေစီအစိုးရတိုင်းသည် ၎င်းတို့ ပြည်သူများပြောဆိုသော အသံများကို နားထောင်ခဲ့ကြသည်။ ဒီမိုကရေစီအစိုးရတိုင်းက တရားမျှတမှုဆောင်ယူနိုင်ရေး အလေးထားခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း ရခိုင်ပြည်သူများ ဆိုးဝါးသော အခြေအနေများ ကြုံတွေ့နေရမှုကို အဆုံးသတ်ရေး တောင်းဆိုမှုကို ဒီမိုကရေစီပြည်သူ့အစိုးရအနေဖြင့် အလေးထားရမည်သာဖြစ်သည်။ အရပ်သားသေဆုံးမှုများ ထပ်မံ မဖြစ်ပွားရေးအတွက် ရှေ့တွင် ဖြစ်ပွားခဲ့သော အရပ်သားသေဆုံးမှုများအတွက် ဝမ်းနည်းကြောင်း ပြောဆိုရမည်ဖြစ်သည်။

အပြစ်မဲ့ ပြည်သူများ၏သေဆုံးမှုတိုင်းအတွက် စုံစမ်းရေး ကော်မရှင်များဖွဲ့ပြီး မည်သူ့တွင် တာဝန်ရှိသည်ကို စုံစမ်း ဖော်ထုတ် စိစစ်အရေးယူရန် အထူးတာဝန်ရှိသည်။ ပြည်သူတစ်ဦး၏ အသက်တစ်ချောင်း ဆုံးရှုံးလျှင်ပင် လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် စုံစမ်းဖော်ထုတ်အရေးယူရန် တာဝန်ရှိသည်။

သို့ရာတွင် ထိုသို့မဟုတ်ဘဲ ရခိုင်စစ်ပွဲအဆုံးသတ်ရေးနှင့် ရခိုင်ပြည်သူများ ဒုက္ခချုပ်ငြိမ်းရေး တောင်းဆိုသော ကျောင်းသားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) ၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် အရေးယူခြင်းမှာ ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် မလုပ်သင့်မလုပ်ထိုက်သည်များကို လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။

လူထုတင်မြှောက်ထားသော အစိုးရသည် စစ်အာဏာရှင်ကဲ့သို့ ပြုမူနေခြင်းပင်ဖြစ်သည်။ စစ်ပွဲရပ်တန့်ရေး တောင်းဆိုသော ကျောင်းသားများကို ဖိနှိပ်အရေး ယူခြင်းသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှစ၍ ဒီမိုကရေစီတိုက်ပွဲများအထိ ရှေ့တန်းမှ ဦးဆောင် တွန်းလှန်ခဲ့သော တော်လှန်ရေး အခြေခံအုတ်မြစ် ကျောင်းသားထုတစ်ရပ်လုံးကို ဖြိုဖျက်ချနေခြင်းဖြစ်သည်။

ဒီမိုကရေစီအစိုးရသည် ဒီမိုကရေစီစံချိန်စံညွှန်းများကို မျက်ကွယ်ပြု၍ စစ်အာဏာရှင်ကဲ့သို့ကျောင်းသားထုကို ဖိနှိပ်အရေးယူခြင်းသည် ဒီမိုကရေစီနောက်ပြန်ဆုတ်နေခြင်းဖြစ်သည်။ ဒီမိုကရေစီအစိုးရအနေဖြင့် ပို၍ လုပ်သင့်သည်မှာ ကျောင်းသားထုကို ဖမ်းဆီးအရေးယူရန် မဟုတ်ဘဲ ရခိုင်စစ်ပွဲ ချုပ်ငြိမ်းရေးနှင့် ရခိုင်လူထု ကြုံတွေ့နေရသော ဒုက္ခများကို အပြီးသတ်ရေး လုပ်ဆောင်ရန်သာဖြစ်သည်။

ဒီမိုကရေစီကို မျက်ကွယ်ပြုသူများ၊ ဒီမိုကရေစီနည်းကျ တောင်းဆိုမှုများကို ဖိနှိပ်သူမှန်သမျှသည် သမိုင်းကြောင်း မကောင်းနိုင်သကဲ့သို့ အနှေးနှင့်အမြန် လူထု၏ ဒဏ်ခတ်မှုကို မလွဲမသွေကြုံရမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က မီးမောင်းထိုးပြလိုက်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts