Local News Peace political news

စစ်တွေတွင် အစိုးရနှင့်စစ်တပ်အလိုမရှိ ဆန္ဒပြသော ကျောင်းသားခေါင်းဆောင် ၄ ဦးကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲပြီး စစ်တွေထောင်ပို့

စစ်တွေတွင် အစိုးရနှင့်စစ်တပ်အလိုမရှိ ဆန္ဒပြသော ကျောင်းသားခေါင်းဆောင် ၄ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုပြီး စစ်တွေထောင်ပို့ဆောင်

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ယမန်နေ့ အစိုးရနှင့် စစ်တပ်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသော ကျောင်းသားခေါင်းဆောင် ၄ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အာဏာပိုင်များက တရားစွဲဆိုလိုက်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်းက ပြောဆိုသည်။

ယမန်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ” မြန်မာစစ်တပ် ထွက်သွား၊ ပြည်ထောင်စုအစိုးရ အလိုမရှိ၊ ပြည်နယ်အစိုးရ အလိုမရှိ” စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး ယင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြသော ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို မြို့နယ်ရဲမှူးဦးဇော်နိုင်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ဖြင့် တရားရုံးဦးတိုက်တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။

“ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်က နဂိုကတည်းက ပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရတာရှိတယ်။ အခု နိုင်ငံတော်အကြည်ညိုပျက်စေမှု ထပ်တိုးလိုက်တော့ စုစုပေါင်း နှစ်မှုဖြစ်သွားတာပေါ့။ အခြားကိုမြတ်စိုးဝင်းနဲ့ ကိုကောင်းထွန်းကလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံရပါတယ်။ ဒီနေ့ရုံးထုတ်ပြီးတော့ နိုဝင်ဘာလ ၃ ရက်နေ့ မှာ ရုံးပြန်ချိန်းထားပါတယ်။ သူတို့အားလုံး အခုစစ်တွေထောင်ထဲ ပို့လိုက်ပြီလို့ သိရပါတယ်” ဟု ကိုခိုင်စိုးလင်းက ပြောဆိုသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) သည်နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ် ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အကြံရှိလျှင် သို့တည်း မဟုတ်-ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင်ထိုသူကို ၂ နှစ်ထိထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

လက်ရှိ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဦးဆောင်သော ကျောင်းသားများကို ဖမ်းဆီးထောင်ချထားမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသော်လည်း လှုပ်ရှားမှုများ နိုင်ငံတစ်ဝန်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းသားအဖွဲ့အစည်းများက ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts