All News interview Peace

“စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိတယ်။ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကနေတစ်ဆင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြပွဲ ဖြစ်လာတာပါ။ ရခိုင် ပြည်နယ်မှာ ဒီမိုကရေစီ စနစ်က သေသွားပြီ။ မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူး”

“စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိတယ်။ အဲဒီကျူးလွန်မှုတွေကို ရခိုင်ပြည်သူတွေအနေနဲ့ ပြန်ပြီးတော့ တွန်းလှန်ဖို့ ကြိုးစားတာပါ။ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကနေတစ်ဆင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြပွဲ ဖြစ်လာတာပါ။ ရခိုင် ပြည်နယ်မှာ ဒီမိုကရေစီ စနစ်က သေသွားပြီ။ မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူး”

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်းနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် အစိုးရနှင့်စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်လှုပ်ရှားခဲ့ပြီး ယင်းလှုပ်ရှားမှုနှင့်ပတ်သက်၍ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့သူတွေ ဖမ်းဆီးခံလိုက်ရတော့ နောက်ဆုံး အခြေအနေ လေး သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့ရဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ပြီးတော့ ဖမ်းဆီးလိုက်ပါတယ်။ ကိုဦးသန်းနိုင်(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ကိုမြတ်စိုးဝင်း(ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်-တွဲဖက်အတွင်းရေးမှူး)၊ ကိုကျော်နိုင်ဌေး(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ) နှင့်ကိုကောင်းထွန်း(ရခိုင်ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များရန်ကုန် အဖွဲ့ဝင်) တို့ အဖမ်းခံရပါတယ်။

ပြန်ပြီးတော့ စိစစ်နေတုန်းပါ။ ဖမ်းဆီးသွားတဲ့သူတွေထဲမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားတွေအပြင် အခြား ဆန္ဒပြပွဲလိုက်ပါတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးထားတာတွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ ဖမ်းဆီးထားတဲ့သူတွေက ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ အတည်ပြုဖို့ ကြိုးစားနေပါတယ်။

မေး။ ။ အခုသူတို့ကို ဘယ်မှာ ထိန်းသိမ်းထားတယ်လို့သိရလဲ။

ဖြေ ။ ။ သူတို့ကိုတော့ ဖမ်းဆီးတဲ့အဖွဲ့ကတော့ စစ်တွေမြို့မ ရဲစခန်းက လာပြီးတော့ ဖမ်းတာ။ အခုတော့ စစ်တွေမြို့မရဲစခန်းကို ခေါ်သွားမယ်ထင်တယ်။

မေး။ ။ ဒီနေ့ ဆန္ဒပြပွဲကို လုပ်ဖြစ်တဲ့အကြောင်းအရင်းနဲ့ အနာဂတ် ဘာတွေ ဆက်လုပ်သွားဖို့ရှိလဲ။

ဖြေ။ ။ ဒီနေ့ ဆန္ဒပြပွဲ လုပ်ဖြစ်တဲ့အကြောင်းအရင်းက ကျနော်တို့ ရခိုင်ပြည်နယ်မှာ အရင်ကလည်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိတယ်။ အဲဒီကျူးလွန်မှုတွေကို ရခိုင်ပြည်သူတွေအနေနဲ့ ပြန်ပြီးတော့ တွန်းလှန်ဖို့ ကြိုးစားတာပါ။ ဒီနေ့ ဆန္ဒပြပွဲ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အရင်က လှုပ်ရှားခဲ့တဲ့ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရှိတယ်။ အဲဒီလှုပ်ရှားမှုတွေကနေတစ်ဆင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြပွဲ ဖြစ်လာတာပါ။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာတွေရှိပါတယ်။ မြို့ခံလူထုတွေက နာကြည်းချက်တွေက တစ်နည်းနည်းနဲ့တော့ အပြင်ကို ထွက်လာမှာပါပဲ။

မေး။ ။ ရခိုင်မှာ ရွေးကောက်ပွဲမကျင်းပတာ ၉ မြို့နယ်အပြင် အခြားနေရာတွေလည်းပါတော့ ဒီအပေါ် မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက်ထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီစနစ်ရဲ့ အသက်တစ်ခုပေါ့။ ဒီမိုကရေစီအစိုးရ တစ်ရပ် လည်ပတ်ဖို့အတွက် ရွေးကောက်ပွဲက အသက်သွေးကြောဖြစ်တယ်။

အဲဒီရွေးကောက်ပွဲကို ပြည်ထောင်စုအစိုးရအနေနဲ့ မငြိမ်းချမ်းတဲ့ ဒေသပင်ဖြစ်စေဦးတော့ သူတို့အနေနဲ့ ဖြစ်တဲ့ နည်းနဲ့ ကျင်းပရမယ်။ မကျင်းပဘူးဆိုတာက ဒီမိုကရေစီစနစ်ကို မလိုလားလို့ လုပ်တာပဲ။ ဒီမိုကရေစီက သေသွားပြီ။ ရွေးကောက်ပွဲမကျင်းပတဲ့ မြို့နယ်တွေက တိုက်ပွဲ လုံး၀ မဖြစ်တဲ့ နယ်မြေတွေလည်းပါတယ်။

တိုက်ပွဲမဖြစ်တဲ့ နယ်မြေတွေကို ရွေးကောက်ပွဲ ပယ်ဖျက်တာက သူတို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီစနစ်ကို သတ်လိုက်တာပဲ။ ဒီမိုကရေစီ စနစ်က အသက်သေသွားပြီ။ ပြည်သူတွေအနေနဲ့ မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူး။

ရခိုင်မှာ ရွာတွေ မီးရှို့ခံရတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတဲ့အချိန်တောင်မှ ရွာကို အကာအကွယ်မပေးနိုင်ဘူး။ အခု ရွေးကောက်ပွဲ မရှိလို့ ကိုယ်စားလှယ်တွေမရှိတော့ဘူးဆိုရင် ကျနော်တို့ ရခိုင်ပြည်အခြေအနေက ပိုပြီးတော့ ဆိုးလာဖို့ပဲရှိပါတယ်။

ပြည်သူတွေအနေနဲ့ ဖိနှိပ်အုပ်ချုပ်မှုတွေ ပြင်းထန်လာလေ သူတို့ရဲ့ မကျေနပ်ချက်တွေကို ခံပြင်းစရာတွေ ကို တစ်နည်းနည်းနဲ့ အပြင် ကို ထွက်အောင် ဖော်ဆောင်ကြမှာပဲ။ ဒါက လူထုရဲ့ သဘာ၀ပေါ့။ ကျနော်တို့အနေနဲ့ အဲဒါကို ပြည်သူတွေရဲ့ နာကြည်းချက်တွေကို ဖော်ထုတ်နိုင်အောင် နည်းလမ်းတစ်ခုအနေနဲ့ ဦးဆောင်ပြီး လုပ်ပေးတာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts