All News Election Local News

ကြံ့ခိုင်ရေးပါတီက နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲနေမှု၊ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ လူမျိုးရေးခွဲခြားမှု စကား စုံစမ်းစစ်ဆေးရန် Justice For Myanmar တောင်းဆို၊ မှတ်ချက်ပေးစရာမရှိဟု USDP တုံ့ပြန်

ကြံ့ခိုင်ရေးပါတီက နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲနေမှု၊ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ လူမျိုးရေးခွဲခြားမှု စကား စုံစမ်းစစ်ဆေးရန် Justice For Myanmar တောင်းဆို၊ မှတ်ချက်ပေးစရာမရှိဟု USDP တုံ့ပြန်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံပိုင်ပစ္စည်းများ သုံးစွဲနေမှု၊ လူမျိုးရေးခွဲခြားမှုများအပေါ် စုံစမ်းစစ်ဆေးရန် Justice for Myanmar အဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်၏ ကြိုးကိုင်ပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်တပ်၏ စနစ်တကျ အကျင့်ပျက်ခြစားမှုနှင့် ဆက်နွယ်နေကာ နိုင်ငံပိုင်ပစ္စည်းများကို ရယူ၍ ဝင်ငွေများ ရရှိနေပြီး လူမျိုးရေးခွဲခြားမှုကို သွေးထိုးလှုံ့ဆော်နေသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်နိုင်စရာ ရှိနေကြောင်း၊ Justice For Myanmar အနေဖြင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများနှင့် ခွဲခြားသည့် အသုံးအနှုန်း များအပေါ် အသေးစိတ် စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် တောင်းဆိုလိုက်ပြီး ချိုးဖောက်ကျုးလွန်မှုများ တစုံတရာတွေ့ရှိပါက အစိုးရအနေဖြင့် ပါတီအား ဖျက်သိမ်းပစ်ရမည် ဖြစ်ကြောင်း Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင် စစ်အာဏာရှင်၏ အလွန်အမင်း အကျင့်ပျက်ခြစားမှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် နိုင်ငံတော်ထံမှ လွှဲပြောင်းရယူခဲ့သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ပိုင်ဆိုင်မှုများကို အမွေဆက်ခံခဲ့သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် စစ်တပ်ထိန်းချုပ်ထားသည့် လူထုအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး မြန်ဂုဏ်မြင့် ကုမ္ပဏီအုပ်စု၏ ပိုင်ဆိုင်မှု အပါအဝင် ကျယ်ပြန့်သော စီးပွားရေး လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ ဆိပ်ကမ်းများတွင် အသုံးပြုရန် အကောက်ခွန်ဌာနသို့ ပါတီမှ ငှားရမ်းခဲ့သည့် ကွန်တိန်နာ X-ray စက်များ အပါအဝင် မြန်ဂုဏ်မြင့်အောက်တွင် ယခင် ပိုင်ဆိုင်ခဲ့မှုများကို ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လက်ရှိတွင် ဆက်လက် အသုံးပြုနေကြောင်း ဖော်ပြထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အကောက်ခွန်ဌာနမှ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြားကုမ္ပဏီ တော်တော်များများအား ကွန်တိန်နာ X-ray စက်ငှားရမ်းခ ကျပ်ငွေ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃ မီလီယံ) ပေးခဲ့ရကြောင်း ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) (၅) အောက်တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိရပါက” ထိုပါတီကို ဖျက်သိမ်းရမည်ဟု ပါရှိကြောင်း၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံပိုင်ပစ္စည်းများ ရယူထားရှိမှု၊ နိုင်ငံတော်မှ ဝင်ငွေဆက်လက်ရရှိနေမှုသည် ဤဥပဒေကို ချိုးဖောက်နိုင်ဖွယ် ကိစ္စတစ်ရပ်ဖြစ်ကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ စစ်ရာဇဝတ်ဂိုဏ်းရဲ့ ပါတီဖြစ်ပြီး စစ်တပ်ရဲ့ စနစ်တကျ အကျင့်ပျက်ခြစားမှုနဲ့ကိုယ်ကျိုးစီးပွား ပဋိပက္ခတို့ရဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ အများပြည်သူပိုင် ပစ္စည်းတွေကို ရယူပိုင်ဆိုင်ခြင်းကနေ အကျိုးအမြတ်တွေကို ဆက်လက်ရနေတာဟာ မြန်မာပြည် ပြည်သူလူထုအတွက် ကြီးမားလှတဲ့ ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ အာဏာအလွဲသုံးစားလုပ်မှုကို စုံစမ်းစစ်ဆေးရမယ်၊ တကယ်လို့များ အဲဒါဟာ မြန်မာပြည်ရဲ့ ဥပဒေကို ချိုးဖောက်နေတယ်ဆိုရင် တာဝန်ရှိသူတွေကို တာဝန်ယူခိုင်းပြီး ပါတီကို ဖျက်သိမ်းရမယ်။ အများပြည်သူပိုင် ပစ္စည်းတွေအားလုံးကို မြန်မာပြည်သူတွေထံ ပြန်ပေးရပါမယ်။” ဟု ဆိုသည်။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၎င်းတို့၏ ရွေးကောက်ပွဲ ကမ်ပိန်းများတွင် လူမျိုးရေးနှင့် ဘာသာရေးခွဲခြားဆက်ဆံမှုများကို ဆက်လက် သွေးထိုးလှုံ့ဆော်လျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ အငြိမ်းစားဗိုလ်မှုးချုပ် သန်းဌေးမှ ၎င်း၏ “သွေး” သည် နိုင်ငံခြားတိုင်းပြည်များ၏ သွေးများနှင့် ရောနှောမှု မရှိကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဤပြောဆိုချက်သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များက ၎င်းမှ ပြောကြားခဲ့သည့် လူမျိုးသန့်စင်ရေး ပြောဆိုမှုများ အပါအဝင် လူမျိုးရေး ခွဲခြားသည့် မိန့်ခွန်းများနည်းတူဖြစ်ပြီး မြန်မာစစ်တပ်မှ တည်ဆောက်ထားသည့် လူမျိုးရေး ခွဲခြားဆက်ဆံမှုစနစ်အောက်တွင် ဖယ်ကြဉ်ခံထားရသည့် လူနည်းစုများအား ဖယ်ထုတ်ရန်အတွက် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ (က) (၄) တွင် ဥပဒေ၏ပုဒ်မ (၆)ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက ပါတီမှတ်ပုံတင်ခြင်း ဖျက်သိမ်းနိုင်သည်ဟု ဖွင့်ဆိုထားပြီး ၎င်း ပုဒ်မ (၆) တွင် “လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး”ဟုပါရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယနေ့အချိန်အထိ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု၊ အမုန်းတရား သွေးထိုးလှုံ့ဆော်မှုနှင့် ပတ်သက်ပြီး ဥပဒေကြောင်းဆိုင်ရာအရ အရေးယူဆောင်ရွက်မှု တစ်စုံတရာ မရှိသေးကြောင်း သိရှိရသည်။

မရတနာမောင်က “ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လူမျိုးရေး၊ ဘာသာရေး မုန်တီးမှုဟာ စက်ဆုပ်စရာကောင်းပြီး ဥပဒေနဲ့ မညီပါဘူး။ ပါတီနဲ့ သူ့ရဲ့ တာဝန်ရှိသူတွေအပေါ် ဘာဥပဒေအရေးယူမှုမှ မပြုလုပ်နိုင်တာဟာ မြန်မာစစ်ရာဇဝတ်ဂိုဏ်းရဲ့ အစိတ်အပိုင်းအနေနဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ကို ဆက်လက်ခံစားနေရတယ်ဆိုတဲ့ သက်သေ အထောက်အထားဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီတစ်ရပ်နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတစ်ရပ်ကို တည်ထောင်မယ်ဆိုရင် စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက်မှာ ထားရှိရမှာ ဖြစ်ပြီး စီးပွားရေးကနေလဲ လုံးဝဆုတ်ခွာစေရမှာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် စစ်ရာဇဝတ်ဂိုဏ်းကိုလဲ ဖျက်သိမ်းပစ်ရပါမယ်။” ဟု ပြောဆိုထားသည်။

USDP ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာနန္ဒာလှမြင့်က Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်ကိုလည်း မသိရှိသည့်အပြင် မှတ်ချက်ပေးစရာမရှိကြောင်း၊ ရွေးကောက်ပွဲအနိုင်ရရှိရေး အလုပ်များလျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အခု ရွာတွေဆင်းနေရတာနဲ့ အလုပ်တွေများနေပါတယ်။ အဲဒီ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုလည်း မသိပါဘူး။ ဖတ်လည်း မဖတ်ရသေးဘူး။ မှတ်ချက်ပေးစရာမရှိပါဘူး” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုသည်။

Photo Credit – USDP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts