All News Local News Peace

ကျောက်မဲတွင် ပစ်ခတ်မှုဖြစ်ပြီး လူနေအိမ်များ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

ကျောက်မဲတွင် ပစ်ခတ်မှုဖြစ်ပြီး လူနေအိမ်များ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ကျွဲကုန်းကျေးရွာမှ နေအိမ်များ လက်နက်ကြီးကျည်ထိ၍ ထိခိုက်ပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦးလည်း အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့ကျွဲကုန်းရွာအတွင်း အောက်တိုဘာ ၉ ရက်နေ့ ညပိုင်း ၈ နာရီမှ စတင်၍ ပစ်ခတ်မှုများ စတင်ခြင်းဖြစ်ပြီး ၁ နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အသက် ၂၅ နှစ်အရွယ် နန်းမွမ်းစိန် ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များနှင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

” ဖြစ်တာကတော့ ညဘက်မှ ဖြစ်တာ။ ကျောက်မဲမှာ တပ်မတော်တပ်ရင်းတစ်ခုကို လာပစ်လို့ ပြန်ပစ်ကြရင်းဖြစ်တာပေါ့။ လူနေအိမ်တွေနဲ့ အဆောက်အုံတွေထိပါတယ်။ အမျိုးသမီးတစ်ဦးကတော့ ခေါင်းနဲ့ ခြေထောက်မှာ ဒဏ်ရာရတယ်ပေါ့။ ဒဏ်ရာအရမ်းကြီး မများတော့ သူ့အိမ်မှာပဲရှိပါတယ်။ ညဘက်ကြီးဖြစ်တော့ ဘယ်ပြေးရလွှားရမှန်းမသိဘူး။ အားလုံးအတော်ကို စိုးရိမ်ကြောက်လန့်ကြတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

SNLD လူငယ်ကော်မတီမှ စိုင်းစံလှကမူ ယမန်နေ့ညပိုင်း ပစ်ခတ်မှု ဖြစ်ပွားမှုသည် တိုက်ပွဲဖြစ်ပွားခြင်းကြောင့်မဟုတ်ဘဲ တပ်မတော်ဘက်က တစ်ဖက်သက် ပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း၊ လူနေအိမ်များ ထိခိုက်ပျက်စီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ဘာတိုက်ပွဲမှမဖြစ်ဘူး။ အစိုးရတပ်မတော်ကနေပြီးတော့ တစ်ဖက်သက်ပစ်တာပါ။ ဘာတိုက်ပွဲမှမဖြစ်ပါဘူး” ဟု စိုင်းစံလှက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပစ်ခတ်မှုကြောင့် ကျွဲကုန်းရွာမှ ဦးတင်မောင်ဝင်း ၏ ဆိုင်တန်းလျား၊ မ​ချော ၏ နေအိမ်၊ စိုင်းအောင်ခမ်း ၏ နေအိမ်များ ထိခိုက်ပျက်စီးသွားပြီး စိုင်းအောင်ခမ်း ၏ အမျိုးသမီးဖြစ်သူ နန်းမွမ်းစိန် ဗုံးဆန်ထိမှန်ပြီး ဒဏ်ရာရရှိကြောင်း SNLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းမြထွန်းဆွယ်ဟိန်းက လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲတွင် RCSS နှင် တပ်မတော်တို့အကြား စက်တင်ဘာလကုန်ပိုင်းမှစတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်အင်အား တိုးချဲ့ စစ်ပြင်ဆင်မှုများစွာ ရှိလာနေကြောင်း၊ စ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်လာပြီး ဒေသခံအများစုမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်း၏ အဓိကအကြောင်းအရင်းမှာ နယ်မြေသေချာစွာ သတ်မှတ်ထားခြင်းမရှိမှုနှင့် နှစ်ဖက်တပ်များ နယ်မြေစိုးမိုးရေး အားပြိုင်ကြခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

Photo Credit – ကျောက်မဲဒေသခံများ၏ လူမှုကွန်ရက်မှ ဓာတ်ပုံများကို စုစည်းဖော်ပြပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts