All News Local News Peace

ကျောက်မဲတွင် တပ်မတော်နှင့် RCSS တို့တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်၍ အရပ်သားပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရ

ကျောက်မဲတွင် တပ်မတော်နှင့် RCSS တို့တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်၍ အရပ်သားပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအနီးတွင် အောက်တိုဘာလ ၄ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ခန့်ခဲ ကျေးရွာအတွင်းရှိ လူနေအိမ်သို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ကာ ကျေးရွာသား တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့အခြေစိုက် ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကပြောဆိုသည်။

အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူ အမည်မှာ ဦးကြာအေးဆိုသူဖြစ်သူ ဦးခေါင်း၊ ရင်ဘတ်၊ ကျောနှင့် ခြေထောက်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိချိန်တွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ တိုက်ပွဲဖြစ်တာကတော့ မနေ့က မွန်းလွဲ၂နာရီလောက်ပေါ့။ အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျတဲ့အချိန်ကတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ တိုက်ပွဲက တပ်မတော်နဲ့ RCSS နဲ့ဖြစ်တာ နေရာက ကျောက်မဲမြို့ရဲ့ အနောက်တောင်ဘက်ပေါ့။ မိုင် ၄ဝလောက်ကွာတဲ့ ခန့်ခဲဆိုတဲ့ရွာနားမှာဖြစ်တာပေါ့။ ဒဏ်ရာရတဲ့သူအမည်က ဦးကြာအေး သူကပေါင်တွေကော ခြေတောက်တွေကော ခေါင်းကော ရင်ဘတ်ကြောကော လက်နက်ကြီး အစတွေထိမှန်တယ်လို့ထင်တယ်။ ဒဏ်ရာအခြေအနေက စိုးရိမ်ရ၊ မရတော့ ကျွန်တော်တို့လည်းမပြောတတ်ဘူး။ ကျွန်တော်တို့က သာမန်အရပ်သားတွေဖြစ်တော့ ဓာတ်မှန်အဖြေထွက်လာမှ ဆရာဝန်က စိုးရိမ်ရ၊ မရ ပြောမှာပေါ့။ ကျွန်တော်တို့ အနေနဲ့ မြင်တာကတော့ ခြေထောက်တွေ ရင်ဘတ်တွေ ကျောတွ ခေါင်းတွေမှာပတ်တီးစည်းထားတာတို့ တွေ့မြင်ရတယ်။ သူ့ကို အခု ကျောက်မဲခရိုင်ဆေးရုံမှာ တင်ထားတယ်” ဟု ဦးတင်မောင်သိန်းကပြောဆိုသည်။

လက်ရှိချိန်တွင် ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက် တိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်းသည် စဉ်းစားစရာဖြစ်ကြောင်း၊ ပြည်တွင်းတွင် ကိုဗစ် ၁၉ ရောဂါကူးစက်မှုများသည် မြင့်တက်နေခြင်းကြောင့် ထိန်းချုပ်မှုများ ပြုလုပ်နေရသည့်အချိန်ဖြစ်၍ တိုက်ပွဲများကြောင့် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်မှုများ ထပ်မံဖြစ်ပွားလာလျှင် အလားအလာမကောင်းကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ ရွေးကောက်ပွဲ နီးလာပြီဆိုတဲ့အခါကျတော့ အဲဒါကတစ်ချက်ပေါ့။ ဒါလည်း စဉ်းစားစရာဖြစ်လာတယ်။ ဘာကြောင့် မတည်မငြိမ် ဖြစ်လာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ဘယ်လိုပဲပြောပြော တည်ငြိမ်နေတာကောင်းတာပေါ့။ နောက်တစ်ခုက ကိုဗစ်ပေါ့။ ကိုဗစ်ကလည်း ကူးစက်မြန်နေတဲ့အချိန်ပေါ့။ ကျွန်တော်တို့ မြို့ပေါ် ( ကျောက်မဲ)မှာလည်း ထိန်းချုပ်မှုတွေ အများကြီးလုပ်နေရတဲ့အချိန်မှာ ဒီလိုဖြစ်စဉ်တွေ ပေါ်လာတဲ့အခါကျတော့ ပြည်သူလူထု စစ်ရှောင်ရတာပေါ့။ အဲလိုအနေအထားမျိုးတွေ ဘယ်အရာမှမကောင်းပါဘူး။ ပြီးခဲ့တဲ့ သိပ်မကြာသေးခင်ကလည်း အဲဒီဘက်မှာပဲ တိုက်ပွဲတွေဖြစ်ပြီးတော့ တစ်ယောက်သေတယ်ပေါ့။ အဲဒီဘက်က ရွာလူကြီးတွေက ဆန္ဒတွေဖော်ထုတ်ကြတယ်ပေါ့။ အဲဒီဖြစ်စဉ်တွေလည်း ရှိတဲ့အခါကျတော့ လူအုပ်ကြီးနဲ့ပေါ့။ ဒါကလည်း လူ့အခွင့်အရေးဆိုပြီး ပြရတာလည်း တစ်မျိုးပေါ့။ ရောဂါနဲ့ ပတ်သက်ရင်လည်း မနည်းကို ကာကွယ်နေရတယ်။ ကိုယ့်ဧရိယာအတွင်းမဝင်အောင် မပျံ့နှံ့အောင် အခုချိန်မှ ထက်ပြီးတော့ အဲလိုဖြစ်မယ်ဆိုရင် ဗုံးမှန်တာတို့ သေနတ်မှန်တာတို့ထက် ဆိုးမှာပေါ့” ဟု ဦးတင်မောင်သိန်းကပြောဆိုသည်။

RCSS နှင့် တပ်မတော် တိုက်ပွဲများကြောင့် ဒေသခံ စစ်ဘေးရှောင် ၅ဝဝ နီးပါးထွက်ပြေးတိမ် းရှောင်နေရပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း သိရှိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန်လအတွင်းက တပ်မတော်စစ်ကြောင်းကြောင့် ပန်ကျန်ကျေးရွာနေ ကိုလုံးဆု သေဆုံးခဲ့သောဖြစ်စဉ်နှင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဇူလိုင်လ ၁ဝ ရက်နေ့ ဟဲကွီကျေးရွာနေ ဒေသခံပြည်သူ သောင်းချီ၍ ကျောက်မဲမြို့အတွင်း တပ်မတော်၏ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Photo Credit- Thar Zaw Lso Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts