All News Local News Peace

ကျောက်မဲတွင် တပ်နှင့် RCSS တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ရှောင် ၃၀၀၀ ကျော်ကို ရှမ်းအစိုးရက ကူညီရန် လွှတ်တော်အမတ်များ တောင်းဆို

ကျောက်မဲတွင် တပ်နှင့် RCSS တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ရှောင် ၃၀၀၀ ကျော်ကို ရှမ်းအစိုးရက ကူညီရန် လွှတ်တော်အမတ်များ တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့ကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် စစ်ရှောင်အရေအတွက် ၃၀၀၀ ကျော်လာသည့်အတွက် ရှမ်းပြည်နယ်အစိုးရက ထောက်ပံ့မှုများ လုပ်ဆောင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက စာပို့တောင်းဆိုခဲ့ကြောင်း ကျောက်မဲမြို့နယ်မှ ရှမ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းကပြောဆိုသည်။

“ ဘာတွေ အကြောင်းကြားတာလဲဆိုတော့ စစ်ပွဲတအားပြင်းထန်လာတယ်ပေါ့။ အကူအညီတွေ အများကြီးလိုအပ်တယ်။ ပြီးရင် စစ်ပွဲကိုရပ်ပေးနိုင်ဖို့ပေါ့။ အဲတာတွေပါ။ အခုအခက်အခဲရှိနေတဲ့ ပြည်သူလူထုတွေကနေပြီးတော့ အထောက်အပံ့တွေရရှိနိုင်ဖို့ရန် စစ်ပွဲတွေရပ်ရပ်တန့်ပေးနိုင်ဖို့ပေါ့။ ကျောက်မဲမှာ စစ်ရှောင်အရေအတွက်က ၂ဝဝဝ ကျော်သွားပါပြီ ပြည်နယ်အစိုးရက ထောက်ပံ့မှုမလာသေးဘူး။ သဘာဝဘေးစီမံကတော့ ထောက်ပံ့မှုတွေလာတယ်။ ပြည်နယ်အစိုးရက ထောက်ပံ့မှုတွေ လာအောင်လို့ စာပို့တောင်းဆိုတာပေါ့။ ၉ရက်နေ့ကပို့တာ စာက ဒီနေ့ထိတော့ အကြောင်းပြန်ကြားမှု တစုံတရာမရှိသေးပါဘူး” ဟု ၎င်းကပြောဆိုသည်။

ရှမ်းပြည်နယ်အစိုးရထံသို့ပို့ပေးသော တောင်းဆိုစာတွင် ကျောက်မဲမြို့နယ် ပုံဝိုးဒေသတွင် တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ စက်တင်ဘာလ ၃ဝရက်နေ့မှ စတင်ခဲ့သော တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူ (၃ဝဝဝ)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာ၊ အိုးအိမ်၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်နေပေါ်နေကြောင်း၊ စစ်ဘေးဒုက္ခသည်များသည် ဘုန်းတော်ကြီးကျောင်း (၇) နေရာတွင် စုဝေးတိမ်းရှောင်နေရပြီး ပတ်ဝန်းကျင်မြို့နယ်များရှိ ပရဟိတအဖွဲ့၊ စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် ရပ်တည်နေရကြောင်း၊ ကျောက်မဲဒေသအတွင်း တိုက်ပွဲကြောင့် ပြည်သူလူထုအခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရှမ်းပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းပေးပါရန် တောင်းဆိုကြောင်း ရေးသားထားသည်။

အဆိုပါ တောင်းဆိုစာကို ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား ဦးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်တို့က လက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း စက်တင်ဘာလကုန်ပိုင်းမှစတင်၍ RCSS နှင့်တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက်သလိုဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ များပြားလာခြင်း၊ ပြည်သူများထိခိုက်ဒဏ်ရာရခြင်းနှင့်လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts