All News Local News Peace

ကျောက်တော်တွင် လက်နက်ကြီးကျည်ထိ၍ မွတ်စလင်တစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျည်ထိ၍ မွတ်စလင်တစ်ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်ကျေးရွာအတွင်း အောက် တိုဘာလ ၁၁ရက်နေ့ ညနေ ၅နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး မွတ်စလင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တော်မြို့နယ် ရခိုင်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမောင်ကျော်သာကပြောဆိုသည်။

“ မနေ့က ညနေ ၅နာရီ ကျော်ကျော်လောက်ပေါ့။ ရွာသားတွေက ကျွန်တော့်ကိုဖုန်းဆက်လာတယ်။ အဲမှာ လက်နက်ကြီး အိမ်တစ်လုံးပေါ်ကျတယ်။ ပျက်စီးသွားတယ်လို့ပြောတယ်။ နောက်ပြီးတော့ အစိုးရက ဆောက်ပေးထားတဲ့စာသင် ကျောင်း တစ်ဆောင်မှာ ခေါင်မိုးပွင့်သွားတယ်လို့ပြောတယ်။ ဂုပ္ပီထောင့်ကျေး ရွာ အထက(ခွဲ) စာသင်ကျောင်းပေါ့။ နောက်ပြီးတော့ အဲဒီ ဂုပ္ပီထောင့်က မွတ်စလင်တစ်ဦး တင်ပါးမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောတယ်။ အဲဒီရွာက ရခိုင်လူမျိုးတွေလည်းရှိတယ်။ မွတ်စလင်တွေလည်းရှိတယ်။ နေအိမ်ပေါ်ကျတာက ဒဏ်ရာရတာတော့မရှိဘူး။ အိမ်နဲ့ စာသင်ကျောင်းပဲ ပျက်စီးသွားတယ်လို့ပြောတယ် ” ဟု ၎င်းကပြောဆို
သည်။

လက်နက်ကြီးကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိသူမှာ အသက် ၂၂နှစ်အရွယ် မွတ်စလင်လူမျိုး မာမောက်ခါဆိမ်း ဆိုသူဖြစ်ပြီး ညာဖက် တင်ပါးတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရသည့်အတွက် လက်ရှိချိန်တွင် ကျေးရွာ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

“ ရခိုင်လူမျိုးနဲ့ မွတ်စလင်လူမျိုးတွေရှိနေပေမယ့် ရွာက တစ်ရွာတည်းပဲ တောင်ဖက်ပိုင်းနဲ့ မြောက်ဖက်ပိုင်းတော့ ရှိတာပေါ့။ ရွာက ကုလားတန်မြစ် အရှေ့ဖက်ပိုင်းမှာရှိတာပေါ့။ ဒါပေမယ့် ရွာကတစ်ဆက်တည်းပဲ ကျောက်တော်မြို့နယ်ဆို ၁၂မိုင်လောက်တော့ ဝေးတယ်” ဟု ဦးမောင်ကျော်သာကဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကြီးကျည်ထိမှန်၍ အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts