Election Local News Peace political news

ကျပ်ဘီလီယံများစွာသော တရားမဝင် ငွေကြေးများကို သုံး၍ နိုင်ငံရေးဩဇာ တည်ဆောက်သူ ဦးကျော်မြင့်

ကျပ်ဘီလီယံများစွာသော တရားမဝင် ငွေကြေးများကို သုံး၍ နိုင်ငံရေးဩဇာ တည်ဆောက်သူ ဦးကျော်မြင့် ငွေကြေးခဝါချမှု အပါအဝင် ဥပဒေနှင့်မညီမှုများရှိ၍ UDP ပါတီ ဆက်လက် ရပ်တည်၊ မတည် UEC က ဆုံးဖြတ်ကိုင်တွယ်မည်

By ရန်ကုန်ခေတ်သစ်

ညီညွတ်သော ဒီမိုကရက်တစ်ပါတီUDP နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ယနေ့ အထူးသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ယင်းရှင်းလင်းပွဲတွင် ငွေကျပ် ဘီလီယံချီသော ငွေကြေးများကို ဦးကျော်မြင့်က တရုတ်နိုင်ငံမှ လွှဲပြောင်းရယူမှုအခြေအနေများ၊ ပိုင်ဆိုင်မှုများ၊ တရားမဝင် ငွေကြေးများ ရယူနေမှုများကို ချပြသွားခဲ့သည်။

ဦးကျော်မြင့်သည် ဘဏ်ငွေစာရင်း ၅၉ ခုဖွင့်လှစ်ပြီး ၂၀၁၅ ခုနှစ်တွင်ပင် တရုတ်နိုင်ငံမှ ရန်ကုန်ရှိ ငွေစာရင်းများသို့ ငွေကျပ် ၁၆ ဒသမ ၃၁၅ ဘီလီယံ လွှဲပြောင်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသွားခဲ့သည်။

ဦးကျော်မြင့်၏ ကုမ္ပဏီများနှင့်ငွေစာရင်းများ

ဦးကျော်မြင့်၏ ကုမ္ပဏီများနှင့်ပတ်သက်ပြီး ဘဏ်ငွေစာရင်း ၅၉ ခုတွင် အဆင့်ဆင့် လွှဲပြောင်းမှုများကို ဦးဇော်ဌေးက အောက်ပါအတိုင်း ရှင်းလင်းပြောဆိုခဲ့သည်။

“မြန်မာကျော်Investment ကုမ္ပဏီကို စိစစ်ပါတယ်။ နံပါတ် ၁ ပို့ကုန်သွင်းကုန် လုပ်ငန်းလိုင်စင် သက်တမ်း ကုန်နေတယ်။ နံပါတ် ၂ ဒီလိုင်စင်ကို သုံးပြီးတော့ ပို့ကုန်သွင်းကုန် တင်သွင်းတာ တစ်ခုမှမရှိဘူးဆိုတာ​ တွေ့ပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်း နှီးမြှုပ်နှံမှု တင်ပြလျှောက်ထားတာ၊ ခွင့်ပြုချက်ရယူတာတွေ ဒါတွေလည်း ဆောင်ရွက်တာမရှိတာလည်းတွေ့ရပါတယ်။ ဒီကုမ္ပဏီက သူရဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ချက် တစ်စုံတစ်ရာမရှိတဲ့သဘောသွားပြီးတွေ့ရတာဖြစ်ပါတယ်/

မြန်မာကျော်Hi Tech ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီကတော့ ၂၀၁၅ ခုနှစ် ၈ ရက်နေ့မှာ မှတ် ပုံတင်တယ်။ သူရဲ့ အဓိက လုပ်ငန်းကတော့ ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းများ ထောက်ပံ့ပေးနေသော လုပ်ငန်းများ လို့ ဖော်ပြထားပါတယ်။ အရင်တုန်းက တော့ ကုမ္ပဏီနာမည်နဲ့ Export Import မှတ်ပုံတင် လျှောက်ထားထားတယ်။ အဲဒီလျှောက်ထားချက်ကို ကြည့်တဲ့အခါမှာ ဒီ Export Import လိုင်စင်သက်တမ်းကလည်း ကုန်နေတယ်။ ဒီကုမ္ပဏီရဲ့ ပို့ကုန်သွင်းကုန် လိုင်စင် လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထား ခွင့်ပြုထားတာမရှိဘူး။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှု လျှောက်ထားတာတွေ မတွေ့ရပါဘူး။ ဒီကုမ္ပဏီလည်းပဲ ဖော်ပြထားတဲ့ အဓိက လုပ်ငန်းတွေ ဆောင်ရွက်ချက်တစ်စုံ တစ်ရာ မရှိဘူးဆိုတာ တွေ့ရပါတယ်။

မြန်မာကျော်Finance ကုမ္ပဏီနဲ့ ပတ်သက်ပြီး စိစစ်ချက်တွေဖြစ်ပါတယ်။ ဒီကုမ္ပဏီက ၂၀၁၆ ဇူလိုင် ၁၆ ရက်နေ့မှာ မှတ်ပုံတင်ထားတယ်။ ဦးကျော်မြင့်၊ ဒေါ်ဌေးဌေးဝင်းနဲ့ ဒေါ်ခင်မေစုလှိုင်ဖြစ်ပါတယ်။ အဓိက စီးပွားရေးလုပ်ငန်းကတော့ ငွေရေးကြေးရေး ဝန်ဆောင်မှု အာမခံ အထောက် အကူပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ မှတ်ပုံတင်ထားတာဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဒီကုမ္ပဏီ ဘဏ်မဟုတ်သော ငွေရေးကြေးရေး လုပ်ငန်း မှတ်ပုံတင် ထုတ်ပေးထားတာရှိသလား စိစစ်ပါတယ်။

အထူးသဖြင့်တော့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းလိုင်စင်ဖြစ်ပါတယ်။ ဒါလည်း ဗဟိုဘဏ်က ထုတ်ပေးထားတာမရှိဘူးဆိုတာတွေ့ရပါတယ်။ စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးအသေးစား လုပ်ငန်းကော်မတီကလည်း လုပ်ငန်းလိုင်စင်ထုတ်ပေးထားတာမရှိဘူး။ ငွေရေးကြေးရေး ကုမ္ပဏီဖြစ်သော်လည်း ဗဟိုဘဏ်ရဲ့ တရားဝင်ခွင့်ပြုချက်၊ နောက်စီမံဘဏ္ဍာစက်မှုဝန်ကြီးဌာနရဲ့ အသေးစား ငွေကြေး ဝန်ဆောင်မှု ခွင့်ပြုချက်တွေ ထုတ်ပေးထားတာမရှိဘူး။ ကုမ္ပဏီမှတ်ပုံတင်တာ ရှိတယ်။ ကျန်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ တရားဝင်ခွင့်ပြုချက်မရှိဘူးဆိုတာ တွေ့ရပါတယ်။

သူရဲ့ ဘဏ်စာရင်းတွေ စိစစ်မှု အခြေအနေ တင်ပြမှာဖြစ်ပါတယ်။ ဦးကျော်မြင့်ရဲ့ ဘဏ်စာရင်းတွေကို ဗဟိုဘဏ်ရဲ့ အကူအညီနဲ့ စိစစ်တာဖြစ်ပါတယ်။ စိစစ်တဲ့အခါမှာ ဦးကျော်မြင့်နာမည်နဲ့ ဧရာ၀တီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်တွေမှာ ငွေစာရင်း ၇ ခုရှိပါတယ်။ ခုနက တင်ပြခဲ့တဲ့ မြန်မာကျော် Hi TEch ကုမ္ပဏီအမည်နဲ့ ဧရာ၀တီဘဏ်မှာ ငွေစာရင်း နှစ်ခုရှိပါတယ်။ မြန်မာကျော် Finance ကုမ္ပဏီနာမည်နဲ့ ဧရာ၀တီဘဏ်မှာ ငွေစာရင်း ၂ ခုရှိပါတယ်။

မြန်မာကျော်Investment ကုမ္ပဏီအမည်နဲ့ ဧရာ၀တီဘဏ်၊ ယူနိုက်တိုက်အမရာဘဏ်၊ ကမ္ဘောဇဘဏ် ဒီဘဏ် ၃ ခုမှာ ငွေစာရင်း ၁၀ ခုရှိပါတယ်။ နောက် UDP Education ဖောင်ဒေးရှင်းဆိုတဲ့ နာမည်နဲ့ ဧရာ၀တီဘဏ်မှာ ငွေစာရင်း ၂ ခု ၊ UDP ပါတီရဲ့ FUND ဆိုပြီးတော့ ဒေါ်ဌေးဌေးဝင်း ဒေါ်မျိုးဟေမာန်ဆိုတဲ့ နာမည်နဲ့ ဧရာ၀တီဘဏ်မှာ ငွေစာရင်း ၂ ခု ၊ အဲဒီတော့ ဦးကျော်မြင့်နဲ့သက်ဆိုင်တဲ့ ငွေစာရင်း စုစုပေါင်း ၂၅ ခု ၊ သူရဲ့ ဝန်ထမ်းတွေ သူနဲ့သက်ဆိုင်သူတွေရဲ့ အမည်တွေနဲ့ ဧရာ၀တီ၊ ကမ္ဘောဇ၊ ယူနိုက်တက်အမရာဘဏ်၊ ရိုးမဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ငွေစာရင်း စုစုပေါင်း ၃၄ ခု ငွေစာရင်းစုစုပေါင်း ၅၉ ခု တွေ့ရှိရတာဖြစ်ပါတယ်။

ဦးကျော်မြင့်ရဲ့ ငွေစာရင်းတွေကို တရုတ်နိုင်ငံကနေပြီးတော့ တရားမဝင်ငွေလွှဲတွေ ပြောရရင်တော့ ဟွန်ဒီနဲ့ လွှဲပြောင်းလာတဲ့အခြေအနေဖြစ်ပါတယ်။ ပထမဆုံး မြန်မာကျော်Investment ကုမ္ပဏီအမည်နဲ့ ဖွင့်ထားတဲ့ ငွေစာရင်း၊ ဧရာ၀တီဘဏ်မှာ ဖွင့်ထားတဲ့ငွေစာရင်းတွေကို ပမာဏ စိစစ်ချက်အရ ၂၀၁၅ ခုနှစ်ထဲမှာ စုစု​ပေါင်း ကျပ် ၁၆ ဒသမ ၃၁၅ ဘီလီယံ အဲဒါကိုလည်း တရုတ်နိုင်ငံမှာ ရှိတဲ့ ဟွန်ဒီတရားမဝင်တွေ မူဆယ်နယ်စပ်ကတစ်ဆင့် အဆင့်ဆင့် လွှဲပြောင်းခဲ့တာ တွေ့ရှိရပါတယ်။

အသေးစိတ်စာရင်းကတော့ ယူနိုက်တက်အမရာဘဏ်ငွေစာရင်းကို လွှဲပြောင်းထားတာက ငွေကျပ် ၅၄၉ ဒသမ ၈ သိန်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ မတ်မားရုံခေါ် အားရုံ သူ့ဆီကတစ်ဆင့် တရားမဝင် လွှဲပြော်ငးတယ်။ ပြီးရင် ရန်ကုန်မှာရှိတဲ့ ယူနိုက်တက် အမရာဘဏ်မှာရှိတဲ့ ဦးကျော်မြင့် မြန်မာကျော်Investment ကုမ္ပဏီထဲကို ဝင်ရောက်လာတာတွေ့ရပါတယ်။ တရုတ်နိုင်ငံမှ မတ်မားရုံး၏ ခင်ပွန်း လင်ရုံလျှောက်က ပါ ၂၀၁၀ ပြည့်နှစ်မေလ ၄ ရက်နေ့မှာပဲ တရုတ်နိုင်ငံရဲတပ်ဖွဲ့က ငွေကြေးဆိုင်ရာ ကိစ္စနဲ့ဖမ်းဆီးခြင်းခံထားရသူဖြစ်တယ်။ ပြီးရင် မတ်မားရုံခေါ် အားရုံကလည်း တရုတ်အစိုးရ၊ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးနေလို့ တိမ်းရှောင်နေတဲ့ အနေအထား သိရှိရပါတယ်။

ယူနိုက်တက်အမရာဘဏ်ငွေစာရင်း၊ ဧရာ၀တီဘဏ်ရယ် ဝင်လာတဲ့ငွေက စုစုပေါင်း ငွေကျပ် ၁၄၃၈၉၀ သိန်းဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့နေပြီးတော့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင်းမှာ တရုတ်နိုင်ငံ ကြယ်ဂေါင်မှာ ငွေလွှဲလုပ်ကိုင်နေတဲ့ မရှောက်လီ၊ နောက်တစ်ခါ ရွှေလီမြို့မှာ တရားမဝင် ငွေကြေးလွှဲနေတဲ့ စိုက်ချင်းခေါ် စိုင်းကျင်ခေါ် သိန်းသိန်းငွေ၊ အားဆိုပေါ့နော်။ ဒီ ၃ ယောက်ကနေပြီးတော့ မြန်မာကျော်Investment ကုမ္ပဏီရဲ့ ရန်ကုန်မှာရှိတဲ့ အမရာဘဏ်ငွေစာရင်း ဧရာ၀တီဘဏ်စာရင်းတွေကို အကြိမ်ပေါင်း ၄၄ ကြိမ်လွှဲပြောင်းခဲ့တာတွေ့ပါတယ်။ အဲဒီမှာလည်း တရုတ်နိုင်ငံသား စိုက်ချင်းခေါ် စိုင်းကျင်ခေါ် သိန်းသိန်းငွေဟာ ၂၀၁၀ ပြည့်နှစ် မေလ ၄ ရက်နေ့မှာ ပဲ ငွေကြေးကိစ္စနဲ့ ဖမ်းဆီးထားတယ်ဆိုတာ တွေ့ရပါတယ်။

ဆက်လက်ပြီးတော့ ယူနိုက်တက်အမရာဘဏ်ငွေစာရင်း သိန်း ၂၀၀၀ ကိစ္စဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ဩဂုတ်လ ၁၅ ရက်နေ့ ၊ ၂၀၁၅ စက်တင်ဘာလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ မရှောက်လီထံမှတစ်ဆင့် တရားမဝင် လွှဲပြောင်းပေးပို့ချက်အရ မြန်မာကျော်Investment ကုမ္ပဏီငွေစာရင်းကို သိန်း ၂၀၀၀ နှစ်ကြိမ်လွှဲပြောင်းခဲ့တာ တွေ့ရှိရပါတယ်။

ဧရာ၀တီဘဏ်ငွေစာရင်း ၂ခု ကိုဝင်လာတဲ့ ငွေကျပ် ၁၂၇၁၂ ဒသမ ၆ သိန်း ဖြစ်ပါတယ်။ အဲဒါကလည်း ၂၀၁၅ ခုနှစ် ဩဂုတ်လ ၅ ၊ ၆ ၊ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံ ရွှေလီက​ေ ငွလွှဲလုပ်နေတဲ့ စိုက်ချင်းခေါ် စိုင်းကျင်ခေါ် သိန်းသိန်းငွေကပဲ သူကနေမှ အဆင့်ဆင့် တရားမဝင် လွှဲပြောင်းခဲ့တယ်။ စုစုပေါင်း ၃ ကြိမ် လွှဲပြောင်းခဲ့တဲ့ ပမာဏဖြစ်ပါတယ်။

ဧရာ၀တီဘဏ်ငွေစာရင်း ၂ ခုကို ဝင်လာတဲ့ သိန်း ၄၀၀၀ ကိစ္စဖြစ်ပါတယ်။ အဲဒါကလည်း ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ ၂၇ ရက်နေ့မှာ ဝင်လာတဲ့ တ၇ုတ်နိုင်ငံ ရွှေလီက ငွေလွှဲလုပ်နေတဲ့ အား၀ုချင်းဆီကနေတစ်ဆင့် တရားမဝင်အဆင့်ဆင့် ရန်ကုန်မြို့ ဧရာ၀တီကို ငွေလွှဲမှု ၂ ကြိမ်နဲ့ လွှဲပြောင်းရောက်ရှိတာဖြစ်ပါတယ်။ အားလုံးပေါင်း ၁၆ ဒသမ ၃၁၅ ဘီလီယံရှိပါတယ်။

နောက်တစ်ခါ ဘဏ်တိုးရရှိမှု အခြေအနေ ဧရာ၀တီဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ငွေစာရင်း ၆ ခုက အတိုးရရှိတာ ၂၀၁၅ ကနေ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ၁၄ ဒသမ ၈၁၄ ဘီလီယံ ဘဏ်တိုးရထားတာတွေ့ရပါတယ်။ ဆက်လက်ပြီးတော့ မြန်မာကျော်Investment ကုမ္ပဏီက ချေးငွေ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို စိစစ်တာဖြစ်ပါတယ်။

ကုမ္ပဏီဝန်ထမ်း၊ ပါတီဝင်တွေနဲ့ ပြင်ပုဂ္ဂိုလ် ၁၉ ဦး ၂၀၁၆ ခုနှစ်မှာ စုစုပေါင်း ငွေကျပ် ၄၁၀၅၁ ဒသမ ၁၃ သန်း ထုတ်ချေးထားတယ်။ အဲဒီလိုထုတ်ချေးတဲ့အခါမှာ ကုမ္ပဏီ ဝန်ထမ်းတွေကို အတိုးမဲ့နဲ့ အတိုးမယူဘူး။ ပါတီဝင်တွေနဲ့ ပြင်ပုဂ္ဂိုလ်တွေကို အတိုး ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်း အတိုးနည်းနည်းနဲ့ရယူတယ်။ ထုတ်ချေးတယ်။ ထုတ်ချေးတဲ့ငွေကို စုစုပေါင်း အတိုးရငွေ ၅၁၀ ဒသမ ၁၄ သန်း အမြတ်ရပါတယ်။ အဲဒီတော့ ငွေကြေးထုတ်ချေးတာက စောစောက တင်ပြခဲ့တဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှု လိုင်စင်မရှိဘဲနဲ့ လုပ်ငန်းလိုင်စင်တွေမရှိဘဲနဲ့ လုပ်ထားတာကို သွားပြီးတွေ့ရတာဖြစ်ပါတယ်။

မြန်မာကျော် Investment ကုမ္ပဏီ က ဘဏ်တိုးရရှိတာ၊ ချေး ငွေထုတ်ချေးတာ၊ ရင်းနှီးမြှုပ်နှံတာတွေ၊ လုပ်ငန်းဆောင်ရွက်မှုမှစုစုပေါင်း ၁၅ဒသမ ၅၁ ဘီလီယံ ရရှိထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။

သိန်းသောင်းချီတန်သော မှော်ဘီရွာအပါအဝင် ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများ

ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများကိုလည်း ဦးဇော်ဌေးက အောက်ပါအတိုင်း ရှင်းလင်းပြောဆိုသွားသည်။

လှိုင်မှ ဟိုတယ်

လှိုင် မြို့နယ် ၁၆ ရပ်ကွက် ဗဟိုလမ်းနှင့် မာလာမြိုင်လမ်းထောင့် မှာရှိတဲ့ International City Hotel မြေနဲ့ အဆောက်အဦးဖြစ်ပါတယ်။ မြေနဲ့ အဆောက်အဦးက ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ အရောင်းအဝယ်စာချုပ်နဲ့ ဦးခင်ဇော်ဆိုတဲ့ပုဂ္ဂိုလ်ဆီက ငွေကျပ် ၁၁၇၅၀ သိန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဝယ်တဲ့အခါမှာ မြေကွက် ၉၄ နဲ့ပတ်သက်ပြီး ကျပ်သိန်း ၄၃၀၀၊ မြေကွက် ၉၅ နဲ့ပတ်သက်ပြီး ကျပ်သိန်း ၆၁၀ ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ ဝယ်ယူခဲ့တယ်ဆိုပြီးတော့ စာချုပ်စာတမ်း မှတ်ပုံ တင်ထားတာရှိပါတယ်။ International City Hotel မြေပိုင်ဆိုင်မှုကို ရန်ကုန်စည်ပင်မှာ စိစစ်တဲ့အခါမှာ မြေအမည်ပေါက် ဦးကျော်မြင့် နာမည်နဲ့ မြေအမည်ပေါက် ပြောင်းလဲ ထားတာတွေ့ပါတယ်။ International City Hotel ရောင်းချတဲ့အခါမှာရရှိတဲ့ ၁၁၇၅၀ သိန်းနဲ့ပတ်သက်ပြီး ရောင်းတဲ့သူက အခွန်ဆောင်ထားတာမရှိသေးတာ တွေ့ရပါတယ်။

မှော်ဘီရွာ

မှော်ဘီမြို့ လင်းတိုက်ပင်ကျေးရွှာအုပ်စု၊ ကျွန်းတောတောင်ပိုင်းမှာရှိတဲ့ လယ်ယာဥယျာဉ်ခြံမြေပိုင်ဆိုင်မှုဖြစ်ပါတယ်။ ဦးကျော်မြင့်လယ်မြေဧရိယာ ၁၃၂ ဒသမ ၂၅ ဧက ၊ ဥယျာဉ်မြေဧက ၂၈ ဒသမ ၀၆ ဧက စုစုပေါင်း ၁၆၄ ဒသမ ၃၁ ဧကကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း စာချုပ်ပေါင်း ၁၄ စောင် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၈၈၀၀ ကျော်နဲ့ ဝယ်ယူခဲ့တာတွေ့ရပါတယ်။

ဝယ်ထားတဲ့ ၁၆၄ ဒသမ ၃၁ ဧကကို ခြံစည်းရိုးတွေ ပတ်လည်ကာရန်တယ်။ ရေကန်တွေ တူးတယ်။ ဂေါက်ကွင်းအသေးစားတွေ ဖောက်တယ်။ ဟိုတယ်ပုံစံ အဆောက်အုံတွေ ဆောက်လုပ်တယ်။ ဘန်ဂလိုငယ်လေးတွေ ဆောက်လုပ်တယ်။ ကားပတ်လမ်းတွေလူသွားလမ်းတွေ ခင်းတယ်။ ရေသွယ်တယ်။

လျှပ်စစ်မီးတွေ သွယ်တန်းတယ်။ ဒီလုပ်ငန်းတွေကို စာချုပ်တွေ ချုပ်ပြီးဆောင်ရွက်တဲ့အခါသူရဲ့ ကုန်ကျငွေ ကျပ်သိန်းပေါင်း ၅၀၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒီနေရာကို ဦးကျော်မြင့်ကနေပြီးတော့ မှော်ဘီ Village စားသောက်ဆိုင်နဲ့ အပန်းဖြေစခန်းလို့ ပြုပြင်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် စိစစ်တဲ့အခါမှာ လယ်ယာမြေကို ဒီလိုမျိုး မှော်ဘီရွာကို အပန်းဖြေ စခန်းအဖြစ် တည်ဆောက်တဲ့နေရာမှာ လယ်ယာမြေကို ဒီလိုမျိုး ပြုပြင်အခြားနည်းသုံးစွဲခွင့် မြေယာ လျှောက်ထားတာ ရယူထားတာမတွေ့သေးဘူးလို့ သိရပါတယ်။

မန္တလေးတိုင်း၊ ပြင်စာကျေးရွာမှ မြေယာပိုင်ဆိုင်မှု

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအတွင်းမှာရှိတဲ့ ယာမြေ ၄ ဒသမ ၃၇ ပိုင်ဆိုင်မှုဖြစ်ပါတယ်။ ဒီမန္တလေးတိုင်း ပြင်စာကျေးရွာအတွင်းမှာရှိတဲ့ ယာမြေ ၅ ဧကကို ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၆ မှာနေတဲ့ ဦးမျိုးညွန့်ကနေပြီးတော့ ရွာခံတွေနဲ့ ချိတ်ဆက်ပြီးတော့ ၂၀၁၆ ခုနှစ်အတွင်းက တန်ဖိုးငွေကျပ်သိန်း ၁၈၀၀ တစ်ဧကကို တန်ဖိုးငွေကျပ် သိန်း ၃၆၀ နဲ့ပေးပြီးတော့ ဝယ်ခဲ့တာတွေ့ပါတယ်။

မြေအဝယ်အရောင်းစာချုပ်ကို စိစစ်တဲ့အခါမှာလည်း မြန်မာကျော်Investment ကုမ္ပဏီကဒါရိုက်တာ ဒေါ်ဌေးဌေးဝင်း ကုမ္ပဏီရှေ့နေဒေါ်တင်ဇာလင်းတို့က ဝယ်ယူခဲ့တယ်။ ဒီ ၅ ဧကကို ဦးကျော်မြင့် နာမည်နဲ့ ပုံစံ ၇ လျှောက်တယ်။ လျှောက်ပြီးတော့ ပြင်ဦးလွင် လယ်စိစစ်တိုင်းတာချက်အရ ၄ ဒသမ ၃၇ ဧကကို ပုံစံ ၇ ထုတ်ပေးတယ်။

၃ခန်းတွဲ အဆောက်အဦး တစ်လုံး၊ ၅ ခန်းတွဲ အဆောက်အဦးတစ်လုံး၊ ၁၀ ခန်းတွဲ အဆောက်အဦး တစ်လုံး နှစ်ခန်းတွဲအဆေက်အဦးတစ်လုံး၊ ထမင်းစားဆောင် တစ်စောင် ရေကူးကန်တစ်ကန် ဘန်ဂလို နားနေဆောင် တချို့ဆောက်လုပ်ထားပါတယ်။ ဒီပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အခြားမြေသုံးစွဲခွင့်ကို မန္တလေးတိုင်းဒေသကြီးအစိုးရကနေပြီးတော့ ဦးကျော်မြင့်ခေါ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်မှာ ရရှိထားပြီးဖြစ်ပါတယ်။ သူကတော့လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်တယ်ဆိုတာ တွေ့ရတယ် ။

ပန်းလှိုင်အိမ်ရာမှ နေအိမ်

ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာမှာရှိတဲ့ မြေကွက် ၁၉၃/၃၁ ဒီဟာနဲ့ပတ်သက်လို့တော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၇ သိန်းခွဲနဲ့ ညီမျှတဲ့ မြန်မာကျပ် သိန်း၁ သောင်း ကျော်နဲ့ စာချုပ်ချုပ်ဝယ်ယူထားတယ်။ ဒါကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်တယ်ဆိုတာ တွေ့ရတယ်။

နေပြည်တော်မှ UDP ပါတီဌာနချုပ်

နေပြည်တော် ပုဗ္ပသီရိမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု၊ အမှတ် ၁၅၂၂ မြေပိုင်ဆိုင်မှုဖြစ်ပါတယ်။ အဲဒါ ၆ ဒသမ ၉ ဧကကို သူက သိန်း ၁၀၀၀ နဲ့ ဝယ်ယူခဲ့တယ်။ဦးကျော်မြင့်နာမည်နဲ့ လယ်ယာမြေသုံးစွဲခွင့် ပုံစံ ၇ လျှောက်ထားတယ်။ ဒီလယ်ယာမြေပေါ်မှာ ၁၀ ခန်းတွဲ အဆောက်အဦးတစ်လုံး၊ နားနေဆောင်တစ်လုံး၊ ရေးကူးကန်တစ်ကန်တည်ဆောက်ထားပြီးတော့ UDP ဌာနချုပ်ရုံး ဖွင့်လှစ်ထားတယ်။ ဒါပေမယ့် သူ့မြေက လယ်ယာမြေကနေ အခြားနည်းသုံးစွဲခွင့် မရှိဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။

မော်တော်ယာဉ် ၃၅ စီး ပိုင်ဆိုင်မှု

KIA အမျိုးအစား မော်တော်ယာဉ် ၁၀ စီးချန်ဂန်အမျိုးစား မော်တော်ယာဉ် ၅ စီးVelfire မော်တော်ယာဉ် ၁ စီးLuxus ၁ စီး Vigo ၁ စီးရီဗို ၁ စီး ပွိုင့်ကား ခဲရောင် ၁ စီး လင့်ခရူဆာ ၁ စီးပရာဒို ၂ စီးအပါအဝင် ၃၅ စီး ရှိပါတယ်။

UDP ပါတီသို့ ဘီလီယံ ထောက်ပံ့ခြင်း

မြန်မာကျော် Investment မှ UDP သို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၀၂၀ ခုနှစ် မတ်လအထိ ၅၃၃ ဒသမ ၇၉ သန်းကို ပါတီလှူဒါန်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ၂၀၂၀ စက်တင်ဘာလအထိ ကျပ် ၉၁၈ ဒသမ ၆၃ သန်းကို ပါတီစည်းရုံးရေးအတွက် ထုတ်ယူအသုံးပြု ခဲ့တာတွေ့ရတယ်။စုစုပေါင်း ငွေကျပ် ၁ဒသမ ၄၅ ဘီလီယံကျော်ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

ပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ငွေကြေး ၁၂ ဘီလီယံထောက်ပံခြင်း

ထောက်ပံ့ကြေး UDP ပါတီဝင်အနက်မှ တိုင်းဒေသကြီးပြည်နယ်/ခရိုင် ပါတီဝင်တစ်ဦးကို ၂ သိန်း ၉ သောင်းကနေပြီးတော့ ငွေကျပ် ၃ သိန်း ၉ သောင်းအထိ၊ မြို့နယ်ပါတီဝင်တစ်ဦးကို ငွေကျပ် ၁ သိန်း ၉ သောင်းကျပ်၊ ရပ်ကွက်ပါတီဝင်တစ်ဦး ၉ သောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၁၆ ဦးကို ရွေးကောက်ပွဲဝင်ခွင့် အာမခံကြေး ၃ သိန်းနဲ့ ထောက်ပံ့ခဲ့တယ်။

၂၀၁၈ အောက်တိုဘာကနေ ၂၀၂၀ ပြည့်နှစ် ၁၂ ဒသမ ၄၃၉ ဘီလီယံ ထောက်ပံ့ကြေး ထုတ်ပေးထားတယ်။ လှူဒါန်း စည်းရုံးတာ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ထောက်ပံကြေး စုစုပေါင်း ၁၃ ဒသမ ၈၉ ဘီလီယံရှိတယ်ဆိုတာ တွေ့ရပါတယ်။

ဘယ်ကငွေကြေးတွေလို့ ဦးကျော်မြင့် ပြောလဲ

ဦးကျော်မြင့်က ကနေဒါတွင် လုပ်ငန်းလုပ်ပြီး ဒေါ်လာ ၃၃ သန်းစုစည်းဆောင်းမိကြောင်း၊ ၁၈ သန်းကို ၎င်း ရယူပြီး ၁၅ သန်းကို မိသားစုဝင်တွေကို ကပေးအပ်ခဲ့ကြောင်းထွက်ဆိုထားသည်။

ကနေဒါကနေပြီးတော့ တရုတ်နိုင်ငံကို တစ်ဦးတည်းလာကြောင်း၊ အဆိုပါ ကနေဒါငွေ ၁၈ သန်းဖြင့် သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်ကိုင်ပြီး ငွေကျပ် ၃၀ ဘီလီယံ မြှုပ်နှံနိုင်ခဲ့ကြောင်း ကုမ္ပဏီထူထောင်ပြီး စီးပွားရေးလုပ်ကိုင်ခဲ့ကြောင်း ထွက်ဆိုထားသည်။

သို့ရာတွင် စိစစ်မှုများအရ ခိုင်လုံသော အထောက်အထား တင်ပြနိုင်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရသည်။

UDP ပါတီ အလားအလာ

“ ဒီလိုမျိုး တရားမဝင် ဝင်ငွေရလမ်းမဖော်ပြတဲ့ ငွေကြေးတွေကို လက်ဝယ်ထားပြီးတော့ ရယူသုံးစွဲခြင်းဟာ ၂ဝ၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၃အရ ၁ဝနှစ်အထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်နိုင်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဆိုရင် ကျွန်တော်တို့ ကျပ်သန်း ၅ဝဝ ထိ ငွေဒဏ်ချရမယ်။ အကျိုးခံစားခွင့်ရှိသူ ထောင် ၇နှစ် ချမှတ်ရမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပြဌာန်းထားတာဖြစ်ပါတယ်။ နောက်တစ်ခါ ဦးကျော်မြင့်ရဲ့ ဝန်ထမ်းတွေ ပါတီဝင်တွေ ပြင်ပပုဂ္ဂိုလ်တွေ အတိုးနှုန်းသတ်မှတ်ပြီးချေးငွေေပးတယ်။ အကျိုးမြတ်ရယူတယ်။ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ အကြောင်းပြပြီး အပေါင်းခံပစ္စည်းတွေ ရယူတယ်။ အတိုးသတ်မှတ်ချေးငွေထုတ်ပေးတယ်။ ဒါတွေက မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ မှတ်ပုံလည်း မရှိဘူးပေါ့။ အဲ့တော့ ၂ဝ၁၆ခုနှစ် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၉မှာ ဘယ်လိုဖော်ပြထားလည်းဆိုတော့ မည်သူမျှ ဗဟိုဘဏ်ကထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ထူးထောင်လုပ်ကိုင်ခြင်းမပြုရဆိုေသာ ပြဌာန်းချက်ကို ဖောက်ဖျက်ရာကျပါတယ်။ ဒီပုဒ်မ ၁၇၁ အရဆိုရင် အရေးယူနိုင်တယ်။ ပြစ်မှုထင်ရှာရင်သူ့ကို ထောင် ၂နှစ်ကနေ ၅နှစ်ထပ်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ကျပ် သန်း ၅ဝဝထပ်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်ခြင်းခံရမှာဖြစ်ပါတယ်။ နောက်တစ်ခါ တရားမဝင် အဆင့်ဆင့်လွှဲပြောင်းလာတဲ့ ငွေကြေးတွေနဲ့ ပါတီဝင်တွေ ထောက်ပံ့တယ် လှူဒါန်းတယ်။ ချေးငွေတွေထုတ်ပေးတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ကြေးတွေပေးတယ်။ ဒီလိုဆောင်ရွက်တဲ့ဟာက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) အဲမှာ ဘယ်လိုဖော်ပြထားလည်းဆိုတော့ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးပစ္စည်း အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံခြင်းမပြု၍ ဒီပြဌာန်းချက်နဲ့ ကိုက်ညီမညီ ဒါကိုတော့ ဒီအချက်အလက်တွေပေါ် မူတည်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ကျွန်တော်အကြောင်းပြန်ထားပါတယ်။ အဲတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်ပြီးဆောင်ရွက်ဖို့ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးကပြောဆိုသည်။

ထိုသို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေများဖြင့် ငြိစွန်းမှုရှိကြောင်း ပြည်ထဲရေးစစ်ဆေးချက်တွင်တွေ့ရှိရသော်လည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဦးဇော်ဌေးကဆက်လက်ပြောဆိုသည်။

“ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ပြည်ထဲရေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ဦးကျော်မြင့်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄နဲ့ ကိုက်ညီသူဟုတ်မဟုတ် ဟိုးအရင်တုန်းက စီစစ်ခဲ့တာရှိတယ်။ နောက်နိုင်ငံသား စီစစ်ရေးကဒ်ပေါ့။ အဲတာတွေရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စီစစ်ထားတဲ့ အချက်အလက်တွေကို ရွေးကောက်ပွဲကော်မရှင်ကို ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ အကြောင်းပြန်ထားပါတယ်။ ပြန်ထားတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေရှိတယ်။ ဒီဥပဒေတွေက ခုနကျွန်တော်တင်ပြခဲ့တဲ့ ၆(စ)ပေါ့အရ ငြိစွန်းခြင်းရှိမရှိ နောက်တစ်ခါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄(င)ပေါ့။ ဒါတွေနဲ့ ကိုက်ညီသလား။ မကိုက်ညီဘူးလားပေါ့။ အဲတာတွေကို ကျွန်တော်တို့ တွေ့ရှိချက်တွေက မကိုက်ညီဘူး။ မကိုက်ညီတဲ့ ဟာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်ကြားထားတယ်။ ပြန်ကြားထားတဲ့အပေါ်မှာ ဒီအထောက်အထားတွေ စစ်ဆေးချက်တွေအပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ထားဖို့ပဲ ရှိပါတယ်။ အဲတော့ ပါတီအနေနဲ့ ရပ်တည်နိုင်ခြင်းရှိလားမရှိလား။ ကျွန်တော်တို့က ပြောလို့မရဘူး။ ဒါက ရွေးကောက်ပွဲကော်မရှင်က သူတို့ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ကနေဒါတွင် ၂၀၀၈ ခုနှစ်က မြင်တွေ့ရသည့် ဦးကျော်မြင့်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts