Health Local News political news

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်အခြေခံလူတန်းစားတချို့ အငတ်ဘေးကြုံ

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်အခြေခံလူတန်းစားတချို့ အငတ်ဘေးကြုံ

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်မြို့ရှိ ဝင်ငွေနည်း အခြေခံလူတန်းတချို့ ကိုဗစ်ကပ်ဘေးကြောင့် ငတ်မွတ်မှုများ ကြုံလာရကြောင်း အခြေခံလူတန်းစားများကို အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

အကူအညီလိုအပ်နေသော ပြည်သူများအတွက် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များက နိုင်သည့်ပမာဏအတိုင်းအတာဖြင့် ကူညီမှုများဆောင်ရွက်နေသော်လည်း အများစုမှာ ကျပ်တည်းနေကြကြောင်း သိရှိရသည်။

Clean Yangon အဖွဲ့၏ တာဝန်ခံ ဦးဇယျာထွန်း က ” တော်တော်လေးတော့ ကျပ်တည်းနေကြပါတယ်ဗျ။ အကူအညီပေးခဲ့တာ တစ်လနီးပါးတော့ရှိပြီနော်။ ဒီ အခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာပို့တဲ့နေရာပေါ့။ အချို့ အခြေခံလူတန်းစားတွေဆိုရင် ရေနစ်တဲ့သူကောက်ရိုးတစ်မျှင်ရသလို ပျော်သွားကြတယ်ပေါ့နော်။ တစ်ချို့နေရာတွေကျတော့လည်း ပျော်ရကောင်းမှန်းတောင်မသိဘူး။ ဒါလေးလည်း ငါတို့ရှေ့ဆက်ပြီးဘာလုပ်ရမလဲဆိုတဲ့အတွေးတွေနဲ့ နည်းနည်းလေး ငူငူငိုင်ငိုင်လေးဖြစ်နေတာလေးတော့ တွေ့ရတယ်ခင်ဗျ။ အဲဒီလိုမျိုးလေးဆိုတော့ လူတန်းစားနှစ်မျိုး တွေ့ရတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အခြေခံလူတန်းစားအများစုသည် ရှေ့ရေးအတွက် ရတက်မအေးဖြစ်နေရသည်ဟု သူက ဆက်လက်ပြောဆိုသည်။

” နောက်တစ်မျိုးကျတော့လည်း ဒါလေးရတဲ့အတွက် လက်တလောဖြေရှင်းရတယ်ဆိုပြီး အင်မတန်ပျော်သွားတယ်။ တချို့ကျတော့လည်း ဒါလေးက ဒီ ၇ရက် တစ်ပတ်ပဲ ခံမှာပေါ့နော်။ ဒီနောက်မှာ ငါတို့ အဲဒီ အနာဂတ်ကိုမျှော်ပြီးတော့ စိုးရိမ်ကြောင့်ကျနေတဲ့ဟာတွေလည်း ကျွန်တော်တို့ ကြုံခဲ့ရတယ်” ဟု သူက ပြောသည်။

အနာဂတ်နိုင်ငံတော်မဟာမိတ်အဖွဲ့မှ ကပ်ဘေးကာလထောက်ပံ့ရေးတာဝန်ခံ ဦးသက်ဆွေဝင်းကမူ အခြေခံလူတန်းစားများကို စားနပ်ရိက္ခာပေးစဉ် ၃ ရက်ခန့် ထမင်းမစားရသူများကို ကြုံတွေ့ရကြောင်း ပြောဆိုသည်။

“ကျပ်တည်းတာတော့ တော်တော်များနေကြပြီပေါ့နော်။ ကျွန်တော်တို့တွေ့တဲ့ဒေသမှာတွေဆိုလိုရရှိရင် ထမင်းမစားရတာ သုံးရက်ရှိပြီတို့ ကျွန်တော်တို့ဒီရက်ထဲမှာ ဒီဒေသတွေမှာ လိုက်လှူဖို့ အတွက် လိုက်ကြည့်တဲ့အခါမှာ တွေ့ရတာ တော်တော်များများက အဲဒီလိုမျိုး အခက်အခဲ အကြပ်အတည်းတော်များနေကြပါတယ်။ အလုပ်မရှိကြဘူး။အိမ်ထဲက အိမ်အပြင်ထွက်လို့မရဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ အိမ်ထဲမှာပဲနေပြီးတော့ ငတ်နေကြရတဲ့လူတွေ ထမင်းရေသောက်ပြီးနေတဲ့လူတွေဆိုရင် ဒီရက်ထဲမှာ သုံးလေးယောက်လောက်တွေ့ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်တာဝန်ခံ ဦးရဲရဲဦးကလည်း အလုပ်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်းပြီး ထမင်းနပ်မမှန်သူများကို တွေ့ရှိရကြောင်း ပြောဆိုသည်။

“အဓိက တော်တော်ကျပ်တည်းနေတဲ့ လူတွေရှိတယ်။ သိပ်ပြီးတော့ မကျပ်တည်းတဲ့လူတွေရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ အရင်တုန်းက တစ်နေ့လုပ်တစ်နေ့စား အရင်တုန်းကတည်းက ဆင်းရဲနေတဲ့လူတွေပေါ့နော်။ အလုပ်နည်းနည်းရှားပါးတဲ့အတွက် ဆင်းရဲနေတဲ့လူတွေရှိတယ် အဲဒီလူတွေက အခုကာလမှာ တော်တော်လေးပိုပြီး ကျပ်တည်းတယ်။ အထူးသဖြင့် အရင်ကတည်းက ဟို ထမင်းနပ်မမှန်ဘူးပေါ့။ ဒီရရာအလုပ်လုပ်တယ် ကြုံရာကျပန်းလုပ်တယ်ဆိုတဲ့လူအများစုက အခုချိန်မှာ ဒီထက်ပိုပြီးတော့ကြတော့ ပိုကျပ်တည်းလာကြတယ်။ အရင်တုန်းက ထမင်းနပ်မှန်ရုံ အလုပ်လုပ်နိုင်တဲ့သူတွေ တစ်နေ့လုပ်တစ်နေ့စားသမားလေးတွေကြတော့ အခုချိန်မှာ အလုပ်လုံးဝရပ်သွားပြီတဲ့အတွက် ဝင်ငွေလုံးဝရပ်သွားတယ်။ သူတို့ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ကျပ်တည်းကြတယ်။ တချို့နေရာတွေမှာဆိုရင် စားဖို့အတွက် ဆန်တွေဘာတွေက အစ ထမင်းစားဖို့တောင် အဲဒီလို အကျပ်အတည်းဖြစ်နေတာကိုတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

Food Not Bombs Myanmar ပူးတွဲ တည်ထောင်သူ ဦးကျော်ကျော်ကမူ အလှူရှင်မရှိ၍ ငတ်မွတ်သူများရှိနေသည်ဟုဆိုသည်။

” တော်တော်ဆိုးဆိုးဝါးဝါးပဲ။တစ်ချို့တွေဆိုရင် စားစရာတောင်မရှိတော့တဲ့အနေအထားတွေ ပြတ်လပ်နေကြတဲ့ အနေအထားတွေတောင်မှာတွေ့ရတယ်။ ဟိုဟာပေါ့ အမျိုးမျိုးပဲ အကိုရာ တွေ့ရမြင်ရတာတော့ ကျွန်တော်တို့ရဲ့ အတွေအကြုံအရတော့ တစ်ချို့ဆိုရင် စားစရာဆန်တောင်မရှိတော့ဘူး။ အဲဒီလိုဟာမျိုးတွေမှာတွေ့ရတာပေါ့နော်။ ဒဂုံဆိပ်ကမ်းဘက်က အဲဒီလို ကျုးကျော်ရပ်ကွက်တစ်ချို့တွေမှာ အဲဒီလိုမျိုး တစ်ချို့တွေဆိုရင်လည်းအောက်ပိုင်းသေနေတဲ့ ခေတ်ကာလမကောင်းတော့ သူ့မိန်းမဖြစ်သူက ကန်ထဲကနေ ကန်စွန်းရွက်တွေဘာတွေခူး အိမ်မှာ ဆန်က မရှိ။အဲဒီလိုအခြေအနေပေါ့ဗျာ။ ပိုက်ဆံဆိုရင် လုံးဝ ဇီးရိုးဘတ်ဂျက်ဖြစ်နေတဲ့အပြင်ကိုမှ ဆန်တောင်မရှိတော့တဲ့ဟာတွေလည်း တွေ့ရတယ်ပေါ့နော်။ အခက်အခဲတွေကတော့ တွေ့ရမြင်ရတာ ဒလဘက်အခြမ်းမှာဆိုလည်း တော်တော်များများက အဆင်မပြေဖြစ်နေတာ အလှူရှင်တွေလည်း သိပ်မရောက်ကြဘူးဖြစ်နေတာ။ အဲဒါတော့တော်တော်လေး ကျပ်ကျပ်တည်းတည်းပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၂၃၅၁ ဦးရှိလာပြီဖြစ်ပြီး လူနာပေါင်း ၇၆၅ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts