All News China Watch Features Peace

ကရင်မှ တရုတ်လောင်းကစားမြို့တော်စီမံကိန်းကြောင့် မြန်မာ့အချုပ်အခြာ အန္တ ရာယ် ရှိသည့်အပြင် အမေရိကန် ကူညီပေးမှု ဆုတ်ယုတ်မည် (နိဂုံး)

ကရင်မှ တရုတ်လောင်းကစားမြို့တော်စီမံကိန်းကြောင့် မြန်မာ့အချုပ်အခြာ အန္တ ရာယ် ရှိသည့်အပြင် အမေရိကန် ကူညီပေးမှု ဆုတ်ယုတ်မည် (နိဂုံး)

By Jason Tower နှင့် Priscilla A. Clapp

မြန်မာနိုင်ငံတွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ “မြန်မာ့ကာစီနိုမြို့များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ” ဆိုသော အစီရင်ခံစာတစ်စောင်ကို UNITED STATES INSTITUTE OF PEACE က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် သက်ရောက်မှုများစွာ ရှိနေသဖြင့် အဆိုပါ အစီရင်ခံစာကို အပိုင်းလိုက် ခွဲ၍ တင်ပြနေခြင်းဖြစ်သည်။

မြန်မာ့အချုပ်အခြာထိခိုက်မှု

ကရင်ပြည်နယ်ရှိ တရုတ်လောင်းကစားမြို့တော်စီမံကိန်းများသည် ကြီးမားသော နိုင်ငံရေး ပြဿနာများစွာ ပါဝင်ရောယှက်လျက် ရှိနေပါသည်။ ပထမတစ်ချက် အနေဖြင့် ကရင်ပြည်နယ်တွင်းရှိ တရုတ်စီမံကိန်းများ စည်းကြပ်ခြင်းနှင့် စိစစ်အတည်ပြုခြင်း တို့မှ လွတ်ကင်း၍ ဤမျှအထိ လုပ်ဆောင်နိုင်ခြင်း ကို ကြည့်ပါက နိုင်ငံသားများ အကျိုးစီးပွား နှင့် နိုင်ငံ၏အချူပ်အခြာ အာဏာ တည့်တံ့ခိုင်မြဲရန် ထိန်းသိမ်းရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြီးပြည့်စုံမှု မရှိကြောင်း ဖော်ပြနေပါသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေက တပ်မတော်ကို နိုင်ငံရေး နှင့် စီးပွားရေး နှစ်မျိုးစလုံး ပါဝင်နိုင်မည့် အခင်းအကျင်းမျိုး ဖန်တီးပေးထား ပါသည်။ ယင်းအချက်က နိုင်ငံ၏ဥပဒေနှင့် မကိုက်ညီသည့် ပြင်ပမှ စိတ်ပါဝင်စားမှု များစွာကို ဆွဲဆောင်လျက် ရှိနေပါသည်။

အခြားတစ်ချက်မှာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်း ဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တပ်မတော် ကသာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထို့ပြင် နယ်ခြားစောင့်တပ် (BGF) နှင့် တပ်မတော်နှင့် ပူးပေါင်းထားသည့် လက်နက်ကိုင် အဖွဲ့များသည် သီးခြား ဥပဒေစည်းမျဉ်း များဖြင့် လှုပ်ရှားနေသောကြောင့် အန္တရာယ်များသော အခင်းအကျင်း တစ်ခု ဖြစ်နေပါသည်။

ယင်းစီမံကိန်းများတွင် ပါဝင်ပတ်သက် နေသည့် လက်နက်ကိုင် တပ်ဖွဲ့များသည် တပ်မတော်နှင့် သဘောတူညီမှုများ ရရှိထားပြီး လက်နက်ကိုင် အဖွဲ့အစည်း ဟူသော အားသာချက်ဖြင့် ၎င်းတို့ကိုယ်ကို ဥပဒေအထက်မှာ ရှိသည်ဟု သဘောထားလျက် ရှိပါသည်။ ထိုနည်းတူ သာမန်အရပ်သားများ အတွက် တရားမဝင်ဟု သတ်မှတ်ထားသော စီးပွားရေး နှင့် အခြား လုပ်ငန်းဆောင်ရွက်မှု များကို ဆောင်ရွက်ရန် ၎င်းတို့တွင် (KNU ကို ခြွင်းချက်အဖြစ် ထားနိုင်ပါသည်) ခွင့်ပြုချက် ရှိထားသည် ဟု ယုံကြည်နေလျက် ရှိသည်။

ကရင်ပြည်နယ်ရှိ (အခြားနေရာများ အပါအဝင်) ယင်းအခြေအနေ မျိုးကို သည်းခံထားမည် ဆိုပါက လက်နက်ကိုင် အဖွဲ့အစည်း တိုင်းသည် စီးပွားရေး လုပ်ကိုင်နိုင်သည့် အထူး အခွင့်အရေး ရှိသည်ဟူသော ယူဆချက်များ ပေါ်ထွက်လာမည် ဖြစ်သည်။ ယင်းပုံစံ အဖြစ်အပျက်မျိုး ပေါ်ထွက်လာခြင်းက လက်နက်ကိုင် ရာဇဝတ်မှုဖြင့် မြန်မာ တစ်နိုင်ငံလုံး၏ စီးပွားရေးအား ထိခိုက်စေမည် ဖြစ်ပါသည်။ ရေရှည်ကြည့်ပါက တပ်မတော် အတွက်လည်း အထူး အန္တရာယ် ရှိမည် ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဩဇာအာဏာကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတော်၏ ဩဇာအာဏာ အတွက် စိန်ခေါ်မှုများ ဖန်တီးပေးနေသလို အများပြည်သူ အကျိုးစီးပွားရှိမည့် ငြိမ်းချမ်းရေး မျှော်လင့်ချက် များလည်း ဆုံးရှုံးပျက်ပြယ်စေနိုင် သောကြောင့် ဖြစ်ပါသည်။

ကရင်ပြည်နယ်ရှိ စီမံကိန်း များကို ကြည့်လျှင် တရုတ်နိုင်ငံသား နှင့် အခြားနိုင်ငံသား ခံယူထားသည့် တရုတ်လူမျိုးများ ပါဝင်နေသည့် ဒုစရိုက်ဂိုဏ်း ကွန်ရက်များက BRI အစီအစဉ်အား အကာအကွယ်ယူ၍ သော်လည်းကောင်း၊ တရုတ်အရာရှိများနှင့် တရုတ် အစိုးရတစ်ပိုင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းဖြင့် သော်လည်းကောင်း တရားမဝင်သော၊ အန္တရာယ်များသော လုပ်ငန်းများ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေမှု ကို အရှိအတိုင်း မြင်နိုင်မည် ဖြစ်ပါသည်။

ယင်းကဲ့သို့ လုပ်ဆောင်နေမှု အပေါ် အရေးယူရန် ပျက်ကွက်ပါက ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) ၏ အမှန်တကယ် အကျိုးစီးပွား နှင့် ဆွဲဆောင်နိုင်မှု အပေါ် မေးခွန်းထုတ်ရ တော့မည် ဖြစ်သည်။ BRI ရင်းနှီးမြုပ်နှံမှု များ၏ ပွင့်လင်းမြင်သာမှု နှင့် အုပ်ချုပ်စီမံမှု အပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုကို ဖြေရှင်းနိုင်ရန် ဘေဂျင်းက ၂၀၁၉ ခုနှစ်တွင် မိတ်ဆက်ခဲ့သည့် ‘သန့်ရှင်းသော BRI’ အစီအစဉ်အောက်ရှိ အကောင်အထည်ဖော်မှု များမှာ အထက်ပါ ဖြစ်ရပ်များကြောင့် အစွန်းအထင်း ရှိသွားမည် ဖြစ်သည်။

ကရင်ပြည်နယ်ရှိ စီမံကိန်းများကြောင့် ထွက်ပေါ်လာသည့် စိန်ခေါ်မှုများမှာ မြန်မာ တစ်နိုင်ငံတည်း အတွက်သာ မဟုတ်ပါ။ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အပေါ် မေးခွန်းထုတ်မှု များစွာ ပေါ်ထွက်လာစေ သလို အမေရိကန် ပြည်ထောင်စု အပေါ်လည်း သက်ရောက်မှုများ ရှိပါသည်။

ဆယ်စုနှစ်ပေါင်း များစွာကြာအောင်၊ အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖွံ့ဖြိုးရေး အတွက် သော်လည်းကောင်း ၊ မြန်မာနိုင်ငံသား အားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရေး အတွက် သော်လည်းကောင်း အစဉ်တစိုက် လုပ်ဆောင်လာ ခဲ့ပါသည်။ မကြာသေးမီ နှစ်များမှ စတင်၍ မြန်မာနိုင်ငံ၏ ပဋိပက္ခ အဆုံးသတ်ရေး နှင့် ခိုင်မာသော ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းမှု များအပေါ် အမေရိကန်က အင်တိုက်အားတိုက် ပံ့ပိုးပေးလျက် ရှိပါသည်။

ထို့နည်းတူ ပွင့်လင်းမြင်သာပြီး နိုင်ငံသားအားလုံး တန်းတူညီမျှစွာ လက်လှမ်းမှီနိုင်မည့် ရေရှည်တည်တံ့ ခိုင်မြဲသော စီးပွားရေး ဖွံ့ဖြိုးမှု ရရှိရန် နှင့် ငွေကြေးခဝါချခြင်း ကဲ့သို့သော အကျင့်ပျက်ခြစားမှု လွယ်လင့်တကူ ဖြစ်ပွားနိုင်သည့် ဘဏ်လုပ်ငန်း ကဏ္ဍ အပါအဝင် အခြေခံကျသော စီးပွားရေး အဆောက်အအုံ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် အမေရိကန်က ဦးစားပေး ပံ့ပိုးကူညီလျက် ရှိပါသည်။

ကရင်ပြည်နယ်တွင် လက်ရှိ လုပ်ဆောင်နေသော ရင်းနှီးမြုပ်နှံသူများ (နှင့် ရင်းနှီးမြုပ်နှံမှုများ) က အမေရိကန် ၏ ရည်မှန်းချက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပြီး၊ မြန်မာ့ နိုင်ငံရေး နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှစ်ရပ် အတွက် အမေရိကန်နိုင်ငံက ပံ့ပိုးကူညီဆောင်ရွက်ပေးမှုမှ ရရှိလာသည့် အကျိုး ရလဒ် များလည်း ဆုတ်ယုတ်သွားစေနိုင်သည့် အန္တရာယ်လည်း ရှိနေပါသည်။

အမေရိကန်နှင့် ၎င်း၏ မိတ်ဖက်များထံမှ တိကျရှင်းလင်းသည့် ပံ့ပိုးပေးမှုများမရှိဘဲ အထက်ပါ ပုံစံကဲ့သို့သော တရုတ်၏ ရင်းနှီးမြုပ်နှံမှု (သို့မဟုတ်) အခြားနိုင်ငံများ၏ ရင်းနှီးမြုပ်နှံမှုများအား မြန်မာနိုင်ငံမှ တစ်ဦးတည်းပြန်လည်တွန်းလှန်နိုင်မည့် ဖြစ်နိုင်ခြေ အလွန်နည်းပါးလျက်ရှိသည်။

Photo- iStock/Getty images

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts