All News China Watch Features Peace

ကရင်ပြည်နယ်တွင် တရုတ်လောင်းကစားမြို့တော်ထူထောင်နေသည့် မကာအို ရာဇဝင်လူဆိုး သွားကျိုးနှင့် Hongmen ဂိုဏ်း အပိုင်း (၆)

ကရင်ပြည်နယ်တွင် တရုတ်လောင်းကစားမြို့တော်ထူထောင်နေသည့် မကာအို ရာဇဝင်လူဆိုး သွားကျိုးနှင့် Hongmen ဂိုဏ်း အပိုင်း (၆)

By Jason Tower နှင့် Priscilla A. Clapp

မြန်မာနိုင်ငံတွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ “မြန်မာ့ကာစီနိုမြို့များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ” ဆိုသော အစီရင်ခံစာတစ်စောင်ကို UNITED STATES INSTITUTE OF PEACE က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် သက်ရောက်မှုများစွာ ရှိနေသဖြင့် အဆိုပါ အစီရင်ခံစာကို အပိုင်းလိုက် ခွဲ၍ တင်ပြနေခြင်းဖြစ်သည်။

သွားကျိုးနှင့် Hongmen ဂိုဏ်း

Wan သည် ထိန်းသိမ်းမခံရမှီနှင့် ၁၉၉၉ ခုနှစ် မကာအိုတွင် အမိန့်ချမှတ်မခံရမှီ ကာလ အထိ 14K ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့စဥ် ကာလ အတွင်း တရုတ်ခေတ်သစ် ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်များ၌ အကြမ်းဖက်ဆုံး ခေါင်းဆောင်များ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်ဟု ကျော်ကြားသည်။

မြဝတီ မြို့ရှိ လောင်းကစား မြို့သစ် ဖြစ်သည့် စတုရန်း ကီလိုမီတာ ၂၀ ကျယ်ဝန်းသည့် Saixigang စက်မှုဇုန် ကို “သွားကျိုး (Broken Tooth)” ဆိုသော နာမည်ပြောင်ဖြင့် လူသိများသည့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသည့် လူဆိုးဂိုဏ်းဝင် Wan Kuok-Koi က ဦးဆောင်ခြင်းဖြစ်ပြီး စီမံကိန်း တစ်ခုလုံးကို အဓိက မောင်းနှင်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သော Dongmei Group ၏ ဥက္ကဌ လည်း ဖြစ်သည်။

Wan Kuok-kui ၏ ကမ္ဘောဒီးယား အခြေစိုက် Hongmen ဂိုဏ်း သည် ၂၀၁၂ ခုနှစ် ၎င်း အကျဉ်းထောင်က လွှတ်မြောက်ချိန်မှစ၍ ၎င်းလုပ်ဆောင်နေသည့် စီးပွားရေး လုပ်ငန်းများ၏ ဗဟိုချက်တွင် ရှိနေပါသည်။ Hongmen ဂိုဏ်းက ၎င်းတို့သည် ဟန်လူမျိုး များ၏ ယဉ်ကျေးမှု “အနှစ်သာရ” ကို ထိန်းသိမ်းရန်၊ တရုတ်ပြည် နှင့် “တရုတ်အိပ်မက်” တို့ကို တဖန်ပြန်လည် အသက်သွင်းရန် ရည်ရွယ်သည့် ၁၆၀၀ ပြည့် နှစ်လယ်များတွင် စတင်ခဲ့သော သမိုင်းဝင် လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ပြောဆိုပါသည်။

၎င်းဂိုဏ်းက “ကမ္ဘာအနှံ့ရှိ တရုတ်လူမျိုးများ ကို စည်းရုံးပြီး ခါးပတ်လမ်း ကို ပြန်လည်တည်ဆောက်ခြင်း နှင့် အထူးစီးပွားရေး ဇုံများ တည်ထောင်ခြင်း” တို့ဖြင့် တရုတ်လူမျိုးများ ငြိမ်းချမ်းစွာ ပြန်လည်ညီညွှတ်ရေး လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောဆို ပါသည်။ Hongmen ဂိုဏ်းသည် ၎င်း၏ Dongmei အုပ်စု နှင့်အတူ Zhuhai အခြေစိုက် Tianyu Trading ကုမ္ပဏီဖြင့် ပူးပေါင်း၍ အဓိက လုပ်ငန်းသုံးခု လုပ်ဆောင်ရန် ကြေငြာခဲ့ပါသည်။

၎င်းတို့မှာ Saixigang စီမံကိန်း၊ တရုတ် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု အစီအစဉ်၏ ပိုင်ဆိုင်မှု များအား ကာကွယ်ပေးမည့် လုံခြုံရေး ကုမ္ပဏီတစ်ခု နှင့် Hongmen အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်း ထုတ်လုပ်မည့် လုပ်ငန်း တို့ ဖြစ်ကြပါသည်။

၂၀၂၀ ခုနှစ် ဇွန်လလယ်၌ မကာအိုတွင် တရုတ် ဒုစရိုက်အုပ်စုများ၏ အမှတ်အသား တံဆိပ်တပ်ထားသည့် ဆေးခြောက်ပါဝင်သော ယမကာများကို Hongmen က ထုတ်လုပ်မိတ်ဆက် ခဲ့ပါသည်။

ရာဇဝတ်မှုကို ဖုံးကွယ်ရန်အတွက် မျိုးချစ်စိတ်ကို အသုံးချခြင်းလား

Hongmen ဂိုဏ်းသည် ဟောင်ကောင် ခွဲထွက်ရေး လှုပ်ရှားသူများ၊ တရုတ်နိုင်ငံရေးတွင် အမေရိကန် ဝင်ရောက်စွက်ဖက်မှု နှင့် ထိုင်ဝမ် သမ္မတ တို့ကို ဝေဖန်သည့် ဆောင်းပါးများ နေ့စဉ် ဖော်ပြလေ့ ရှိပါသည်။ ထို့ပြင် ၎င်းတို့သည် ရှေးခေတ် Jianghu စိတ်ဓာတ် (‌‌ တရုတ်သွေးသောက်ညီနောင်ဖွဲ့စည်းမှုတန်ဖိုးများ) ကို အသက်သွင်းထားသော မျက်မှောက်ခေတ် ဂိုဏ်းဖွဲ့မှုပုံစံမျိုးဖြစ်သည်။

အခြားသော ဖော်ပြမှုများ အဖြစ် Saixigang စီမံကိန်းအကြောင်း အပါအဝင် ၎င်းတို့၏ လုပ်ငန်းများ အကြောင်း ကြေငြာများကို Hongmen ၏ စာမျက်နှာတွင် ဖော်ပြထားပါသည်။ ရှေးခေတ်က မြေအောက်လှုပ်ရှားမှု၊ တော်လှန်ပုန်ကန်မှု များနှင့် မျိုးချစ်စိတ်ရှိမှု တို့ကို တွဲဖက်ဖော်ပြခြင်းဖြင့် Hongmen သည် လူအုပ်စုနှစ်မျိုး ထံမှ စိတ်ဝင်စားမှုကို ရရှိပါသည်။

ပထမတစ်မျိုးမှာ ရင်းနှီးမြုပ်နှံလိုသူ နှင့် ကာစီနိုတည်ထောင်လိုသူ များဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာ ယနေ့ခေတ် တရုတ်အရာရှိများ ဖြစ်ပါသည်။ Hongmen ကဲ့သို့ အဖွဲ့အစည်းမျိုးအား သည်းခံခွင့်ပြုထားခြင်းအပေါ် ပြည်ပရောက် တရုတ်လူမျိုးများ၏ တွေးခေါ် ကျင့်သုံးမှုကို ထိန်းသိမ်းရန် နှင့် ပြည်ပရောက် တရုတ်အဖွဲ့အစည်း များအား စည်းရုံးရန် တာဝန်ရှိသည့် တရုတ်ကွန်မြူနစ် ပါတီ သို့မဟုတ် ညီညွှတ်သော တပ်ဦးဌာန (United Front Department) တို့၏ ကျင့်ဝတ်သိက္ခာကို မေးခွန်းထုတ်ရမည် ဖြစ်သည်။

လေ့လာမှုများအရ ညီညွှတ်သော တပ်ဦးဌာနသည် ကမ္ဘာအနှံ့ရှိ တရုတ်ဆန့်ကျင့်ရေး သဘောထားများကို တန်ပြန်ခြင်းတွင် အဓိက အလေးထားသော်လည်း ကမ္ဘာအနှံ့ရှိ တရုတ်စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍မူ အလေးထားမှု အနည်းငယ်အားနည်း ပါသည်။

ယင်းအချက်ကြောင့်ပင် ညီညွှတ်သော တပ်ဦးဌာနဖြင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းမျိုးက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းကို ကာကွယ်နိုင်ရန် တရုတ်ပြည်မတွင်ပင် လက်ခံထားခြင်း မရှိသော ပြင်းထန်သည့် မျိုးချစ်စိတ်ဓါတ် လှုံ့ဆောင်ချက် များကို အသုံးပြုနေနိုင်ခြင်း ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

ဓာတ်ပုံ- အကျင်္ီအဖြူဝတ်ဆင်ထားသူမှာ ရာဇဝင်လူဆိုး သွားကျိုးဖြစ်သည်။ Photo Credit – SCMP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts