All News Election Local News

ကယား ဝန်ကြီးချုပ်ဟောင်းကို စက်ယန္တရား ငှားရမ်းခ ငွေကြေးကိစ္စဖြင့် အမှုဖွင့်ရန်ကြိုးပမ်း၊ ရဲစခန်း အကြောင်းမပြန်

ကယား ဝန်ကြီးချုပ်ဟောင်းကို စက်ယန္တရား ငှားရမ်းခ ငွေကြေးကိစ္စဖြင့် အမှုဖွင့်ရန်ကြိုးပမ်း၊ ရဲစခန်း အကြောင်းမပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိကော်မရှင်ကို တိုင်ကြားထားသည့်အတိုင်း စက်ယန္တရား ငှားရမ်းခ ငွေကြေးကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁ဝ ရက်နေ့ လွိုင်ကော်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ဖရူဆိုမြို့နယ်မှ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောဆိုသည်။

“ ကျွန်တော်ကတော့လေ အဂတိကော်မရှင်ကနေ ပြန်လာတဲ့စာအရပေါ့။ အဂတိကော်မရှင်ကနေ ပြန်လာတဲ့စာအထဲမှာ သက်ဆိုင်ရာဌာနကနေ တည်ဆဲဥပဒေအရ အရေးယူပါဆိုပြီးတော့ အဲလို ပြောလိုက်တဲ့အခါကျတော့ ကျွန်တော်ကလည်း ဆောင်ရွက်တာဖြစ်တယ်။ တိုင်ကြားရတဲ့ အဓိကအကြောင်းအရင်းကတော့ စက်ယန္တရား ငှားရမ်းခနဲ့ ပတ်သက်တဲ့ ငွေကြေးကိစ္စပါပဲ တခြားမပါပါဘူး။ ပုဒ်မနဲ့ ဘယ်လိုအရေးယူမယ်ဆိုတဲ့ဟာတွေကတော့ ရဲစခန်းကလည်း ပြန်တာတွေမရှိသေးတော့ ကျွန်တော်လည်း အဲဒါတွေ မပြောနိုင်သေးဘူးပေါ့။ ရဲစခန်းကလည်း ဘာမှအမှုဖွင့်ပေးတာတွေမရှိသေးဘူး။ ကျွန်တော်တိုင်ကြားတာကိုပဲ လက်ခံထားတာပဲရှိသေးတယ်” ဟု ၎င်းကပြောဆိုသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို သြဂုတ်လ ၁၄ရက်နေ့တွင် အများပြည်သူ နှင့် သက်ဆိုင်သည့် မြေနေရာအား ပုဂ္ဂလိကလုပ်ငန်းများအတွက် အလွဲသုံးစားမှုပြုလုပ်ခြင်းနှင့် ပြည်သူပိုင် စက်ယန္တရား ငှားရမ်းခအား ပွင့်လင်းမြင်သာမှုမရှိဘဲ စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်က အဖွဲ့ဝင် ၅ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် သမ္မတကိုယ်တိုင်က ဝန်ကြီးချုပ်နေရာမှ တာဝန်ရပ်စဲခဲ့သည်။

ဦးအယ်ဖောင်းရှိုကိစ္စနှင့် ပတ်သက်ပြီး အဂတိကော်မရှင်သို့ တိုင်ကြားခဲ့သော်လည်း ကော်မရှင်က ၎င်းအား အဂတိကော်မရှင်တိုက်ဖျက်ရေးဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်ပြဌာန်းခြင်း မပြုမှီတည်းက ဖြစ်ပေါ်ခဲ့သော ကိစ္စဖြစ်သည့်အတွက် ဥပဒေပြင်ဆင်ပြီးသည့် နောက်တွင် အကျုံးမဝင်သည့်အတွက် လက်ရှိဥပဒေနှင့် ၎င်းကိုအရေးယူဆောင်ရွက်၍မရကြောင်း အကြောင်းပြန်ခဲ့ပြီးသည်ဟု ဦးသဲရယ်၏ပြောဆိုချက်အရ သိရသည်။

“သူတို့ကတော့ (အဂတိကော်မရှင်) ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်ဟောင်း အယ်ဖောင်းရှိုလုပ်သွားတဲ့ကိစ္စက အဂတိကော်မရှင်တိုက်ဖျက်ရေးဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်ပြဌာန်းခြင်း မပြုမှီတည်းက ကိစ္စဖြစ်တဲ့အတွက် ဥပဒေပြင်ဆင်ပြီးတဲ့နောက်မှာ ဒါအကျုံးမဝင်တော့ဘူး။ လက်ရှိဥပဒေနဲ့ သူ့ကိုအရေးယူလို့မရဘူးဆိုပြီးတော့မှ အဲဒီလို အကြောင်းပြန်ထားတယ်” ဟု ဦးသဲရယ်က ပြောဆိုသည်။

ဦးအယ်ဖောင်းရှိုသည် ဝန်ကြီးချုပ် နေရာက ဖယ်ရှားခံလိုက်ရသော်လည်း လက်ရှိချိန်တွင် ကယားပြည်နယ်လွှတ်တော်ကိုယ်စားလောင်းအဖြစ် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှတစ်ဆင့် ၂ဝ၂ဝ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Photo Credit- L Paung Sho Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts