Election Features Peace political news

UWSA အဖွဲ့ဝင်ဟောင်း၊ မြန်မာကျုံယွမ်ကုမ္ပဏီထူထောင်ခဲ့သူ ဦးကျော်မြင့်၏ UDP ပါတီက ငွေကြေးသုံးစွဲမှုများစွာဖြင့် NLD ၊ USDP တို့နှင့် ရင်ဘောင်တန်း ၂၀၂၀ ရွေးကောက်ပွဲဝင်

UWSA အဖွဲ့ဝင်ဟောင်း၊ မြန်မာကျုံယွမ်ကုမ္ပဏီထူထောင်ခဲ့သူ ဦးကျော်မြင့်၏ UDP ပါတီက ငွေကြေးသုံးစွဲမှုများစွာဖြင့် NLD ၊ USDP တို့နှင့် ရင်ဘောင်တန်း ၂၀၂၀ ရွေးကောက်ပွဲဝင်

By ရန်ကုန်ခေတ်သစ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ၂၀၁၀ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ခွင့်ပြုသည့်ပါတီအမှတ်စဉ် ၁၆ ဖြင့် ထူထောင်ခွင့်ပြုခဲ့သော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP သည် ပါတီသက်တမ်း ၁၀ နှစ်ရှိလာချိန် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း UEC ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် UDP ပါတီသည် လွှတ်တော်အမတ်နေရာ ၄၁ နေရာ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ၂၈ နေရာ၊ အမျိုးသားလွှတ်တော် ၉ နေရာနှင့် တိုင်းနှင့် ပြည်နယ်လွှတ်တော် ၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်းမရှိပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ခံ ကိုယ်စား လှယ်လောင်း ၁၁၄၃ ဦး ၊ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ၁၁၄၃ ဦး၊ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်အထိ မထင်မရှားရှိခဲ့သော UDP သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အစဉ်အလာရှိသော အင်အားကြီး နိုင်ငံရေးပါတီကြီး ၂ ခုနှင့် ရင်ဘောင်တန်း လာနိုင်ခြင်းသည် စိတ်ဝင်စားဖွယ်ရာကောင်းကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။

UDP ခေါင်းဆောင်က ဘယ်သူလဲ

UDP ပါတီ၏ ထုတ်ပြန်ချက်အရ ခေါင်းဆောင်နှင့် ဥက္ကဋ္ဌမှာ ဦးကျော်မြင့်(ခ) ဦးဇခုန်ဇုန်းဆောင်သည် ကချင်အမျိုးနွယ် လချိတ်လူမျိုးဖြစ်ကြောင်း ၊ ၁၉၆၇ ခုနှစ်(၁၆ နှစ်သားအရွယ်) မှစတင်၍ ရဲဘော်သုံးကျိတ်နှင့်သခင်ဗိုလ်ချုပ်ကျော်ဇောတို့အဖွဲ့ခေါင်းဆောင်မှု နောက်တွင် လိုက်ပါ၍ တိုင်းပြည် အတွက် နိုင်ငံရေး စတင်ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ် တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ပနိုင်ငံများတွင် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းများနှင့်ရာထူးများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံရေး သမားဖြစ်သည်ဟု ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် UDP ပါတီက သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် နိုင်ငံရေးလောကတွင်မူကား ဦးကျော်မြင့် ပတ်သက်၍ ပြောဆိုမှုများက တစ်မျိုးဖြစ်သည်။ ၂၀၁၀ ကာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရက ကြေညာချိန်တွင် ရွေးကောက်ပွဲဝင်မည်ဟု ဦးကျော်မြင့်က ကနေဒါနိုင်ငံမှ နေ၍ ပထမဆုံးကြေညာခဲ့သည်။ ထိုစဉ်အချိန်က နိုင်ငံရေးသမားကြီးများဖြစ်သည့် ဦးသုဝေအပါအဝင် အခြားသော နိုင်ငံရေးသမားများလည်းပါဝင်ကြမည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ခွာပြဲသွားကြကြောင်း ထိုအချိန်ကာလ သတင်းများက ဖော်ပြသည်။

ဦးကျော်မြင့်သည် UWSA ၀ တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး မြန်မာကျုံယွမ်(အဖွဲ့) ကုမ္ပဏီကို ထူထောင်ခဲ့သူဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားကြီးလည်းဖြစ်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသုဝေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) စတင်ထူထောင်ရန်ပြင်ဆင်ချိန်က ဦးကျော်မြင့်နှင့်ပတ်သက်ခဲ့သည့် အကြောင်းအရာတချို့ရှိခဲ့ကြောင်း၊ သို့ရာတွင် အဆင်မပြေမှုများကြောင့် နောက်ပိုင်းတွင် လမ်းခွဲခဲ့ကြောင်းပြောဆိုသည်။

“ပါတီစထူထောင်ချိန်ကဆိုရင် ဦးကျော်မြင့်ကိစ္စ။ ၂၀၁၀ ရွေးကောက်ပွဲ ဘာတွေ မလာခင်ကိုက ကျနော်တို့က ရွေးကောက်ပွဲဝင်ဖို့ ပြင်တာ၊ ဆင်တာ တွေ ရှိတယ်။ အဲဒီအချိန်မှာ ကျနော်တို့ မိတ်ဆွေတယောက် ကနေပြီးတော့ ကျနော်တို့ကို ဦးကျော်မြင့်နဲ့ ဆက် ပေးတာပေါ့၊ ဆက်ပေးတယ် ဆိုပေမယ့် ကျနော် အခုအချိန်အထိ ဦးကျော်မြင့်နဲ့တွေ့လည်း မတွေ့ဖူး ဘူး။ မြင်လည်း မမြင်ဖူးဘူး။ ကြားက လုပ်ပေးတာ ပေါ့နော်။ ကျနော့်မိတ်ဆွေက ကျနော်တို့ဆီအကြောင်း ကြားလာတယ်။ ဦးကျော်မြင့်ဆိုတဲ့ မြန်မာနိုင်ငံသား တယောက် ကနေဒါမှာ လုပ်ငန်းရှင် ဖြစ်နေတယ်။ သူက မြန်မာနိုင်ငံသား မြန်မာနိုင်ငံသား ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် စီးပွားရေး တွေလုပ်ချင်တယ်။ အထူးသဖြင့်တရုတ်နဲ့ သူနဲ့က အဆက်အသွယ်ရှိတယ်လို့ သိရတယ်။ ဦးကျော်မြင့်က UDP(United Democratic Party of Myanmar) ဆိုတဲ့ ပါတီဖွဲ့မယ်ပေါ့။ ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ ပါတီနဲ့ပတ်သက်လို့ ကုန်ကျစရိတ်အားလုံး သူတာဝန် ယူပါ့မယ်ပေါ့။ ကျနော့်အမြင်ကတော့ မြန်မာနိုင်ငံသား တယောက် ဒီကိုလာမယ်၊ နိုင်ငံအတွက်သူလုပ်မယ်၊ အဲ့ဒီထဲမှာ ပါတီအတူတူလုပ်မယ်၊ သူကတာဝန်ယူမယ် ဒါသိပ်ကောင်းတဲ့ အစီအစဉ်ပေါ့။ အစပထမမှာတော့ ကျနော်ကလည်းသဘောတူတာပေါ့။ အဲဒီမှာ ကျနော်တို့ သဘောတူတဲ့ဟာကို သူက အင်တာနက် ပေါ် တင်လိုက်တယ်။ ပါတီတွေဘာတွေ ဖွဲ့ရသေး တာမဟုတ်သေးဘူး။ ကျနော့် မိတ်ဆွေဆီကနေ သူ့အကြောင်းကိုသိရ တယ်။ ဦးကျော်မြင့်ဆိုတာ ကချင်လူမျိုးလို့ပြောတယ်။ အသက် ၁၄ နှစ်၊ ၁၅ နှစ်လောက်မှ မှာ “ဝ” ပါတီထဲ ဝင်တယ်။ “ဝ” ပါတီမှာ သူက ငယ်ငယ်ရွယ်ရွယ်၊ သွက်သွက်လက်လက်လည်း ရှိပုံ ရပါတယ်။ ငယ်ငယ် ကတည်းက “ဝ” ပါတီထဲမှာပါတော့ “ဝ” တပ်ခွဲတခု ရဲ့ တာဝန်ခံ ဖြစ်လာတယ်။ အဲ့ဒီ တပ်ဖွဲ့ရဲ့ တာဝန် ကဘာလဲဆိုတော့ စီးပွားရေးလုပ်ရတာပေါ့။ နယ်စပ် ဒေသစီးပွားရေးလုပ်ရပါတယ်တဲ့။ အဲဒီနယ် စပ်ကုန် သွယ်ရေး ဆိုတာကတော့ အထူးသဖြင့် မူးယစ်ဆေး ဝါးပဲ ရှိမှာပေါ့။ ဒါမို့လို့လည်း သူချမ်းသာတာပေါ့။ သူက ဗိုလ်ချုပ်ခင်ညွှန့်တို ငြိမ်းချမ်းရေးလုပ်တဲ့ အခါကျတော့ သူကပထမဆုံး ဗိုလ်ချုပ်ခင်ညွှန့်နဲ့ အဆက်အသွယ် ရတဲ့ သူပဲ။ အဆက် အသွယ်ရပြီး အပစ်ရပ်သဘောတူညီရေး သူနဲ့စရတယ်။ သူနဲ့ စရပြီးတော့မှ ကိုးကန့်တို့၊ တခြား တိုင်းရင်းသား တွေ ရတယ်။ ဆိုလိုတာက စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူကရင်းနှီးတယ်။ ရင်းနှီးတဲ့အခါကျတော့ ဒီမှာ ကျုံဟွာ ကုမ္ပဏီဆိုတာ ထောင်တယ်လေ။ အဲဒီ ကျုံဟွာ ကုမ္ပဏီက လူတွေဆီက ငွေတွေကို အတိုး ပေးပြီး ချေးတယ်။ လူတွေက လည်း သူ့ကုမ္ပဏီမှာ ငွေတွေအပ်ကြတာပေါ့။ တချို့လူတွေကလည်း အိမ် တွေဘာတွေပေါင်ပြီးတော့တောင် ငွေအပ် ကြတယ်လို့ ပြောတယ်။ နောက်ပိုင်း ငွေရေးကြေးရေး ပြဿနာ ပေါ်တယ်။ သူကတော့ သူငွေတွေ မလိမ်ဘူး။ သူနဲ့ အလုပ်အတူတူ တွဲလုပ်တဲ့ဝန်ကြီး ရေလုပ်ငန်း ဗိုလ် ချုပ်မောင်မောင် (လေတပ်)က မတရားလုပ်တယ် လို့ ပြောတယ်။ ငွေကြေး ပြဿနာတွေပေါ်တဲ့အခါကျတော့ ဗိုလ်ချုပ်မောင်မောင်က ဦးကျော်မြင့် ကုမ္ပဏီနဲ့ ပတ်သက်လို့ အစိုးရကို တိုင်တယ်။ အစိုးရက သူ့ကုမ္ပဏီကို စစ်တော့ စာရင်း ၂ ခုတွေ့တယ်။ ကုမ္ပဏီစာရင်း တခုက အတု၊ တခုက အစစ်ပေါ့ နော်။ အဲဒီအမှုနဲ့ သူ့ကိုတရားစွဲပြီးတော့ သူထောင် ကျတယ်။ ထောင်ကျပေမယ့် ထောက်လှမ်းရေးတွေနဲ့ ပေါင်းပြီး ထိုင်းကို ထွက်ပြေးတယ်။ တရားခံပြေးပေါ့။ ထိုင်းမှာ အမေရိကန်သံအမတ်ကို သွားတွေ့ပြီး သူ အမေရိကန် ရောက်သွားတယ်လို့ သိရတယ်။ ဦးကျော်မြင့်က မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အမေရိကန်ကို သတင်းပေးပုံရတယ်။ အမေရိကန်က သူ့ကို အသုံးချတာပေါ့။ နောက် အမေရိကန်ကနေ ကနေဒါမှာ လုပ်ငန်းရှင်တွေ ဘာတွေ ဖြစ်လာတယ် ပေါ့” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သို့ရာတွင် ဦးကျော်မြင့်နှင့် အဆင်မပြေမှုများကြောင့် နောက်ပိုင်းတွင် လမ်းခွဲခဲ့ကြောင်း ဦးသုဝေက ဆက်လက်ပြောဆိုသည်။

“သူ့အကြောင်းကို အမေရိကန်အသံလွှင့်ဌာန တွေက လွှင့်တယ်။ ခင်ဗျားတို့ကြားဖူးလားတော့ မသိဘူး။ အမေရိကန် အသံလွှင့်ဌာနကနေ ဦးကျော် မြင့်ဆိုတာ ဘယ်သူပေါ့။ သူ့ကောင်းကြောင်းတွေ။ နောက်တခု ကျနော်တို့နဲ့ ပြတ်သွားတဲ့ အကြောင်း တချက်ကဘာလဲဆိုတော့ သူကကနေဒါနဲ့ အမေရိ ကားမှာရှိနေသော မြန်မာသံအမတ်နဲ့ စစ်သံမှူးတွေ နဲ့ ရင်းနှီးတယ်။ သူကပေးထားကမ်းထားတာ ဖြစ် မှာပေါ့။ ရင်းနှီးတဲ့ အခါကျတော့ မြန်မာနိုင်ငံမှာ လာပြီး ရွေး ကောက်ပွဲ ဝင်မယ်၊ ပါတီထောင်မယ်ဆို တာကို အကျိုး အကြောင်း တင်ပုံရတယ်။ တင်ပြတဲ့ အခါကျတော့ မြန်မာ့သံအမတ်ကြီးက သူ့ကိုစာထုတ် ပေးတယ်။ အဲဒါကလည်းထူးဆန်းတယ်။ စာကတော့ ဘာမှ သိပ်အရေးကြီးတာမဟုတ်ဘူး။ သံအမတ်ကြီး ရဲ့လက်မှတ်နဲ့ သူက မြန်မာပြည်ပြီး ပါတီထောင် မယ်။ ကူညီဖို့ပေါ့။ သူအများကြီး ပေးထားကမ်း ထားတာမို့လို့ ဒီလိုမျိုး ထုတ်ပေးတယ်ထင်တယ်။ အဲ့ဒီ စာတွေကို ကျနော့်ဆီ ပို့ပေးတယ်။ ကျနော်တို့ပါတီ ထူထောင်ရင် နေပြည်တော်က ကူညီ လိမ့်မယ်ပေါ့။ ကျနော်က သူ့ကိုပြန်ပြီးတော့ ပြောလိုက်တယ်။ နေပြည်တော်လည်း ဂရုမစိုက်ဘူး၊ ခင်ဗျားလည်း ဂရုမစိုက်ဘူး။ ကျနော်တို့ ခင်ဗျားနဲ့ပြတ်ပြီဆိုပြီးတော့ အဲ့လိုနဲ့ သူနဲ့ပြတ်သွားတာ။ အဲ့ဒါ ကျော်မြင့်နဲ့ ပတ်သက်ပြီး တော့ကျနော်တို့ဆက်ဆံခဲ့တာ” ဟု ဦးသုဝေက ဆိုသည်။

၂၀၁၀ ကာလ သတင်းများတွင် UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် UWSA ၀ တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မြန်မာကျုံယွမ် ကုမ္ပဏီကို ထူထောင်ခဲ့သော ပိုင်ရှင်ဖြစ်ကြောင်း အတိအကျ ညွှန်းဆိုထားသည်။ UDP ပါတီဘက်ကမူ အဆိုပါ ပြောဆိုချက်များနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်းမရှိပေ။

UDP ပါတီတွင် လုပ်ကိုင်ခဲ့သူ ထိပ်တန်းပါတီအတွင်းသိတစ်ဦးကမူ ဦးကျော်မြင့်သည် တပ်မတော်အရှာရှိဟောင်းများကို ၎င်း၏ လုံခြုံရေးအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ပြီး သွားလာကြောင်း၊ ပါတီ၏ ငွေကြေးသုံးစွဲမှုများအားလုံးကို ၎င်း၏ ငွေကြေးဖြင့် အဓိက သုံးစွဲကြောင်း၊ ၎င်းသည်UWSA အဖွဲ့ဝင် ဟောင်းဖြစ်သည်ကို အတည်ပြုပြောဆိုသည်။

“သူရဲ့ ငွေကြေးပမာဏက ကြီးမားပါတယ်။ ပါတီရဲ့ လုပ်ငန်းကိုင်ခန်းတွေအားလုံးကို သူက အဓိက ထားပြီး ငွေကြေးထောက်ပံ့တာပါ။ တချို့ကိစ္စတွေက ကျနော်ပြောလို့ မကောင်းလို့ မပြောချင်ပါဘူး။ သူ့မှာ ငွေကြေးအားဖြင့်တော့ အင်မတန်မှ ကြီးမားတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိUDP ပါတီတွင် ငွေကြေးသုံးစွဲမှုများကို ဥက္ကဋ္ဌ တစ်ဦးတည်းကျခံသုံးစွဲလျက်ရှိကြောင်း ပါတီက တရားဝင်သတင်းထုတ်ပြန်ထားသည်။ UDP ပါတီထဲတွင်ရှိထားသော အထွေထွေကုန်ကျစရိတ်များ၊ ပါတီလုပ်ငန်း အခက်အခဲရှိသူများအတွက် ထောက်ပံ့ကြေးများအား ဥက္ကဋ္ဌကြီး၏ ကိုယ်ပိုင်ငွေဖြင့် ထောက်ပံ့ ပေးထားသည်ဟု ပါတီ၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရပ်/ကျေးရုံးများသို့လစဉ် သိန်းချီ ထောက်ပံ့ပေးသည့်အပြင် တာဝန်ကျေပွန်သူများကို သိန်း ၂၀ တန် အရက်ပုလင်းဆုချ

UDP ပါတီသည် နိုင်ငံတစ်ဝန်း ပါတီရုံးခွဲများနှင့် ရပ်ကျေးရုံးများ ဖွင့်လှစ်ထားပြီး ပါတီရပ်ကျေးရုံးများကို လစဉ် ၁ သိန်းထောက်ပံ့ကြောင်း ပါတီဗဟိုကော်မတီဝင်နှင့် ဆက်ဆံရေးတာဝန်ခံ ဦးကြင်ဝမ်းက ပြောဆိုသည်။

“သူက တစ်နိုင်ငံလုံး ရပ်ကျေးရုံးတွေဆို ဒါ တစ်လ ၁သိန်းထောက်ပံ့တယ်လေ။ ရပ်ကျေးရုံး တစ်သိန်းထောက်ပံ့တယ်။ တစ်နိုင်ငံလုံးက ရပ်ကျေးရုံးတွေကို ထောက်ပံ့နေတာ အခုချိန်အထိ ထောက်ပံ့ပါတယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါက ကျွန်တော်တို့ ပါတီ လုပ်ငန်းတွေလုပ်ဖို့ အတွက်ပါ ပြောရင်တော့လေ ကိုယ်ကျိုးသုံးစွဲဖို့ မဟုတ်ပါဘူး” ဟု ဦးကြင်ဝမ်းက ဆိုသည်။

ပါတီဆိုင်ရာ လုပ်ငန်းများကို ကျေပွန်သူများကို ဦးကျော်မြင့်က ၁၅ သိန်းနှင့် သိန်း ၂၀ အရက်ပုလင်းများ ဆုချကြောင်း နှင်းဆီ UDP ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် ထုတ်ပြန်ထားသည်။

၂၀၂၀ ခုနှစ် ဇူလိုင် ၆ ရက်နေ့ နှင်းဆီပါတီ UDP ၏ လူမှုကွန်ရက်တွင် “UDPပါတီဥက္ကဌကြီးက မှာကြားလိုက်သည့် ၂၀၂၀ ၆ လပိုင်းအကုန်နောက်ဆုံးထားပြီးစီးလုပ်ဆောင်ရမည်ပါတီလုပ်ငန်းများ နေပြည်တော် ဗဟိုရုံးချုပ်တွင်အစည်းအဝေးဖိတ်ကြား၍ ပါတီလုပ်ငန်းများညွန်ကြားခဲ့သည့် သတ်မှတ်ရက်ပြီးစီးရမည် ညွန်ချက်အတိုင်းလိုက်နာဆောင်ရွက်သည့် အတိုင်း လုပ်ငန်းအတိအကျ ပြီးစီးသည့် ကျွန်တော်ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ရွှေ အား ၁၅သိန်းတန်နိုင်ငံခြားအရက်တစ်လုံးနှင့် ၂၀ သိန်းတန်အရက်တစ်လုံး ဆုချီးမြှင့်ပြီး မန္တလေးတိုင်း ယာယီ တိုင်းဦးစီး ဦးမျိူးမျိူးအောင် ၁၅သိန်းတန်အရက်တစ်လုံးတို့အား ဆုချီးမြှင့်လိုက်ပါသည် ကျွန်တော် တာဝန်ယူထားသည့် မန္တလေး၊ နေပြည်တော် မကွေး ကယား တို့၏စာရွက်စတန်းများ ရန်ကုန်ရုံးချုပ်သို့.6.7.2020နံနက် ၉နာရီ မှာအပ်နှံပြီး 6.7. 2020ရက်နေ့နံနက် ၁၀နာရီ တွင် ဥက္ကဌကြီးနေအိမ် ပန်းလှိုင်အိမ်ရာတွင် ဥက္ကဌကြီးက ဧည့်ခံနေသည့် ပုံရိပ်မှတ်တမ်း” ဆိုသည်ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ တင်ထားသည်ကို တွေ့ရှိရသည်။

မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုအဖွဲ့ထူထောင်၍ ငွေသိန်းထောင်ချီ ထုတ်ချေးခြင်း

UDP ပါတီက ၂၀၁၄ ခုနှစ်တွင် မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကို ထူထောင်လိုက်ပြီး အရင်းအနှီးလိုအပ်သော လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ယင်းနောက် ၂၀၁၅ ခုနှစ်တွင် အရင်းအနှီးလိုသော လုပ်ငန်းရှင် ၅၀ မှ ၆၀ အထိဆက်သွယ်လာပြီး ယင်းလုပ်ငန်းရှင်များကို UDP ပါတီ၏ ခရိုင်စည်းရုံးရေးမှူးများအဖြစ် တာဝန်ယူခိုင်းကာ ငွေထုတ်ချေးခဲ့ကြောင်း သိရှိရသည်။

“ဒီလိုဗျ။ သူက မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုအဖွဲ့က ငွေချေးတာပါ။ ဘယ်လိုချေးလဲဆိုတော့ အရင်းအနှီးလိုချင်တဲ့ လုပ်ငန်းရှင်တွေကို ဆက်သွယ်ပါလို့ ကြေညာလိုက်တယ်။ ၂၀၁၄ မှာ။ တစ်နိုင်ငံလုံးကပဲ စိတ်ဝင်စားကြတယ်။ လာလည်းလျှောက်ကြတယ်။ တကယ်တမ်း စိစစ်မှုတွေ လုပ်ပါတယ်။ ပြီးတော့ အပေါင်ထားရတယ်။ ပိုင်ဆိုင်မှု အပေါင်ထားရတယ်။ ဥပမာဗျာ- သိန်းတစ်သောင်းတန် အပေါင်ထားရင် သိန်းထောင်ချီပေါ့။ အတိုးနဲ့ ပေးတယ်။ သိန်းထောင်ချီတန်တယ်ဆိုရင်တော့ သိန်း ၄၀၀၊ ၅၀၀ ရတယ်ပေါ့။ သူက အဲဒီလိုဗျ။ ဥက္ကဋ္ဌ ပိုက်ဆံတွေပါပဲ။ တစ်ဖက်မှာ နိုင်ငံရေးပါတီဝင်ဖြစ်လာသလို တစ်ဖက်မှာလည်း စီးပွားရေးအကျိုးအမြတ်က ရတယ်။ သင့်တော်တဲ့ အတိုး​ပေါ့။စစ်ကိုင်းတိုင်းဆိုရင် ကိုအောင်သိုက်ညွှန့်တို့ ရန်ကုန်ဆိုရင် ဦးဝမ်းမောင်တို့ပေါ့။ အထည်ချုပ်စက်ရုံ အင်းတကော်မှာ လုပ်ထားတာရှိတယ်။ အဲဒီမှာ သူတို့လည်း အထောက်အပံ့ရပါတယ်။ အဆင်ပြေကြပါတယ်။ ဘလိုင်းကြီးတော့ မပေးပါဘူး။ SME Level တွေပေါ့။ ဒါပေမယ့် ငွေချေးတဲ့သူက ခရိုင်ရုံးဖွဲ့ရမယ်။ ခရိုင်စည်းရုံးရေးမှူးတာဝန်တော့ပေးတယ်။ ထမ်းဆောင်နိုင်တယ်ဆိုရင် ပါတီဝင်ပြီး လိုအပ်တဲ့အထောက်အပံ့ပေးတယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အကုန်ရပါတယ်” ဟု အမည်မဖော်လိုသူ ပါတီထိပ်တန်းတာဝန်ယူခဲ့သူက ဆိုသည်။

UDP ပါတီဗဟိုကော်မတီဝင် ၊ ဆက်ဆံရေးတာဝန်ခံ ဦးကြင်ဝမ်းကမူ ပါတီ၏ငွေရေးကြေးရေးဆိုင်ရာများကို မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုအဖွဲ့က ပံ့ပိုးကြောင်း ပြောဆိုသည်။

“ပါတီက ပါတီသက်သက် ကျွန်တော်တို့ သွားတယ်။ တစ်ဖက်က မြန်မာကျော်ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့ကုမ္ပဏီတစ်ခုရှိတယ်ဗျ။ အဲဒီကုမ္မဏီကနေမှ ကျွန်တော်တို့ ဒီပါတီကို ဒါ ဒီလိုဖြစ်မြောက်အောင်ပံ့ပိုးတာပေါ့” ဟုဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts