All News Election

UWSA အဖွဲ့ဝင်ဟောင်း၊ မြန်မာကျုံယွမ်ကုမ္ပဏီထူထောင်ခဲ့သူ ဦးကျော်မြင့်၏ UDP ပါတီ ရွေးကောက်ပွဲ ဘာလို့ဝင်သလဲ၊ ရွေးကောက်ပွဲနိုင်လျှင်တောင်မှ ဦးကျော်မြင့် သမ္မတနဲ့ ဝန်ကြီးမလုပ်ဟုဆိုပြန်

By ရန်ကုန်ခေတ်သစ်

UWSA ခေါ် ဝတပ်ဖွဲ့ ၏ အဖွဲဝင်ဟောင်းလည်းဖြစ်၊ နာမည်ဆိုးရှိခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီထူထောင်ခဲ့သူ ဦးကျော်မြင့်၏ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP က ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင်  လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

UDP ပါတီ၏ ရွေးကောက်ပွဲဝင် ကတိကဝတ်နှင့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  UDP ပါတီ၏ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ဆက်ဆံရေးတာဝန်ခံ ဦးကြင်ဝမ်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။             ။ UDP ပါတီရဲ့ မူဝါဒက ဘာပါလဲ။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေ အများကြီး ပြိုင်နိုင်တာဘာကြောင့်လဲ။

ဖြေ။              ။ ကျွန်တော်တို့ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၁၄၃ယောက် ပြိုင်တယ်ဗျ။ တစ်နိုင်ငံလုံးအတိုင်းအတာပြိုင်တာပေါ့ဗျာ။ ကျွန်တော်တို့ ပါတီကမူဝါဒ ၁၂ရပ်ရှိတယ်။ ပါတီမူဝါဒ နံပါတ်(၁) ကတော့ ၅နှစ် အတွင်း မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံထက်သာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်ဆိုတာ နံပါတ်(၁)ဗျ။ နံပါတ် (၂)က မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် အဝေးအပြေးကားလမ်း (Express Highway) ရှိအောင် လုပ်ပေးနိုင်ပါတယ်။

မဟာဗျူဟာကားလမ်းဖြစ်အောင် ဖောက်ပေးမယ်။ နံပါတ် (၃)ကတော့ တစ်နိုင်ငံရှိ ရွာများတွင် ကတ္တရာလမ်းရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ နံပါတ်(၄)က တစ်နိုင်ငံလုံး လျှပ်စစ်မီး မဖြတ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ (ပြည်ပမှ ရင်နှီးမြှပ်နှံမည့်သူများ စက်ရုံထောင်မည့်သူများအတွက်) နံပါတ်(၅) တစ်နိုင်ငံလုံးရှိ မီးရထားလမ်းများကို နိုင်ငံတကာအဆင့်မှီ ရထားလမ်းများဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။

နံပါတ် (၆) ရန်ကုန်မြို့ထဲနှင့် မန္တလေးမြို့ထဲတွင် ယာဉ်ကြောပိတ်ဆို့မှု လုံးဝမဖြစ်အောင်  ဖြေရှင်းပေးနိုင်ပါတယ်။ နံပါတ် (၇) မြန်မာနိုင်ငံသားများ နေထိုင်မှုအဆင့်မြင့်တင်ရေး အနေဖြင့် ၅နှစ်အတွင်း နိုင်ငံသားတစ်ဦးချင်းစီ၏ တစ်နှစ်ဝင်ငွေ (GDP) မြန်မာငွေကျပ် ၃၆သိန်း ( တစ်ရက်ဝင်ငွေ ၁သောင်းခန့်) ရရှိအောင် ဆောင်ရွက်ပေးနိုင်တယ်။

နံပါတ်(၈) မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းဆောင်ရွက်မည့်သူများအား မြေနှစ် အကန့်အသတ်ဖြင့် ဌားရမ်း၊ ဝယ်ယူမှု၊ တိုက်ခန်း/ကွန်ဒို  ဝယ်ယူမှုတို့အား လုပ်ဆောင်ပေးသွားမည့် အပြင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများအား ဦးစားပေးအကောင်အထည်ဖော် လုပ် ဆောင် သွားမှာဖြစ်ပါတယ်။ နံပါတ် (၉) လုပ်ငန်းရှင်များ၏ အခွန်လျော့ချပေးပါမယ်။

တောင်သူလယ်သမားများအား အခွန်ကင်းလွတ်ခွင့်ပြုမည့်အပြင် စိုက်ပျိုးမည့်သူများအား အစိုးရမှ ထောက်ပံ့ပေးပါမယ်။

ဝယ်သူသည့် ပြည်သူများအနေဖြင့် GTS ၅ရာခိုင်နူန်း အထူးသဖြင့် အကျိုးဆောင် အခွန် ၅ရာခိုင်နှုန်း ကင်းလွတ်ခွင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နံပါတ် (၁၀)နိုင်ငံရေးနဲ့ ပတ်သတ်သည့် ဥပဒေပုဒ်မများကို ပယ်ဖျက်ပါမည်။ နံပါတ် (၁၁) ၁၂နှစ်အောက် အရွယ်ကလေးများ၏ နေထိုင်မှု ကိစ္စအဝဝ အပေါ်တွင် နိုင်ငံတော်မှ ထောက်ပံ့ကြေးရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

မူကြိုတန်းမှ ၁၀တန်းအထိ အခမဲ့ပညာသင်ရေးဖြစ်အောင်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။

နံပါတ် (၁၂) မြန်မာနိုင်ငံ အတွင်း၌ မြန်မာနိုင်ငံသားနှင့် အမြဲတမ်းနေထိုင်ခွင့်သူသည့်သူများ အခမဲ့ ဆေးကုခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံသားနှင့် အမြဲတမ်းနေထိုင်ခွင့်ရှိသည့် အသက်(၆ဝ)နှစ်ရှိသူတိုင်း နိုင်ငံတော်မှ ထောက်ပံ့ကြေး ပင်စင် ရအောင်ဆောင်ရွက်ပေးနိုင်ပါတယ်။ ဆိုပြီးခါမှာ ကျွန်တော်တို့က အဲဒီအချက်တွေ မူဝါဒ ၁၂ရပ်ကို ဆောင်ရွက်ထားတယ် လုပ်ထားတယ်။

ကျွန်တော်တို့က နောက်တစ်ခါ အဲဒီ ကြေညာချက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပါတီက  ပြည်သူကိုတစ်ခါ ကတိပေးခြင်းပေါ့။ ပြည်သူကို နံပါတ် (၁) ၅နှစ်ကာလအတွင်းပေါ့ ကျွန်တော်တို့က အစိုးရ ဖွဲ့နိုင်ရင်ပေါ့ဗျာ။ ကျွန်တော်တို့က အခုဟာက ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ကျွန်တော်တို့က ပြိုင်ထားတာဖြစ်တယ်။

ကိုယ်စားလှယ်လောင်းက ပြိုင်ထားတာဖြစ်တယ်တဲ့အတွက် ငါးနှစ်ကာလ အချိန်အတွင်းမှာတိုင်းပြည် ပြောင်းလဲတိုးတက်မှု မရှိပါက UDP ဥက္ကဋ္ဌ ထောင်ဒဏ်ချမှတ်အပြစ်ပေးပါ နံပါတ် (၂) တစ်နိုင်ငံလုံးရှိ UDPပါတီ ဆိုင်းပုဒ်များ ဖြုတ်ချပြီး မီးရှို့ဖျက်ဆီးဖြစ်ပါဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ဒါ ပြည်သူကို ကတိ ခံဝန်ချက်ပေးထားတယ်ပေါ့။  

နောက်တစ်ခါ  ပါတီရဲ့ မူဝါဒ အခြေခံမူဝါဒကတော့ (၇)ရပ်ရှိတယ်ဗျာ။

နံပါတ်(၁)ကတော့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး။ နံပါတ်(၂)ကတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး။ နံပါတ်(၃)ကတော့ ဒီမိုကရေစီ ထွန်းကားရေး။ နံပါတ်(၄) ကတော့ မြန်မာပြည်သူလူထုတစ်ရပ်လုံး စားဝတ်နေရေးနဲ့ လူနေနေမှုဘဝမြှင့်တင်ရေး။  
နံပါတ်(၅) ကတော့ ဆင်းရဲမွဲတေမှု ပပျောက်စေသည့် ဆင်းရဲသားအားလုံး စားဝတ်နေရေး အလုပ် အကိုင်ရရှိရေးနှင့် အခြေခံဝင်ငွေရရှိရေး။

နံပါတ်(၆)ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး။ နံပါတ် (၇)ကတော့ UDPပါတီ၏ နောက်ဆုံး ရည်ရွယ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်တွင် လူနေအဆင့်အတန်း နံပါတ်(၁)ဖြစ်နိုင်အောင် ထူထောင်တည်ဆောက်ပေးရေးဆိုတဲ့ ကျွန်တော်တို့ အချက် ဒါဟာ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီရဲ့ UDP ရဲ့ အခြေခံမူဝါဒ (၇)ရပ်လို့ခေါ်ပါတယ်ဗျ။

 ကျွန်တော်တို့ပါတီရဲ့ အဓိက ဆောင်ပုဒ်လေးကတော့ လူမှုဘဝမြင့်တင့်ရေးနှင့် အခြေခံဝင်ငွေရရှိရေး နှင်းဆီကို မဲပေး နှင်းဆီဖြင့်ဘဝမြင့်ဆိုပြီးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ ဆောင်ပုဒ်လေးကို အဲဒီလိုလေးရေးထားပါတယ်။

မေး။                ။ ဆရာတို့က တစ်နိုင်ငံလုံးအတိုင်းအတာ ဝင်ပြိုင်မှာဆိုတော့ အဓိက ယှဉ်ပြိုင်ရမယ့် ပါတီတွေက ဘယ်ပါတီတွေဖြစ်မလဲ။

ဖြေ။              ။ ကျွန်တော်တို့နဲ့ အခုကတော့ပါတီကြီးက NLDကလည်း ၁၁၄၃ယောက် ကျွန် တော် တို့ပါတီကလည်း ၁၁၄၃ယောက် နောက်တစ်ချက် ကြံ့ခိုင်ရေးကတော့ ၁၁၂၉ယောက်ဆိုပြီးတဲ့နေရာမှာ အင်အားကြီးပါတီ ၃ပါတီပေါ့ဗျာ။

အဲဒီသုံးပါတီဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒက ကျွန်တော်တို့က ကိုယ်လမ်းကိုယ်လျှောက် ကိုယ်လမ်းကိုယ်ဖောက်ရာမှ ကျွန်တော်တို့က ပြည်သူကောင်းစားရေး ပြည်သူဘဝမြှင့်တင်ရေးကိုပဲ ကျွန်တော်တို့ပါတီက လုပ်ဆောင်တာဖြစ်တယ်။

ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကြီးက သမ္မတလည်း မလုပ်ဘူး။ ဝန်ကြီးလည်းမလုပ်ဘူး။ အစိုးရဌာနနေရာ ဘယ်နေရာမှ သူကပါဝင်စွက်ဖက်ခြင်းလည်းလုပ်မှာမဟုတ်ဘူး။ အဓိကတော့ ပြည်သူ လူထု ကောင်းစားဖို့အတွက် ပြည်သူ့ဘဝမြင့်ဖို့ အတွက် ကျွန်တော်တို့ပါတီက ထောင်ထားတဲ့ပါတီ ဖြစ်တဲ့အတွက် ဘယ်ပါတီမှလည်း ကျွန်တော်တို့က မတိုက်ခိုက်ဘူး။ မဝေဖန်ဘူး။

ကျွန်တော်တို့ ပါတီရဲ့မူဝါဒက  အဲဒီတော့ ကျွန်တော်တို့က ဟိုအဓိက ကျွန်တော်တို့  အစိုးရဖြစ်မယ်ဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ မြန်မာနိုင်ငံကို ကောင်းအောင် တစ်ခြားနိုင်ငံထက်သာအောင် လုပ်နိုင်မယ်ထင်တဲ့ ပါတီမူဝါဒအနေနဲ့  ကျွန်တော်တို့က ချမှတ်ထားတဲ့ ပါတီရည်မှန်းချက်တွေအနေနဲ့  အဲဒီတော့ ကျွန်တော်က ရည်မှန်းချက်တွေ ချမှတ်တဲ့နေရာမှာ ကျွန်တော်တို့က မြို့နယ်ရုံးတွေ ဆောက်တယ်။

တစ်နိုင်ငံလုံးတွေမှာရှိတဲ့ မြို့နယ်ရုံးတွေအပြင် ရပ်ကျေးရုံးတွေ ကျွန်တော်တို့ဖွင့်တယ်။ အကုန် လုံး ဆိုင်းဘုတ်တွေ ထောင်တယ်။ ရပ်ကျေးရုံးတွေ အဲဒီတော့ ကျွန်တော်တို့တစ်နိုင်ငံလုံးမှာ ရပ်ကျေးရုံးတွေမှတစ်ခါ ပြည်သူလူထုကို အခု မူဝါဒ (၁၂)ရပ် စာတွေကို သေချာပေးလိုက်ပြီးသား အဲဒီပေးလိုက်တဲ့အတွက် ပြည်သူတွေက သိသွားပြီ ပြည်သူတွေက သဘောထားရပြီးတော့ ကျွန် တော်တို့ ပါတီအနေနဲ့ အထူးမဲဆွယ်စရာလည်း သိပ်တော့မလိုဘူးခင်ဗျ။

ပြောရရင်တော့ အဲဒီသဘောနဲ့ ကျွန်တော်တို့က ပါတီအောင်နိုင်ရေးပေါ့ ကျွန်တော်တို့ပါတီ လွှတ်တော် ထဲ ရောက်ရှိဖို့ ကျွန်တော်တို့ ဦးတည်တယ်။ အကယ်၍ အစိုးရ ဖွဲ့နိုင်တယ်ဆိုရင်တော့ ပါတီမူဝါဒ ၁၂ရပ်ကို ကျွန်တော်တို့က ဒါ အပြည့်အဝ ပြည်သူကိုဆောင်ရွက်ပေးမှာ အကယ်၍ မပေးနိုင်ဘူးဆိုလည်း ပါတီဥက္ကဋ္ဌကြီးကို ကျွန်တော်တို့ထောင်ချပါ။

အပြစ်ပေးပါ။ နောက်တစ်ချက်က ကိုယ်လုပ်ထားတဲ့ ပါတီ ဆိုင်းဘုတ်တွေနဲ့ တစ်နိုင်ငံလုံးရှိပါတယ်။

ရပ်ကျေးရုံး ဆိုင်းဘုတ်တွေကို မီးရှို့ဖျက်ဆီးပစ်ပါဆိုပြီး ကျွန်တော်တို့က ပြည်သူသို့ ကတိပေးခြင်းဆိုပြီး ရဲရဲကြီး စာထွက်ထားပါတယ်။

မေး။              ။ လက်ရှိ အခြေအနေကို ဘယ်လိုသုံးသပ်ထားလဲ UDP အနေနဲ့က…။

ဖြေ။              ။ ထူးထူးခြားခြားပြောင်းလဲတာကတော့ ဥပမာပေါ့။ ဟို ကြီးကြီးမားမားကြီးတွေတော့ ကျွန်တော် မမြင်ဘူးခင်ဗျ။ သူကဘာလို့လည်းဆိုတော့ လက်ရှိ မြို့တွေမှာတော့ မြို့ထဲလမ်းတွေပေါ့ဗျာ။ မြို့ထဲလမ်းတွေ မြို့တိုင်းမှာ လမ်းတွေဖောက်တယ်။ ရေမြောင်းလေးတွေလုပ်တယ်။ ပြောရရင်တော့လေ။ သူက အဲဒါလေးတွေလောက်ပဲ ကျွန်တော်မြင်တယ်ဗျ။ တအားထူးထူးခြားခြားကြီး ကြီးကြီးမားမားလုပ်တာတော့ မရှိဘူး။

မရှိပေမယ့် ဥပမာပေါ့ဗျာ ပိုးလမ်းမကြီးတွေတို့ အခု ဒလတံတားစီမံကိန်းတို့ အဲဒီလိုလေးတွေတော့ စီမံကိန်း Plan တွေပဲရှိတယ်ဗျ။ သူတို့ကိုယ်တိုင် လုပ်နိုင်တယ်လို့တော့ ထူးခြားလုပ်တာတော့ မတွေ့သေးဘူးဗျ။

မေး။              ။ ပါတီက ကိုယ်စားလှယ်လောင်းတွေလည်း တစ်နိုင်ငံလုံး ဝင်ပြိုင်တာဆိုတော့ ငွေကြေးပိုင်း ဘယ်လိုမျိုးတွေ သုံးစွဲထားတာတွေရှိလဲ။

ဖြေ။              ။ ကျွန်တော်တို့က ပါတီက  ပါတီသက်သက် ကျွန်တော်တို့ သွားတယ်။ တစ်ဖက်က မြန်မာကျော်ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့ကုမ္ပဏီတစ်ခုရှိတယ်ဗျ။ အဲဒီကုမ္မဏီကနေမှ ကျွန်တော်တို့ ဒီပါတီကို ဒါ ဒီလိုဖြစ်မြောက်အောင်ပံ့ပိုးတာပေါ့။

မေး။                       ။ အဲဒါဆို ငွေကြေးဘယ်လောက်သုံးစွဲထားလဲ။

ဖြေ။              ။ အဲဒီငွေကြေးကျတော့ ခန့်မှန်းကြည့်ရင်တော့ နည်းနည်း ရနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ သူက တစ်နိုင်ငံလုံး ရပ်ကျေးရုံးတွေဆို ဒါ တစ်လ ၁သိန်းထောက်ပံ့တယ်လေ။ ရပ်ကျေးရုံး တစ်သိန်းထောက်ပံ့တယ်။ တစ်နိုင်ငံလုံးက ရပ်ကျေးရုံးတွေကို ထောက်ပံ့နေတာ အခုချိန်အထိ ထောက်ပံ့ပါတယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါက ကျွန်တော်တို့ ပါတီ လုပ်ငန်းတွေလုပ်ဖို့ အတွက်ပါ ပြောရင်တော့လေ ကိုယ်ကျိုးသုံးစွဲဖို့ မဟုတ်ပါဘူး။

 မေး။                      ။ ပါတီရုံးတွေကို တစ်လ တစ်သိန်းပေးတယ်ဆိုတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့ ကိုယ်စားလှယ်လောင်း တစ်ဦးကိုဘယ်လောက်ထောက်ပံ့ထားလဲ။

 ဖြေ။             ။ အဲဒီလိုတွေကျတော့ ကျွန်တော်တို့က မသိဘူးဗျ။ အဲဒါက ကုမ္ပဏီရဲ့ ငွေစာရင်းဌာနမှ သိတာ ကျွန်တော်က ပါတီကပဲမို့လို့ ကျွန်တော်မသိဘူးဗျ။

မေး။              ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။               ။  ဖြည့်စွက်ပြောစရာမရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပါတီက ဒီသက်တမ်းမှာ တကယ်ကို ကိုယ်ကိုယ်တိုင် အနိုင်ရဖို့အတွက် အခုသူများပြောနေတဲ့ အင်အားကြီး တတိယပါတီ ပြည်သူတွေ မျှော် လင့် နေတဲ့ ပါတီတစ်ရပ်ဖြစ်အောင် ဆိုပြီးတော့ ကျွန်တော်တို့က ကြီုးစားပြီးရာမှ  ရွေးကောက်ပွဲ အောင်နိုင်ရေးကို အဓိက ကြိုးစားနေတဲ့ ပါတီပဲ ဖြစ်ပါတယ်ခင်ဗျ။

အဓိကတော့ ကျွန်တော်တို့ပါတီရဲ့ သဘောကလည်း ပြည်သူလူထုအတွက် ပြည်သူလူထုကို ရှေ့တန်းတင်ပြီး ပြည်သူလူထုကောင်းစားရေး ပြည်သူလူထုတိုးတက်ရေး ပြည်သူလူထုရဲ့ ဘဝမြင့်မားရေးအတွက်  ပြည်သူငွေ ပြည်သူပိုင်တယ် ပြည်သူအစိုးရ ပြည်သူပိုင်တယ်။ ပြည်သူကလုပ်ပြီး ပြည်သူကပါဝင်ရမယ့်ဆိုတဲ့ မူနဲ့ပဲ ကျွန်တော်တို့ ပြည်သူအတွက်လုပ်ထားတဲ့ ပါတီဖြစ်ပါတယ်ခင်ဗျ။

အဲဒီတော့ ကျွန်တော်တို့က အထွေအထူးပေါ့နော်။ တအားကြီး ရွေးကောက်ပွဲနှင့် ပတ်သက်လို့ စည်းရုံးနေစရာတော့ သိပ်တော့ မလိုပါဘူးခင်ဗျ။ ကျွန်တော်တို့ပါတီအနေနဲ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts