All News Local News Peace

UWSA ဗိုလ်လောင်းသင်တန်းကျောင်း တပ်ဖွဲ့ဝင်များအတွက်သာ ဖွင့်လှစ်ဟုဆို

UWSA ဗိုလ်လောင်းသင်တန်းကျောင်း တပ်ဖွဲ့ဝင်များအတွက်သာ ဖွင့်လှစ်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၇

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က မကြာသေးမီက ဖွင့်လှစ်လိုက်သော ဗိုလ်လောင်းသင်တန်းကျောင်းသည် ၎င်းတို့ တပ်ဖွဲ့ဝင်များအတွက်သာရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း UWSA ၏လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

UWSA ဗိုလ်လောင်းသင်တန်းကျောင်းသို့ တက်ရောက်မည့်သူများကို အရည်အချင်းသတ်မှတ်ချက်များ ထားရှိပြီး သင်တန်းကာလသည် ၄နှစ်ကြာမြင့်မည်ဖြစ်ကာ ဖွင့်လှစ်ထားသည်မှာ စက်တင်ဘာလဆန်းပိုင်းတွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ဖွင့်တာ တစ်ပတ်လောက်ရှိပါပြီ။ အရည်ချင်းစိစစ်ပြီးမှတက်ရောက်ခွင့်ပြုပါတယ်။ အချိန်ကာလအားဖြင့် ၄ နှစ်ပါ။ ဒို့ အဖွဲ့အတွက်သာ (ဗိုလ်သင်တန်း ကျောင်းတက်ရောက် ခွင့်ရှိသူများ) ပထမသုတ်အနေဖြင့် သင်တန်းသား ၁၀၀ ကျော်ပါပဲ ” ဟု ဦးညီရမ်းကပြောဆိုသည်။

ထိုသို့ ဗိုလ်လောင်း သင်တန်းကျောင်း ဖွင့်လှစ်ရခြင်းသည် မျိုးသစ်ခေါင်းဆောင်များ ခေတ်ပညာတတ်ဖြစ်စေရန်၊ အဆင့်မြှင့်စေရန် လေ့ကျင့်မွေးထုတ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ တိုးတက်ဖွံ့ဖြိုးလာတဲ့ခေတ်နဲ့အညီ တပ်ဖွဲ့အတွင်း မျိုးဆက်သစ်ခေါင်းဆောင်တွေကို ခေတ်ပညာတတ်အဖြစ် အဆင့်မြှင့်လေ့ကျင့်မွေးထုတ်ရခြင်းဖြစ်တယ်” ဟု ဦးညီရမ်းကပြောဆိုသည်။

အဆိုပါ ဗိုလ်လောင်းသင်တန်းကျောင်းကို UWSA ထိန်းချုပ်နေနယ်မြေဖြစ်သော ပန်းဆန်းမြို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ ယင်းသင်တန်းကျောင်း တက်ရောက်မည့်သူများအတွက် အရည်အချင်း သတ်မှတ်ချက်နှင့် သင် တန်းတွင် ပို့ချမည့် သင်တန်းဆရာများနှင့်ပတ်သက်၍ အသေးစိတ် မသိရှိဟု ဦးညီရမ်းက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် အင်အားကြီးအဖွဲ့အစည်းဖြစ်သော UWSA ၀ တပ်ဖွဲ့သည် ခေတ်မီလက်နက်များ ပိုင်ဆိုင်ထားသည့်အပြင် ၂၀၁၉ နှစ်နှစ်ကုန်ပိုင်းတွင်လည်း အရပ်ဘက်သုံး ရဟတ်ယာဉ်တစ်စင်းကို ဝယ်ယူထားခဲ့ကြောင်း၊ အဆိုပါရဟတ်ယာဉ်ကို နိုင်ငံခြားသား ငှားရမ်း အသုံးပြုနေကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Photo by Bryan Dickie.

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts