China Watch Features Local News Peace political news

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ၏ သိန်းသောင်းချီတန်သော မှော်ဘီရွာ

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ၏ သိန်းသောင်းချီတန်သော မှော်ဘီရွာ

By ရန်ကုန်ခေတ်သစ်

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်သည် မှော်ဘီမြို့နယ်တွင် ဧက ၃၀ ကျော်ကို အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးထံမှ ဝယ်ယူပြီး အဆောက်အဦးဆောက်လုပ်ကာ လုံခြုံရေး အစောင့်အရှောက်များဖြင့်လာရောက်လေ့ရှိကြောင်း သိရှိရသည်။

မှော်ဘီမြို့နယ်၊ စစ်မှုထမ်းဟောင်းကျေးရွာ ဖြစ်သည့် သဲဖြူကျေးရွာနှင့် ညောင်တံခါးကျေးရွာထိပ်တွင် ” မှော်ဘီရွာ” ဆိုသည့် တရုတ်၊ မြန်မာ၊ အင်္ဂလိပ် မြန်မာ စာတမ်းထိုးထားပြီး ခြံဝန်းကို အခိုင်အမာတည်ဆောက်ထားကြောင်း၊ အတွင်းတွင်လည်း အဆောက်အဦးများ ဆောက်လုပ်ထားကြောင်း၊ ရံဖန်ရံခါ လုံခြုံရေးများဖြင့် လာရောက်ရှိကြောင်း သိရှိရသည်။

“အထဲမှာက အဆောက်အဦးတွေ ဆောက်နေတာတော့ရှိတယ်။ ဆောက်လက်စတွေလည်းရှိတယ်။ ရံဖန်ရံခါတော့ ကားတွေနဲ့ လူကြီးတစ်ဦးလာလေ့ရှိတာ သတိထားမိပါတယ်။ ပြက္ခဒိန်တွေ ဘာတွေကိုတော့ ရွာထဲမှာ ဝေတာတော့ရှိတယ်။ သူက ဘာလဲဆိုတာတော့ မသိဘူး။ ဒီအနီး အနားက ရွာသားတွေကိုတော့ အဲဒီမှာ အလုပ်ခန့်ထားတာရှိပါတယ်။ များသောအားဖြင့်တော့ အဝင်အထွက်လုပ်တာတော့ရှိပေမယ့် ခြံတံခါးကြီးကတော့ အမြဲပိတ်ထားတာပါပဲ”ဟု ညောင်တံခါးကျေးရွာသားတစ်ဦးက ပြောဆိုသည်။

UPD ပါတီတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတစ်ဦးကမူ အဆိုပါ မြေများသည် ယခင် ဦးပိုင်မှ ဗိုလ်မှူးကြီးမောင်ကို(ငြိမ်း)ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြေဝယ်ယူမှုနှင့် စာရွက်စာတမ်းများအတွက် သိန်း ၂၀၀၀ ကျော်သုံးစွဲခဲ့ကြောင်း ပြောဆိုသည်။

“မှော်ဘီမှာတော့ ဦးပိုင်က ဗိုလ်မှူးကြီးမောင်ကို(ငြိမ်း)ရဲ့ မြေဗျ။ ဂျပန်လမ်းမှာရှိတဲ့ ဗိုလ်မှူးကြီးမောင်ကို(ငြိမ်း) မြေပေါ့။ ဗန္ဓုလကားကုမ္ပဏီက ဒါရိုက်တာကြီးပေါ့။ အဲဒီက သူ့မြေကို ဦးကျော်မြင့်ကို ရောင်းခိုင်းတယ်။ ရောင်းခိုင်းတဲ့အခါကျတော့ ဦးကျော်မြင့်က ကြိုက်တော့ ဝယ်လိုက်တယ်။ ပုံစံ ၇ ရှိတာလေးရှိတယ်။ မရှိတာတွေလည်းရှိတယ်။ အဲဒါတွေကို သိမ်းကျူံးပြီးတော့ ဧက ၃၀ ကျော် မြေစာရင်းနဲ့ လုပ်ရတယ်။ သိန်း ၂၀၀၀ ကျော်လောက်ကုန်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါခြံဝင်းအတွင်းတွင် အဆောက်အဦးများ ဆောက်လုပ်ထားပြီး ဓာတ်လှေကားများတပ်ခြင်း၊ အခန်းများ ကန့်ထားခြင်းအပါအဝင် လျှို့ဝှက်နေရာတစ်ခုအဖြစ်ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီမှာလည်း အဓိက ပြေးမယ့် နေရာ ရှောင်နေမယ့် အဆောက်အဦးတွေ ဆောက်ထားတယ်။ ဟိုတယ်ပုံစံမျိုးဆောက်ထားတာ။ မှော်ဘီ၊ သဲဖြူရွာနားမှာ လျှို့ဝှက်နေရာပေါ့။ အဲဒါကို သူက ရှောင်ရင် အဲဒီမှာပဲ ရှောင်တာ။ အပေါက်နှစ်ပေါက် သေချာဖောက်ထားတာ။ အခန်းတွေက တစ်ခုနဲ့ တစ်ခု ကန့်ထားတယ်။ ဝင်္ကာပါကြီးလိုပဲ။ ဓာတ်လှေကားတွေနဲ့ အပေါက်တွေ သေချာလုပ်ထားတယ်။အဲဒီထဲဝင်သွားရင် အချုပ်ထဲမှာ နေသလိုပဲ။ ရှောင်ဖို့ သီးခြားဖွင့်ထားတာ။ ခြံဝမှာတရုတ်စာရေးထားတယ်။ ဘာမှ မဖွင့်ထားဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ယနေ့ညနေပိုင်း ယင်းအဆောက်အဦးနှင့်ခြံဝန်းထဲသို့ သွားရောက်ရာ ပြင်ပမှ သော့များခတ်ထားပြီး အထဲတွင် အစောင့်ရှိ၊ မရှိ ခေါ်ယူသောအခါ ဆိုင်ကယ်တစ်စီးဖြင့် ခြံဝင်းအတွင်းမှ လာရောက်ကြည့်ရှုပြီး ပြန်လည် မောင်းဝင်သွားသည်ကို တွေ့မြင်ရသည်။

အမှတ် ၄ လမ်းမကြီးမှ သဲဖြူကျေးရွာအတွင်း ဝင်ရောက်ပြီး မိနစ် ၂၀ ခန့် မောင်းကာ ညောင်တံခါးကျေးရွာထိပ် အိမ်စုတ်လေးတစ်ခုအနီးတွင် ခမ်းနားထည်ဝါလှသော ခြံတံခါး ၊ နံရံတံတိုင်းကြီးများဖြင့် မှော်ဘီရွာ တည်ရှိနေခြင်းက ကျေးရွာသားများ အများစု အံ့သြကြသည်ဟု ရွာသားများက ဆိုကြသည်။

“ရွာထဲမှာ အခမ်းနားဆုံးက ဘုန်းကြီးကျောင်းပဲရှိတာပါ။ ဒါတောင် နှစ်ထပ် အုတ်ခံလေးပါ။ ဒီလို ခြံဝင်းကြီးပေါ်လာတာ နှစ်နဲ့ဆိုရင် သိပ်မကြာသေးဘူး။ ဘာလုပ်တာလဲ၊ အထဲမှာ ဘာရှိလဲဆိုတာကို ဘယ်သူမှ သေချာမသိကြဘူး။ ဝင်လို့မရဘူး” ဟု ကျေးရွာသားတစ်ဦးက ဆိုသည်။

ကျေးရွာသူကျေးရွာသားများကမူ အဆိုပါခြံဝန်းသည် ရွာလယ်ခေါင်တွင် ထူးထူးခြားခြား တည်ရှိနေခြင်းကို သိရှိကြသော်လည်း စပ်စုမှုမရှိကြကြောင်း၊ ယင်းခြံဝင်းအတွင်း အလုပ်လုပ်နေသည့် ရွာသားများပင် သေချာစွာ မသိရှိဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

မှော်ဘီရွာ ခြံဝင်းအတွင်းတွင် ဟိုတယ်ပုံစံ အဆောက်အကြီးတစ်လုံးရှိနေပြီး ရေကန်များ၊ အခြားအဆောက်အဦးများစွာ ရှိကြောင်း သိရှိရသည်။

” ခြံဝင်းရော အဆောက်အဦးရောဆိုရင်တော့ သိန်းသောင်းချီပေါ့ဗျာ။ ၁ သောင်း၊ ၂ သောင်းမဟုတ်ဘူး။ အဓိက Country Side ပုံစံဖြစ်အောင် ရေကန်တွေ၊ ဝါးရုံပင်တွေနဲ့ အတော်လေးကို လုပ်ထားတယ်။ ဧက ၃၀ ကျော်ထဲမှာ အခြား အဆောက်အဦးငယ်လေးတွေလည်း အများကြီးပါပဲ” ဟု UPD ပါတီတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူက ဆိုသည်။

မှော်ဘီရွာ အတွင်း ဟိုတယ်ပုံစံ ဆောက်လုပ်ထားသည့် အဆောက်ဦးမှာ ၂ ထပ် အဆောက်အုံဖြစ်ပြီး မြေနေရာ ၂ ဧက ယူ၍ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts