All News interview Peace

၁၉၅၉ တပ်မတော်ဥပဒေပြင်ဆင်မှု သဘောကွဲလွဲ ဆန့်ကျင်သည့် အငြိမ်းစားဗိုလ်ချုပ်များကို တပ်မတော်က အရေးယူရန်လားဟု သုံးသပ်မှုရှိနေ

၁၉၅၉ တပ်မတော်ဥပဒေပြင်ဆင်မှု သဘောကွဲလွဲ ဆန့်ကျင်သည့် အငြိမ်းစားဗိုလ်ချုပ်များကို တပ်မတော်က အရေးယူရန်လားဟု သုံးသပ်မှုရှိနေ

By ရန်ကုန်ခေတ်သစ်

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ ပုဒ်မခွဲ(၁)၌ “ ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့်အတိုင်းမှတစ်ပါး ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦးအား ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ ၃ နှစ်ကုန်ဆုံးသည့်အခါ၊ ထိုပြစ်မှုအတွက် စစ် တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ။” ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်ကို တပ်မတော်က

“ (၁) ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့်အတိုင်းမှတစ်ပါး အောက်ပါနေ့ရက်တစ်ခုခုမှ သုံးနှစ်ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဤအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြု လုပ်ရ-
(က) ပြစ်မှုကျူးလွန်သည့်နေ့ရက်၊
(ခ) နစ်နာသူ သို့မဟုတ်အရေးယူပိုင်ခွင့်ရှိသူက ပြစ်မှုကျူးလွန်ကြောင်း မသိရှိရာမှ ပြစ်မှုကျူးလွန်ကြောင်းကို သိရှိလာသည့်အခါ ၎င်းတို့သိရှိသည့် နေ့ရက်များ အနက် စောရာနေ့ရက်၊
(ဂ) နစ်နာသူသို့မဟုတ် အရေးယူပိုင်ခွင့်ရှိသူက ပြစ်မှုကျူးလွန်သူ မည်သူဖြစ်ကြောင်း မသိရှိရာမှ ယင်းပြစ်မှုကျူးလွန်သူ မည်သူဖြစ်ကြောင်းကို ၎င်းတို့ သိရှိသည့်နေ့ ရက်များအနက် စောရာနေ့ရက်။” အဖြစ်ပြောင်းလဲ ပြင် ဆင်ပြဋ္ဌာန်းလိုက်သည်။

တပ်မတော်အက်ဥပဒေပြင်ဆင်ချက်ကို သမ္မတက လက်မှတ်ရေးထိုး၍ ဩဂုတ် ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂ အဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

တပ်မတော်က ဥပဒေ ပြင်ဆင်မှုသည် ယနေ့ခေတ် တပ်မတော်သားများ ပြစ်မှု ကျူးလွန်မှုများအပေါ် လေ့လာသုံးသပ်တွေ့ရှိချက်များအရ အချို့သော တပ်မတော်သားများကျူးလွန်သည့်ပြစ်မှုများသည် ခွင့်မလွှတ်ထိုက်ဘဲ မလွဲ မသွေ အရေးယူရမည်ဖြစ်သော်လည်း ကာလစည်းကမ်းသတ်ကာလ သုံးနှစ်ကျော်မှသာသိရှိရပြီး နယ်ဘက်သို့ လွှဲပြောင်းပေးရမည့်ပြစ်မှုများတွင် အကျုံးမဝင်သည့်အတွက်ကြောင့် အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ပေးရမည့်အခြေ အနေများ ဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် အရေးယူထိုက်သူကို အရေးယူခံရခြင်းမှ ကင်းလွတ်ခြင်းမရှိစေရန်အတွက်လည်းကောင်း၊ တပ်မတော်သားများ ခံစားထိုက်ခွင့်ရှိသည့် စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်အခွင့်အရေးကို မဆုံးရှုံးစေရန်အတွက်လည်းကောင်း စဉ်းစားသုံးသပ်လျက် အကောင်းဆုံးနည်းလမ်းရရှိရန် ကြိုးစားရှာဖွေခဲ့ပြီး ဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။

သို့ရာတွင် တရားလွှတ်တော်ရှေ့နေများနှင့်လွှတ်တော်အမတ်များကမူ တပ်မ တော်၏ ဥပဒေပြင်ဆင်ချက်သည် တပ်ချုပ်က တပ်အပေါ် ပိုမိုထိန်းချုပ်လာနိုင်သည့်အပြင် တပ်မတော်ကို ဆန့်ကျင်သည့် အငြိမ်းစားနှင့် အရာရှိဟောင်းများကို နောက်ကြောင်း ပြန်အရေးယူလာနိုင်သည့် အခြေအနေရှိနေသည်ဟုဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တရားလွှတ်တော်ရှေ့နေများနှင့်အမတ်များကို ဆက်သွယ်မေးမြန်းထားပါသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်

တပ်မတော် အက်ဥပဒေပေါ့ ၁၉၅၉ခုနှစ် တပ်မတော် အဲဒီရဲ့ ပုဒ်မ ၁၂၅ (၁) ကို ကျွန်တော်တို့က ပြင်တာဗျာ။ ပုဒ်မ ၁၂၅မှာ က ၁၊ ၂၊ ၃၊ ၄ ထိရှိတယ်ပေါ့ဗျာ။ အဲဒီမှာသူက ပုဒ်မခွဲ ၁ကို ကျွန်တော်တို့က ပြင်တာ မူလက ဘယ်လိုပြောထားတုန်းဆိုတော့ ပုဒ်မခွဲ ၂တွင် ပြဌာန်းထားသည့်အတိုင်းမှတစ်ပါး ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦးအား ပြစ်မှုကျုးလွန်သည့်နေ့ရက်မှစ၍ သုံးနှစ်ကုန်ဆုံးသည့် အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးအဖြစ် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ အဲဒီတော့ သုံးနှစ်ကုန်တဲ့ အခါ အဲဒီပြစ်မှုအတွက် စစ်တရားရုံးကို စစ်တရားရုံးနဲ့ မစစ်ဆေးရဘူးပေါ့ဗျာ။ စပြီး မစစ်ရဘူး။

အဲဒီတော့ ပြင်လိုက်တာက ဘယ်လိုလဲ ဆိုတော့ သိတဲ့အတိုင်းပဲပေါ့ဗျာ ပုဒ်မခွဲ(၂)တွင် ပြဌာန်းထားသည့်မှတစ်ပါး နောက်ပြီးတော့မှ အောက်ပါနေ့ရက်တစ်ခုခုမှ သုံးနှစ်ကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဤအက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရဆိုပြီးတော့ (၁)က ပြစ်မှုကျုးလွန်တဲ့နေ့ရက် (၂)က နစ်နာသူ သို့မဟုတ် အရေးယူပိုင်ခွင့်ရှိသူက ပြစ်မှုကျုးလွန်ကြောင်း သိရှိရာမှ အဲဒီပြစ်မှုကျုးလွန်တာသိရှိလာတဲ့အခါ မသိရာကနေ သိလာတဲ့အခါ သူတို့သိတဲ့ အချိန်က စတဲ့နေ့ရက် နောက်တစ်ခါ ၃က နစ်နာ ဒါမှမဟုတ် အရေးယူပိုင်ခွင့်ရှိသူက အဲဒီဘယ်သူလဲပေါ့ဗျာ ပြစ်မှုကျုးလွန်သူကို အစတုန်းကမသိဘူး။

ဘယ်သူမှန်းသိသွားတဲ့အခါ အဲဒီအချိန်ကနေစပြီးတော့မှ သုံးနှစ်ပေါ့။ ပုဒ်မခွဲ ၂တွေ ၃တွေ အစရှိသဖြင့် ပုဒ်မခွဲ ၂ကလည်း စစ်ပြေးမှုတို့ လိမ်လည်လှည်ပြားပြီးတော့ စစ်မှုထမ်းတင်သွင်းတာတွေဘာတွေ အဲဒီဟာတွေကတော့ဟို အဲဒါတွေကိုတော့ ခုကနပြောတဲ့ ပုဒ်မခွဲ(၁)မှာမဆိုင်ဘူးပေါ့ဗျာ အဲဒီသုံးနှစ်ဆိုတာ မပါဘူးလို့ပြောထားတာ။

အဲဒီတော့ ဆိုလိုတာက သူကဖြစ်လိုက်တာက နဂိုတုန်းက ၁၂၅ ၁ က သုံးနှစ် ကာလစည်းကမ်းသတ် သုံးနှစ်ပေါ့။ အဲဒီတော့ သုံးနှစ်ကုန်သွားရင် ပြစ်မှုအတွက် စစ်တရားရုံးက စစ်ဆေးစီရင်ခြင်းမပြုရဘူး။ စပြီး မလုပ်ရဘူးပြောတယ်။ အခုကျတော့ သူက အဲဒီဟာကို ဆွဲဆန့်လိုက်တဲ့သဘောလည်းရှိတာပေါ့ဗျာ။

ပြစ်မှုကျုးလွန်တဲ့နေ့ဆိုတာလည်းဟုတ်တယ်။ ၁ က (က) တစ်ပိုင်း ပေါ့။ နောက်ပြီးတော့ (ခ)က အဲဒီပြစ်မှုကျုးလွန်တာကို အစမသိဘူး။ သိလာရင် သိတဲ့နေ့ကစတယ်လို့ပြောတယ်။ နောက်တစ်ခါ ပြစ်မှုကျုးလွန်တာ ဘယ်သူတုန်းဆိုတာမသိဘူး။ (ဂ) က ဘယ်သူမှန်းသိရင် သိတဲ့နေ့ကစပြီ သာမန်အားဖြင့်တော့ ပိုတည်ကျသလို ကာလစည်းကမ်းသတ် ကို ဆွဲဆန့်ပေးသလိုဖြစ်တယ်ဗျာ။ ဒါပေမယ့် တစ်ဖက်ကပြန်စဉ်စားတဲ့အခါကျတော့ ဒီဥစ္စာက သာမန်အားဖြင့်ဆိုရင် ပြစ်မှုကျုးလွန်တဲ့လူပေါ့ဗျာ။

ပြစ်မှုကျုးလွန်တဲ့လူက ပထမတုန်းက သူက သုံးနှစ်ပြည့်သွားရင် ဒီအပြစ်က အရေးယူလို့ မရတော့ဘူး။ အဲဒီတော့ ဆိုလိုတာက သုံးနှစ်ကျော်သွားရင် ဒီအပြစ်က သူကို အရေးမယူတော့ဘူးပေါ့ဗျာ။ အဲဒါပြီးတဲ့ အခါကျတော့ အခုနောက်ပိုင်းမှာက တပ်မတော်သားပုဂ္ဂိုလ်တွေကနေပြီးတော့မှ တပ်မတော်နဲ့ နည်းနည်းဆန့်ကျင်ကိစ္စတွေဖြစ်ပြီးတော့ နောက်ကြောင်းပြန်ပြီးတော့ အရေးယူချင်တဲ့ ကိစ္စမျိုးတွေ ပေါ်လာရင်သုံးဖို့များလားလို့ တစ်ဖက်ကတော့ ဒါကျွန်တော်က စဉ်းစားတာပေါ့ဗျာ။ အဲဒီလိုလည်း ဖြစ်နိုင်တာပေါ့။

ဘာတုန်းဆိုတော့ နည်းနည်းခြောက်ထားရာရောက်တော့ မင်းတို့ ဟိုဟာမလုပ်နဲ့ အမှုက ဘယ်တော့မှ မင်းတို့ တစ်ခုခုများ မင်းတို့ကျူးလွန်ခဲ့ရင် ငါတို့ ဆန့်ကျင်တဲ့နေ့ စစ်ခုံရုံးနဲ့ ဆိုတာ မင်းတို့အတွက် အမြဲတမ်းပွင့်နေတယ်ဆိုတာမျိုးပေါ့ဗျာ။ မူလတုန်းကဆိုရင် သုံးနှစ်ပြည့်သွားတဲ့အခါမှာ ကြောက်စရာမလိုတော့ဘူးလေ။ စစ်ခုံရုံးကို။

အခုဟာကတော့ မင်းတို့ ဘာပဲဖြစ်ဖြစ်နေ အဲဒီအချိန်ကျမှ ငါတို့သိတယ်။ အဲဒီသိတယ်ဆိုတာရဲ့ သုံးနှစ်အတွင်းဟိုဟာလုပ်မယ်။ မင်းတို့ စစ်ခုံရုံးနဲ့ ဆွဲနိုင်တယ်။ ဆိုတာမျိုး နည်းနည်းကြောက်လန့်အောင်လို့ပေါဗျာ။ အဲဒီလိုလုပ်တာမျိုး ဖြစ်နိုင်တာပေါ့။ ဒါလည်း ယတိပြတ်လည်းပြောလို့မရဘူး။ ကျွန်တော်စိတ်ထဲမှာတော့ အဲဒီလိုနည်းနည်းလေးပေါ့ တပ်မတော်သားတွေ အတွက် အဲဒီ အကန့်အသတ် ကာလစည်းကမ်းသတ် မရှိသလောက်ဖြစ်သွားတာပေါ့။

အမှုဟောင်းပြန်ဖော်နိုင်တဲ့ အလားအလာအခွင့်အလမ်း တစ်ခုခုဖြစ်လို့ စိတ်တိုင်းမကျရင် အမှုဟောင်းပြန်ဖော်နိုင်တဲ့အလားအလာ ပိုပြီးတော့ ရှိသွားတာပေါ့။ အဲဒီလိုဖြစ်နိုင်တယ်။ သူတို့အတွက် အန္တရာယ်ကတော့။

ဒေါ်နော်ခရစ္စထွန်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကရင်ပြည်နယ်

သက်ရောက်မှုကတော့ တပ်မတော်အတွက်ပဲ အကျိုးလိုလို့ တင်တယ်ပေါ့။ ဒါကတော့ အန်တီအမြင်ပါ။ သူတို့ အတွက် လိုအပ်လို့ သူတို့တင်တာပဲရှိတာပဲ တပ်မတော်ရဲ့ ကိုယ်စားလှယ်တစ်ဦးချင်းရဲ့ လိုအပ်ချက်လား တပ်မတော်ရဲ့ လိုအပ်ချက်လားတော့ မသိဘူးလေ။

အဲဒီမှာတင်တုန်းကတော့ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးပဲ တင်သွားတာလေ။ အန်တီတို့ အမျိုးသားလွှတ်တော်က တပ်မတော်သားကိုယ်စားလှယ်ပါပဲ သူက အမျိုးသားလွှတ်တော်ကနေ တင်လာတာ ဆိုတော့ ပြောချင်တာက ဥပဒေကတော့ အမျိုးသားကနေပြီးတော့ ပြင်ဆင်သွားတာပါပဲ သို့ပေမယ့် ကိုယ်စားလှယ်ကတော့ တင်ပြခွင့်ရှိတာပေါ့။ တောင်းဆိုခွင့်ရှိတာပေါ့။ သို့ပေမယ့် လွှတ်တော်ကလည်းပြီးတော့မယ်။

ရွေးကောက်ပွဲကလည်းနီးလာပြီလေ ရွေးကောက်ပွဲကလည်းနီးလာပြီ လွှတ်တော်ရက်က အမှန်တိုင်းပြောရရင် လွှတ်တော်ပိတ်ခံနီး တစ်ရက်အလိုမှာ တင်တာထင်တယ်။ မှတ်မှတ်ရရ လွှတ်တော်ပိတ်ခံနီးမှာပဲ တင်လိုက်တာ ရှင်းရှင်းပြောရရင် လွှတ်တော်ကတော့ ဘာမှ ဒါကြီးကို အရေးတယူ ပြဿနာလည်း ကျန်တဲ့ ကိုယ်စားလှယ်တွေအားလုံးပေါ့နော်။ သူတို့ အမြင်မှာတော့ လွှတ်တော်အနေနဲ့ကတော့ ဒါကြီးကို အချိန်ယူပြီးတော့ အချိန်ပေးဖို့ကလည်းမဖြစ်နိုင်ဘူး။

နောက်သူတို့ လိုအပ်ချက်ကိုလည်း ကိုယ့်အရပ်သားနဲ့က သိပ်ပြီးတော့ပတ်သက်မှုမှ မရှိတာရှင်းရှင်းပြောရင် တပ်မတော်အက်ဥပဒေထဲက ပုဒ်မ တစ်ခုတည်းကြီးကို ပြင်တာကို ပြည်သူ့အတွက်ကတော့ အများပြည်သူ့အတွက်ကတော့ အကျိုးရှိလားမရှိလားဆိုတော့ တပ်မတော်အတွက် လိုအပ်လို ပြင်တယ်လို့ပဲ မြင်တယ်။ တပ်မတော်အကျိုးအတွက်ပေါ့နော်။ အန်တီတို့ အရပ်သား ကိုယ်စားလှယ်ကတော့ ရှင်းရှင်းပြောရင် ပတ်သက်မှုတော့ မရှိဘူးပေါ့။

ဦးအောင်လှိုင်ဝင်း (မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

တချို့ကတော့ သုံးသပ်နေတာရှိတယ်ပေါ့။ တပ်ပိုင်းဆိုင်ရာကိစ္စတွေဆိုတော့ ကျွန်တော်တို့ ထဲထဲဝင်ဝင် အများကြီးတော့ မသိပါဘူး။ ဒီတပ်မတော်ဖက်က အငြိမ်းစားယူသွားပြီးတဲ့ သူတွေကိုပါ ထပ်မံပြီးတော့ အရေးယူလို့ရမယ်ဆိုတဲ့ စိုးရိမ် ပူပန်မှုမျိုးတွေ ကြုံနေရတယ်ပေါ့။

ဥပမာဗျာ ကျွန်တော်တို့ တပ်ဖက်ကနေထွက်သွားတော့ တပ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေ ပေါက်ကြားအောင် လုပ်တဲ့သူတွေပေါ့။ အဲလို ပုဂ္ဂိုလ်တွေရှိတယ်ပေါ့။ တချို့ အရာရှိတွေဆိုရင် တပ်ကထွက်သွားတယ်။ ပါတီတွေထဲကို ဝင်ကျတယ်။ နောက်တချို့ဆိုရင် ကိုယ်ပိုင်ပါတီတွေတောင် ထောင်ကျတဲ့ တပ်မတော်ဗိုလ်ချုပ်ကြီးတွေလည်းရှိပါတယ်။

အဲလိုပုဂ္ဂိုလ်တွေက တပ်ပိုင်းဆိုင်ရာကိစ္စတွေကို တကယ်လို့ပြောလာခဲ့မယ်ဆိုရင် သို့မဟုတ်လည်း တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်တည်းက တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တာမျိုးတွေ ရှိခဲ့မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေအတွက်တော့ သိတဲ့ အချိန်ကနေစပြီးတော့ အရေးယူလို့ရတယ်ပေါ့။

အရင်တုန်းကတော့ ကာလစည်းကမ်းသတ် ဥပဒေနဲ့ သွားတူနေတာပေါ့။ အရင်တုန်းက ဥပဒေက ကာလစည်းကမ်းတစ်ခုကိုကျော်သွားတဲ့ရင် အရေးယူလို့မရတော့ဘူး။ အခုဥပဒေကျတော့ ဒီလိုမျိုး တပ်မတော်တွင်းမှာ လုပ်ခဲ့တာတွေရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တပ်မတော်အရာရှိဟောင်းတွေ တပ်မတော်သားတွေကို ပြန်ပြီးတော့ အရေးယူလို့ရမယ့် သဘောမျိုးပေါ့။

နောက်ကြောင်းပြန် အရေးယူလို့ရတဲ့ သဘောမျိုးဖြစ်တဲ့အတွက် တပ်ရဲ့အငြိမ်းစားယူသွားတဲ့သူတွေကို ဦးတည်တယ်လို့တော့ ယူဆလို့ရတယ်။ သက်ရောက်မှုကတော့ တပ်မတော်ထဲကို ဝင်သွားပြီး ပြန်ထွက်သွားမယ့်သူတွေကတော့ တပ်နဲ့ ပတ်သက်တဲ့ဟာတွေမှာ တပ်မတော်ကို အမြဲတမ်း ကြောက်ရွံ့နေရမှာပေါ့။

ဘာကြောင့်လဲဆိုတော့ တပ်မတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားပါတယ်ဆိုတဲ့ဟာမျိုး စွပ်စွဲလို့ရတယ်ပေါ့။ တပ်မတော်ဘက်က ဒါမှမဟုတ်လည်း တပ်ဖက်ကလုပ်တဲ့ တချို့ကိစ္စတွေမှာ သူကအငြိမ်းစားယူသွားပြီ ဥပမာ စာရင်းတစ်ခုကွာဟနေတယ်။ အဲပုဂ္ဂိုလ်က အငြိမ်းစားယူသွားတယ်။ စာရင်းဗိုလ်ကြီး ဘဝကနေ အငြိမ်းစားယူသွားတယ်။

တပ်ကနေ ထွက်သွားပြီးတော့ အပြင်မှာ အရပ်သားဖြစ်နေတာ ၁ဝနှစ်လောက်ရှိပြီ ဒီစာရင်းကွာဟတာကို တပ်မတော် အခုမှသိပါတယ်ဆိုပြီးတော့ ခုနတပ်ကနေထွက်ပြီးသား၁ဝနှစ်လောက်ရှိတဲ့ စာရင်းဗိုလ်ကြီး တစ်ယောက်ကို အရေးယူမယ်ဆိုရင် ယူလို့ရတယ်ပေါ့။ အဲလိုသဘောမျိုး သက်ရောက်နေတယ်။ အဲအတွက် တပ်မတော်သားတွေကို ပိုပြီးတော့ ထိန်းချုပ်ဖို့အတွက် ဥပဒေပြဌာန်းတယ်လို့တော့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်

အဲဒီပုဒ်မက အရင်တုန်းကဆိုရင် ၃နှစ်ကျော်သွားရင် တရားစွဲလို့မရဘူး။ အခုကျတော့ သိတဲ့နေ့မှစ၍ ၃နှစ်အတွင်းဖြစ်သွားတာပေါ့။ သိတဲ့နေ့ကစပြီးတော့ အဲလိုပြောင်းလိုက်တာပေါ့။ အဲလိုပြောင်းလိုက်တဲ့ အာနိသင်ကတော့ ဘာဖြစ်သွားလည်းဆိုတော့ ဟိုတုန်းက ဟာက ဘောင်ကန့်သတ်ပြီးတော့ထားတာပေါ့။ ၃နှစ်ကျော်သွားပြီ ဒီအမှုအရေးယူလို့မရတော့ဘူး။

ဆိုပြီးတော့ အဲလိုလုပ်ခြင်းအားဖြင့် အမှုတွေကို ဖျောက်ဖျက်ပစ်လို့ရတာပေါ့။ အခုဟာကျတော့ သိတဲ့နေ့ကစ၍ဆိုတော့ ဖျောက်ဖျက်ဖို့မလွယ်တော့ဘူးပေါ့။ အဲတာကို ပြင်လိုက်တာကို အဲလိုပြင်တဲ့ အကြောင်းအရင်းကတော့ နိုင်ငံတကာဖိအားတွေ ICJ ရဲ့အကျိုးဆက်တွေပေါ့။ ICJ ကနေ ကြားဖြတ်အမိန့်ချမှတ်တဲ့ အကျိုးဆက်တွေကြောင့် ဒီဥပဒေ ထွက်လာတယ်လို့ အဲလိုထင်မြင်ယူဆပါတယ်။

ဦးရဲထွဋ် (စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

အစားထိုးပြင်ဆင်တာကတော့ အဲဒီဟာက ၁၉၅၉ ခုနှစ် ဥပဒေပေါ့လေ။ တော်တော်ကြာပြီ။ နောက်ပိုင်းမှာ သူတို့က ၃နှစ်အထိ အရေးယူနိုင်တယ်လို့ ပါတယ်ပေါ့။ ပြစ်မှုကျူးလွန်ပြီးတဲ့နောက် ၃နှစ်ထိ အရေးယူခွင့်ရှိတယ်ဆိုတာက ဝေဖန်နေတာ့ ဒါတပ်မတော်အနေနဲ့ ပိုပြီးတော့ သူတို့တပ်ကို ချုပ်ကိုင်ချင်လို့ပေါ့လေ။ ချုပ်ကိုင်နိုင်အောင် တပ်ကနေပြီးတော့ ပြစ်မှုကျူးလွန်တဲ့ သူတွေကို နောက်ကြောင်းပြန်ပြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ နောက်ကြောင်းပြန်သဘောလည်း အရေးယူနိုင်အောင် ၃နှစ်ကြာတဲ့အထိ ဒီဟာတွေဟာ အရေးယူခွင့် သက်ရောက်မှုရှိအောင်လို့ လုပ်ဖို့ပြဌာန်းတယ်ဆိုတော့ ပိုပြီးချုပ်ကိုင်နိုင်အောင်လုပ်တယ်လို့ အဲလို ယူဆနေကျတာပေါ့။

အဲဒါက ကျွန်တော်တို့ လွှတ်တော်မှာက NLD လွှတ်ကိုယ်စားလှယ်တွေကလည်း အများစုရှိတယ်လေ။ အဲဒီဟာကို သဘောတူလိုက်တဲ့သဘောမျိုးပေါ့။ ကြိုတင်ညှိနှိုင်းထားသလားတော့ မသိဘူးပေါ့လေ။ ကျွန်တော့်သဘောက ဒီဥပဒေပြဌာန်းတဲ့နေရာမှာ ကြိုတင်ညှိနှိုင်းထားတဲ့ သဘောလည်း ရှိကောင်းလည်းရှိမယ်ပေါ့ဆိုတော့ ဒါဘယ်လိုဖြစ်မလဲတော့ မသိဘူး။ သို့သော် သက်ရောက်မှုအနေနဲ့ကတော့ တပ်ရဲ့ တပ်တွင်းမှာ တပ်သားတွေပေါ်မှာ ပိုပြီးချုပ်ကိုင်နိုင်အောင် လုပ်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။

ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)

ဒါပေမယ့် တကယ်ပြင်မယ့်အချက်တွေမပါဘူး။ သိပ်အရေးကြီးတဲ့ အချက်တွေရှိတယ်။ ၁၉၅၉တပ်မတော် ဥပဒေဆိုတာ မူလပြဌာန်းချက်တွေဟာ နိုင်ငံတကာ တပ်မတော်မှာ ရှိရင်းစွဲဖြစ်တယ်။ တရားမျှတမှုရှိတယ်။ ဥပမာအားဖြင့် ပုဒ်မ ၁၃၀ သိပ်အရေးကြီးတဲ့ အချက်တွေပါတယ်။ အဲဒီအချက်တွေကိုတော့ ပြင်ဖို့အတွက် ဘယ်သူကမှ စဉ်းစားပုံမရဘူး။

အဲဒီတော့ ဒီဟာကောင်းတယ်။ ကြိုဆိုတယ် ဒါပေမယ့် ဒါကသာမန်အချက်လေးတစ်ချက်ကို ပြင်တာပဲဖြစ်တယ်။ အဲဒီထက် အရေးကြီးတဲ့ အချက်တွေဖြစ်တဲ့ ဥပမာအားဖြင့် ပုဒ်မ ၁၃၀မှာ အရင် ၁၉၅၉ တပ်မတော်ဥပဒေ မူလဥပဒေမှာ ဘာပါလဲဆိုတော့ ဒီစစ်တရားရုံးနဲ့ တပ်မတော်သားတစ်ယောက်ကို အရေးယူတဲ့အခါ ချမှတ်တဲ့ပြစ်ဒဏ်နဲ့ ပတ်သတ်ပြီးတော့ ရာဇဝတ်တရားရုံး တစ်ရုံးက ကျေနပ်မှုမရှိရင် နိုင်ငံတော်သမ္မတရဲ့ ကြိုတင်ခွင့်ပြုမိန့် တောင်းခံပြီးတော့ သူရုံးမှာနောက်ထပ်တရားစွဲလို့ရတယ်။ အဲဒီပုဒ်မကြီးကို ၂၀၁၁မှာဖြုတ်ပစ်တယ်။

အဲဒါတွေပြန်ထည့်ရမှာ သဘောက စစ်တရားရုံးက ဘာအမိန့်ပဲ ဆုံးဖြတ်ဆုံးဖြတ် ဘယ်လိုပဲချလိုက်ချလိုက် အဲဒီဟာကိုကျေနပ်မှုမရှိတဲ့ ရာဇဝတ်တရားသူကြီး ရာဇဝတ်တရားသူကြီးက နိုင်ငံတော်သမ္မတဆီကို တင်ပြ ခွင့်ပြုချက်ယူပြီးတော့ သူရုံးမှာပြန်စစ်လို့ရတယ်။ ဘယ်လောက်တရားမျှတမှုရှိလဲ အဲဒါကြီးကိုဖြုတ်လိုက်တယ်။ နောက်တစ်ခါ နောက်ပုဒ်မတစ်ခုရှိသေးတယ်။

နောက်ပုဒ်မတစ်ခုက စစ်တရားရုံးက အယူခံရုံးတွေဖွဲ့တဲ့အခါ စစ်ဖက်အယူခံရုံးတွေ ဖွဲ့တဲ့အခါမှာ ဘယ်သူကရွေးတာလဲဆိုတော့ နိုင်ငံတော်တရားသူကြီးချုပ်ကရွေးတာ သူက သုံးမျိုးသုံးစားရွေးတာ နံပါတ်(၁)က တရားရုံးချုပ် တရားသူကြီးက တစ်ယောက် နံပါတ်(၂)က တပ်မတော်မှာ ဒုတတိယ ဗိုလ်မှူးကြီးထက် မနိမ့်တဲ့ အဆင့်မနိမ့်တဲ့ တပ်မတော်အရာရှိကြီးတစ်ယောက် နံပါတ် (၃) အဲဒီအမျိုးအစားနှစ်ခုထဲမပါတဲ့ ဥပဒေပညာရှင် တစ်ယောက် သဘောက ရှေ့နေတို့ဘာတို့ပေါကွာ အဲဒီသုံးဦးနဲ့ အယူခံရုံးကိုဖွဲ့ရတယ်။

အဲဒီပုဒ်မကိုလည်း ဖြုတ်ပစ်လိုက်ပြီ။ ဖြုတ်ပစ်လိုက်ပြီဆိုတော့ သူတို့ ခန့်ချင်တဲ့သူခန့်လို့ရတယ်။ အဲဒီလိုသိပ် အရေးပါပြီးတော့ အသက်တမျှအရေးကြီးတဲ့ တရားမျှတမှုရှိတဲ့ အပိုဒ်တွေ မပြင်ဘဲနဲ့ ဒီပုဒ်မလေးကိုပြင်နိုင်တာကတော့ ပြင်တာပဲဆိုပြီးတော့ ကြိုတော့ ကြိုဆိုရမယ်။ ဒါပေမယ့် အဓိကမကျဘူး။ လိုရင်းမရောက်ဘူးလို့ပဲ ပြောချင်တယ်။

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်တွင်မှ ဥပဒေကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ Photo Credit – Reuters.

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts