All News Local News Peace

ဦးပိုင်တွင် ဦးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ယခင်နှင့်ယခုတပ်ခေါင်းဆောင်များ ရှယ်ယာပိုင်ဆိုင်မှု၊အမြတ်ခွဲဝေရရှိမှု၊ စီးပွားရေး ဆက်နွယ်မှုများ ထုတ်ဖော်

ဦးပိုင်တွင် ဦးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ယခင်နှင့်ယခုတပ်ခေါင်းဆောင်များ ရှယ်ယာပိုင်ဆိုင်မှု၊အမြတ်ခွဲဝေရရှိမှု၊ စီးပွားရေး ဆက်နွယ်မှုများ ထုတ်ဖော်

ရန်ကုန်၊ စက်တင်ဘာ ၁၀

တပ်မတော်က ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(ဦးပိုင်)တွင် လက်ရှိတပ်မတော်ခေါင်းဆောင်များ၊ အငြိမ်းစား တပ်ခေါင်းဆောင်များ၏ အစုရှယ်ယာပိုင်ဆိုင်မှုနှင့် အမြတ်ဝေစု ခွဲဝေမှုများ၊ စီးပွားရေးဆက်နွယ်မှုများ၊ လူ့အခွင်အရေးချိုးဖောက်မှုများနှင့် ဆက်စပ်ပုံများကို Justice For Myanmarနှင့် Amnesty International(AI) တို့က ပူးပေါင်း၍ အစီရင်ခံစာ ထုတ်ပြန် ဖော်ထုတ်လိုက်ကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့ Justice For Myanmarနှင့် Amnesty International(AI) တို့ပူးပေါင်းထုတ်ဝေသော “စစ်တပ်လီမိတက်” ဆိုသော အစီရင်ခံစာတွင် ဦးပိုင်ကုမ္ပဏီအကြောင်း၊ ငွေကြေးစီးဆင်းမှုများကို အသေးစိတ် ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(ဦးပိုင်ကုမ္ပဏီ)

၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီကို လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့်အငြိမ်းစား တပ်မတော်အရာရှိကြီးများက ပိုင်ဆိုင်၍ ဆက်လက်စီမံခန့်ခွဲနေပြီး ဦးပိုင်သည် သတ္တု တူးဖော်ခြင်း၊ ဘီယာချက်လုပ်ငန်း၊ စီးကရက်၊ အထည်ချုပ်၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များ၊ အိမ်ခြံမြေ၊ သင်္ဘောပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ပါဝင်သည့် အလွန်ကြီးမားသော စီးပွားရေးအင်ပါယာကြီးတစ်ခုအဖြစ် တည်ထောင်လုပ်ကိုင်လျက်ရှိကြောင်း၊ လုပ်ငန်းအများအပြားကို ဦးပိုင်သည် နိုင်ငံခြားကုမ္ပဏီများ အပါအဝင် ကုမ္ပဏီများနှင့်ဖက်စပ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

ဦးပိုင်၏ ရည်ရွယ်ချက်မှာ လက်ရှိနှင့် အငြိမ်းစား ယူပြီးသော စစ်မှုထမ်းများ၏ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ရန်ဖြစ်သည်ဟုဆိုကြောင်း၊ ဦးပိုင်က ရှယ်ယာဝင်များ၏ ပင်စင်၊ ကျန်းမာ ရေး စရိတ်နှင့်အခြား သက်သာချောင်ချိရေးနှင့် ဆက်စပ်သော စရိတ်များကို ထောက်ပံ့ သည်ဆိုစေဦး၊ ယင်းထောက်ပံ့မှုများမှ စစ်တပ်၏ လုပ်ငန်းများ လည်ပတ်နိုင်ရန် အဓိကကျောရိုးအဖြစ် ယူဆနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဦးပိုင်တွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့်အငြိမ်းစား စစ်မှုထမ်း ၃၈၁၆၃၆ ဦးတို့က တစ်ဦးချင်းအစုရှယ်ယာဝင်များအဖြစ်လည်းကောင်း၊ တိုင်းစစ်ဌာနချုပ်များ၊ တပ်မများ၊ တပ်ရင်းများ၊ တပ်ဖွဲ့များနှင့် စစ်မှုထမ်း ဟောင်းအဖွဲ့များ စသော အဖွဲ့အစည်း ၁၈၀၁ ခုက ရှယ်ယာဝင်များအဖြစ် ပိုင်ဆိုင်ကြောင်း ၊ အဖွဲ့အစည်းများက ပိုင်ဆိုင်သော ရှယ်ယာများမှာ ဦးပိုင်ကုမ္ပဏီရှယ်ယာစုစုပေါင်း၏ သုံးပုံ တစ်ပုံခန့်ရှိကြောင်း ဖော်ပြထားသည်။

အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ပေးခဲ့

ဦးပိုင်ကုမ္ပဏီက ၁၉၉၀ ခုနှစ် ၂၀၁၁ ခုနှစ်အတွင်း အစုရှယ်ယာဝင်များထံ ပေးအပ်ခဲ့သော အမြတ်ငွေ စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၁၀၈ ဘီလီယံနီးပါး ( ၁၀၇၈၆၉၅၁၉၈၃၀) ဖြစ်ပြီး တရားဝင်ငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခန့်ဖြစ်ကြောင်း ယင်းပမာဏထဲမှ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံခန့်ညီမျှသော ကျပ် ၉၅ ဘီလီယံကို တပ်ရင်းတပ်ဖွဲ့များသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဦးသန်းရွှေမှစတင်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ

ဦးပိုင်ကုမ္ပဏီတွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ(ကြည်း-၆၇၁၁)၊ အငြိမ်းစားဒုဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး(ကြည်း-၇၈၇၅) တို့က ကျပ်သိန်း ၁၀၀ စီ ထည့်ဝင်ထားပြီး အမြတ်ငွေများ ပုံမှန်ရရှိလျက်ရှိသည်။ အလားတူ အငြိမ်းစားသမ္မတ ဦးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များ၊ အရာရှိကြီးများလည်း အစုရှယ်ယာများ ထည့်ဝင်ထားပြီး အမြတ်ငွေဝေစုများရရှိလျက်ရှိသည်ကို ဇယားနှင့်တကွ ဖော်ပြထားသည်။

လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှစတင်၍ တာဝန်ဆောင်ဆဲ တပ်မတော်အရာရှိကြီးများအားလုံးလည်း ဦးပိုင်၏အစုရှယ်ယာဝင်များအဖြစ် ပါဝင်လျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၀-၁၁ ခုနှစ်တွင် အစုရှယ်ယာ ငါးသန်းပိုင်ဆိုင်ထားပြီး အမြတ်ငွေများရရှိကြောင်း ဖော်ပြထားသည်။

စစ်တပ်ရင်းတပ်ဖွဲ့များက ဦးပိုင်မှရရှိသော အမြတ်ငွေများကို မည်သို့ သုံးစွဲသည်ဆိုသည်ကို အပြင်လူများသိနိုင်သော နည်းလမ်းမရှုကြောင်း၊ သို့ရာ တွင် ရရှိသော အမြတ်ငွေပမာဏနှင့် ပုံမှန်ရနေခြင်းကို ထောက်ချင့်၍ ယင်းငွေများမှာ စစ်ဆင်ရေးလုပ်ငန်းများအတွက် အထောက်အပံ့ပေးနေသည်ဟု ယူဆနိုင်စရာရှိကြောင်း အစီရင်ခံစာကဆိုသည်။

ဦးပိုင်နှင့်စီးပွားရေးမိတ်ဖက် ကုမ္ပဏီကြီး ၈ ခု

ဦးပိုင်၏ စီးပွားရေးမိတ်ဖက် ကုမ္ပဏီကြီး ၈ ခုရှိပြီး ၆ ခုမှာ နိုင်ငံခြားကုမ္ပဏီများ ဖြစ်ကာ ၂ ခုမှာ ပြည်တွင်းမှ ဖြစ်သည်။

၁- Ever Flow River Group Public Co., Ltd. (EFR) – စီးပွားရေးကဏ္ဍ အတော်များများတွင် လုပ်ငန်းခွဲများရှိသော မြန်မာကုမ္ပဏီတစ်ခုဖြစ်သည်။ EFR ကုမ္ပဏီသည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံထားသည်။ ယင်းလုပ်ငန်းကို EFR ကုမ္ပဏီနှင့် ဦးပိုင်လီိမိတက်၏ လက်ခွဲကုမ္ပဏီတစ်ခုတို့က ဖက်စပ်လုပ်ကိုင်လျက်ရှိကြောင်း၊

၂- KBZ ကမ္ဘောဇအုပ်စု – ၁၉၉၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ကမ္ဘောဇအုပ်စုသည် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံအတွင်းမှ အကြီးဆုံး စီးပွားရေးအုပ်စုကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဦးပိုင်သည် ကမ္ဘောဇအုပ်စုနှင့် ကျောက်စိမ်း၊ ပတ္တမြားတူးဖော်ရေးလုပ်ငန်းများတွင် ဖက်စပ်လုပ်ကိုင်လျက်ရှိကြောင်း၊

၃- Kirin- ဂျပန်နိုင်ငံမှ Kirin Holding သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်းကြီးများထဲမှ တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစတင်၍ ဦးပိုင်နှင့် ဖက်စပ် ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းနှစ်ခုမှာ မြန်မာနိုင်ငံတွင် တိုတက်လူကြိုက်များလာပြီး အကျိုးအမြတ်များသော ဘီယာစျေးကွက်၏ ၈၀ ရာခိုင်နှုန်းကို ရရှိသည်ထားကြောင်း၊

၄- INNO Group – ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်သော တောင်ကိုရီးယားကုမ္ပဏီ ဖြစ်ပြီး လွန်ခဲ့သော ၁၄ နှစ်မှစတင်၍ မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ လက်ရှိတွင် ကုမ္ပဏီ ၁၃ ခုဖွင့်လှစ်ထားပြီး ယင်းတို့အနက် ၃ ခုမှာ ဦးပိုင်က တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော ကုမ္ပဏီများဖြစ်ကြောင်း၊ ယင်းတို့မှာ အထည်ချုပ်စက်ရုံတစ်ခု၊ အိမ်ခြံမြေနှင့်သယ်ယူပို့ဆောင်ရေး စီမံကိန်းတစ်ခုနှင့် ဂေါက်ကွင်းနှင့် အပန်းဖြေစခန်းစီမံကိန်းတစ်ခုတို့ဖြစ်ကြောင်း

၅- Pan-Pacific – ၁၉၇၂ ခုနှစ်တွင် တည်ထောင်သော Pan-Pacific သည် တောင်ကိုရီးယားတွင် မှတ်ပုံတင်ထားသော အထည်ချုပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ချုပ်လုပ်ပြီး အထည်များကို ကမ္ဘာတဝန်းရှိ အဓိက ကုန်အမှတ်တံဆိပ် ထုတ်လုပ်သူများထံ တင်ပို့ရောင်းချနေသော လုပ်ငန်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် Pan-Pacific သည် ရန်ကုန်ရှိ အထည်ချုပ်လုပ်ငန်းတစ်ခု၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ရယူခဲ့ပြီး ကျန်ရှယ်ယာများမှာ ဦးပိုင်က ပိုင်ဆို​ကြောင်း၊

Pan-Pacific က အကြောင်းပြန်သော စာတွင် ဦးပိုင်လီမိတက်သည် ပြီးခဲ့သည့် ၃ နှစ်အတွင်း အမြတ်ငွေ ဒေါ်လာ ၇ သောင်းခွဲခန့် နှစ်စဉ်ရှရရှိနေခဲ့ကြောင်း၊ စက်ရုံတည်ဆောက်ထားသော မြေကို ဦးပိုင်က ပိုင်ဆိုင်သည့်အတွက် နှစ်စဉ် မြေငှားခပေးနေရကြောင်း ၊ ကျင့်ဝတ်ပိုင်းအရ တာဝန်ရှိမှုကို လက်ခံကျင်သုံးသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဦးပိုင်ထံမှ အချက်အလက်များ တောင်းခံခဲ့ရာတွင် မရခဲ့သည့်နောက်ပိုင်း ဦးပိုင်နှင့် ဆက်စပ်လုပ်ငန်းများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၂၀၂၀ စက်တင်ဘာလဆိုလျှင် ၎င်းတို့ ဖက်စပ်လုပ်ငန်းမှ ဦးပိုင် ပိုင်ဆိုင်သော ရှယ် ယာ များကို ပြန်လည် ရယူပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း

၆- POSCO တောင်ကိုရီးယားတွင် ၁၉၆၈ ခုနှစ်က တည်ထောင်ခဲ့သော POSCO ကုမ္ပဏီမှာ ကမ္ဘာ့အကြီးဆုံးသံမဏိထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း၊ POSCO သည် မြန်မာနိုင်ငံတွင် ဦးပိုင်နှင့် ဖက်စပ်လုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း၊

၇- RMH Singapore Pte သည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထား​သော ဘဏ္ဍာရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် တည်ထောင်သော ယခင် Rothmans Myanmar Holding Private Ltd အမည်ရသော Virginia Tabacco ကုမ္ပဏီကို ဦးပိုင်နှင့်ဖက်စပ်ပိုင်ဆိုင်သည်။ ယင်းကုမ္ပဏီမှာ ယခင်က ဗြိတိန်မှ နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်သည့် British American Tabacco က ၂၀၀၆ ခုနှစ် မြန်မာနိုင်ငံမှ ထွက်ခွာချိန်အထိ ပိုင်ဆိုင်ခဲ့သော လုပ်ငန်းဖြစ်ကြောင်း၊

၈- ဝမ်ပေါင်ကုမ္ပဏီ

ဝမ်ပေါင်မှာ တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီဖြစ်ပြီး ၂၀၁၁ ခုနှစ်မှစတင်၍ လက်ခွဲကုမ္ပဏီနှစ်ခုမှတဆင့် ဦးပိုင်နှင့် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သည်။ ယင်းတို့မှာ မြန်မာယန်စီ ကြေးနီလီမိတက်နှင့် မြန်မာဝမ်ပေါင် သတ္တူတူးဖော်ရေးကုမ္ပဏီတို့ဖြစ်သည်။ စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပန်တောင်းတောင် စီမံကိန်းများ လုပ်ကိုင်လျက်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ဦးပိုင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ဆက်စပ်ပုံ

နိုင်ငံတွင်းတွင် နိုင်ငံတကာဥပဒေအရ ပြစ်မှုမြောက်ရာဇဝတ်မှုများနှင့် အခြားဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့၊ ဆက်လက်ကျူးလွန်ဆဲဖြစ်သော စစ်တပ်၊ တပ်ရင်း တပ်ဖွဲ့များသည် ဦးပိုင်ကုမ္ပဏီ၏ အစုရှယ်ယာဝင်များအဖြစ် ပါဝင်နေကြောင်း၊ ဦးပိုင်သည် ယင်းတပ်ရင်းတပ်ဖွဲ့များအား အမြတ်ငွေများကို ပုံမှန်ပေးအပ်နေခြင်းဖြင့် သိလျက်နှင့် ရန်ပုံငွေ ထောက်ပံ့နေခြင်းမှာ ယင်းချိုးဖောက်မှုများကို ဖြစ်ပေါ်အောင် အားပေးရာ ရောက်နေကြောင်း ဖော်ပြထားသည်။

ဦးပိုင်နှင့်ပတ်သက်၍ အစိုးရထံ အကြံပြုချက်

အစီရင်ခံစာ အဆုံးပိုင်းတွင် ဦးပိုင်နှင့်ပတ်သက်၍ အစိုးရထံသို့ အကြံပြုချက်များ ထည့်သွင်းထားပြီး ယင်းအကြံပြုချက်များတွင် အခြေခံဥပဒေ ပြင်ဆင်ရေးပါပါဝင်နေသည်ကို တွေ့ရှိရသည်။

စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားနိုင်ရန်၊ စစ်တပ်အသုံးစရိတ်အားလုံး ပါလီမန်က အတည်ပြုပေးနိုင်ရန် အခြေခံဥပဒေ၊ အခြားဥပဒေဆိုင်ရာ၊ မူဝါဒဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန်၊စစ်တပ်ကို မည်သည့်စီးပွားရေးလုပ်ငန်းမှ မလုပ်စေရန် ဦးပိုင်ကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ စစ်တပ်က ပိုင်ဆိုင်မှု မပြုနိုင်စေရန် တားမြစ်ရန် တို့မှာ အကြံပြုချက်အဖြစ် ပါဝင်နေသည်။

ပါလီမန်၏ ကြီးကြပ်မှုဖြင့် လွတ်လပ်သော ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတွင်ပါဝင်သော အစုရှယ်ယာရှင်များ၏ ကဏ္ဍကို စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်ကို ထုတ်ပြန်အသိပေးရန်၊ အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများ၊ စစ်တပ်နှင့် ဆက်စပ်နေသော အဖွဲ့ အစုရှယ်ယာဝင်များကို ဦးပိုင်ကုမ္ပဏီ ဒါရိုက်တာဖြစ်စေ အကြီးတန်းမန်နေဂျာဖြစ်စေ ရာထူးများမှ ဖယ်ရှားပြီး ယင်းရာထူးနေရာယူခြင်းကိုလည်း တားမြစ်ရန်ဦးပိုင်ကို ပါလီမန်ကြီးကြပ်မှုဖြင့် နိုင်ငံပိုင် သို့မဟုတ် အရပ်သားပိုင်ပြုလုပ်ရန် ကိုလည်း အကြံပြု တောင်းဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts