All News Local News Peace

အောင်သပြေကျေးရွာ ခေါင်းဆောင် ဦးရွှေအုန်းကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ထောင်ဒဏ် ၁နှစ် ထပ်မံချမှတ်

အောင်သပြေကျေးရွာ ခေါင်းဆောင် ဦးရွှေအုန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ထောင်ဒဏ် ၁နှစ် ထပ်မံချမှတ်

ရန်ကုန်၊ စက်တင်ဘာ ၂၂

မန္တလေးတိုင်း အောင်သပြေကျေးရွာတွင် အယ်ဖာဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းကြောင့် စက်ရုံတာဝန်ရှိသူများနှင့် ကျေးရွာသားများ ၂ဝ၁၉ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားသော အောင်သပြေကျေးရွာခေါင်းဆောင် ဦးရွေအုန်းကို ယနေ့ စက်တင်ဘာလ ၂၂ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်တရာရုံးက ပုဒ်မ ၅ဝ၅(ခ)အတွက် ထောင်ဒဏ် ၁နှစ်ချမှတ်ခဲ့ကြောင်း တရားမျှတရေး နှင့် အမှန်တရားပေါ်ပေါက်ရေးကော်မတီက ကိုစိုးမိုးနိုင်ကပြောဆိုသည်။

“ ဦးရွှေအုန်းကို စွဲဆိုထားတာတော့ ပုဒ်မတွေတော်တော်များတယ်။ အဲဒီပုဒ်မတွေထဲ အခုအမိန့်ချတာက ၅ဝ၅(ခ) ကိုအမိန့်ချတာ ထောင်ဒဏ် ၁နှစ်လို့ပဲသိရတယ်။ တရားခွင်ထဲကို အပြင်လူပေးမဝင်တော့ အသေးစိတ်အချက်အလက်တော့ ကျွန်တော်မသိသေးဘူး” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် ဦးရွှေအုန်းသည် မေလအတွင်းက ပုဒ်မ ၁၉ဖြင့် ထောင်ဒဏ် ၃လချမှတ်ခံထားရပြီး၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား သာမာန်ဒဏ်ရာရအောင် ပြုမှု)၊ ပုဒ်မ ၃၃၃ (ပြည်သူ့ဝန်ထမ်းအား ပြင်းထန်ဒဏ်ရာရအောင် ပြုမှု)၊ ပုဒ်မ ၄၃၆ (မီးရှို့မှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊ ပုဒ်မ ၄၄ဝ (နာကျင်စေမှု) စသည့် ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ကိုစိုးမိုးနိုင် ပြောကြားချက်အရသိရသည်။

အောင်သပြေကျေးရွာသား ၅ဦးဖြစ်သည့် ကိုနိုင်ထွန်းလင်း၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုမိုးလင်းနှင့် ကျော်ဇေယျတို့ကိုလည်း ပြီးခဲ့သည့် မတ်လ ၂ဝရက်နေ့က ပုသိမ်ကြီးမြို့နယ်တရားရုံးက ပုဒ်မ ၄၃၆/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်နှင့် ပုဒ်မ ၄၄၀/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၂နှစ် စုစုပေါင်းထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအတွင်းရှိ Alpha ဘိလပ်မြေစက်ရုံတွင် ၂ဝ၁၉ခုနှစ်အတွင်းကဖြစ်ပွားခဲ့ေသာ ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေးကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာသူ ကျေးရွာသားများနှင့် စက်ရုံအကြား ပဋိပက္ခဖြစ်ပွားရာမှ ရွာသူရွာသားအမြောက်အများဖမ်းဆီးခံခဲ့ရပြီး တစ်ရွာလုံးနီးပါးဖမ်းဝရမ်းထုတ်ခံထားရခြင်းဖြစ်သည်။

Photo Credit – စိုးမိုးနိုင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts