All News Health interview

“လက်လုပ်လက်စားများတော့ နေ့စဉ် ဝင်ငွေက မရှိတော့ စားဖို့ ခက်လာတာ။ အရပ်စကားနဲ့ပြောရင် ကြွက်တွေ့​ ကြွက်သတ်စား၊ မြွေတွေ့ မြွေဖမ်းပြီး စားရတာ။ သူတို့စားချင်တာမဟုတ်ဘဲနဲ့ ငတ်လို့ စားရတာမျိုးဖြစ်လာတယ်”

“လက်လုပ်လက်စားများတော့ နေ့စဉ် ဝင်ငွေက မရှိတော့ စားဖို့ ခက်လာတာ။ အရမ်းခက်နေတဲ့ ဆိုးနေတဲ့ နေရာတွေလည်းရှိတယ်။ အရပ်စကားနဲ့ပြောရင် ကြွက်တွေ့​ ကြွက်သတ်စား၊ မြွေတွေ့ မြွေဖမ်းပြီး စားရတာ။ သူတို့စားချင်တာမဟုတ်ဘဲနဲ့ ငတ်လို့ စားရတာမျိုးဖြစ်လာတယ်”

By ရန်ကုန်ခေတ်သစ်

လှိုင်သာယာအခြေစိုက် ဗေဒါလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဆရာကဲဇာနှင့် ဆက်သွယ်မေးမြန်းချက်

ရန်ကုန်တိုင်းတွင် ကိုကိုးကျွန်းမြို့နယ်မပါ ကျန် မြို့နယ် ၄၄ ခုတွင် ကိုဗစ်ရောဂါကူးစက်မှုများကြောင့် Stay at Home အမိန့်ထုတ်ပြန်ထားပြီး လူအသွားအလာများကို ကန့်သတ်လျက်ရှိသည်။ ထိုသို့ ကန့်သတ်မှုများကြောင့် ဝင်ငွေနည်းပြည်သူများ အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်တွင် စားရေးအတွက် အခက်အခဲ အကျပ်အတည်းများကြုံတွေ့နေရကြောင်း သိရှိရသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက လှိုင်သာယာယာမြို့နယ်အခြေစိုက် ကျူးကျော်များနှင့် ဆင်းရဲသား အခြေခံလူတန်းစားများကို ကူညီပေးနေသည့် ဗေဒါလူမှုဖွံ့ဖြိုရေးအဖွဲ့မှ ဆရာကဲဇာကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကိုဗစ်ကာလ Stay at Home အမိန့်ထုတ်ထားတော့ လှိုင်သာယာဘက်က ကျူးကျော်တွေနဲ့ အခြေခံလူတန်းစားတွေတွေရဲ့ ဘ၀ အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အခုခက်ခဲနေတာက သူတို့အလုပ်အကိုင်အခွင့်အလမ်းပေါ့။ နှစ်ခုရှိတယ်။ တချို့ စက်ရုံအလုပ်သမားတွေရှိတယ်။ စက်ရုံတွေက ပိတ်ထားရတယ်။ ဒါပေမယ့် သူတို့ လစာရမှာလား၊ မရမှာလားကလည်း သိပ်မသေချာသေးဘူး။ နောက်တစ်ခုက လက်လုပ်လက်စားများတယ်။ ဈေးရောင်းတဲ့သူတွေရှိမယ်။ ဆိုင်ကယ် ကယ်ရီဆွဲတဲ့သူတွေရှိတယ်။ အခုက တော်တော်ခက်နေတယ်။

လမ်းထဲမှာ ထွက်ရင်တောင် ထွက်လို့မရဘူးဖြစ်နေတယ်။ Lock Down လို့ပြောရင်…။ ဟိုတစ်ခေါက်ကတည်းက ကိုယ့်မင်းကိုယ်ချင်းတွေ ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်နေတယ်။ တော်တော်များများ ကတော့ စားဖို့က ခက်နေတယ်။

မေး။ ။ ဘယ်လိုခက်တာလဲ။

ဖြေ။ ။ လက်လုပ်လက်စားများတော့ နေ့စဉ် ဝင်ငွေက မရှိတော့ စားဖို့ ခက်လာတာ။ အရမ်းခက်နေတဲ့ ဆိုးနေတဲ့ နေရာတွေလည်းရှိတယ်။ အရပ်စကားနဲ့ပြောရင် ကြက်တွေ့ ကြက်သတ်စား၊ မြွေတွေ့ မြွေဖမ်းပြီးစားရတာ။ သူတို့စားချင်တာမဟုတ်ဘဲနဲ့ ငတ်လို့ စားရတာမျိုးဖြစ်လာတယ်။

မေး။ ။ အစိုးရက ၂ သောင်းပေးတာ၊ စားနပ်ရိက္ခာဝေတာတွေ ပထမအခေါက်တုန်းက လုပ်တုန်းကရော မရဘူးလား။ အခုရော မရဘူးလား။

ဖြေ။ ။ ရတဲ့ လမ်းတွေ ရတယ်။ မရတဲ့လမ်းတွေလည်း မရဘူး။ လမ်းက အုပ်ချုပ်ရေးမှူးနဲ့ဆိုင်တယ်။ ပြောရဲဆိုရဲရှိတဲ့ လမ်းတွေ၊ အရေးဆိုရဲတဲ့ လမ်းတွေက ရတယ်။ မပြောရဲ မဆိုရဲတဲ့ လမ်းတွေက မရဘူးဖြစ်နေတယ်။ လမ်းအလိုက်တောင်မှ သိပ်ဆင်းရဲတောင်မှ မရဘူး။ တချို့တွေက စီးပွားရေး အဆင်ပြေမယ့်လည်း အစိုးရပေးတာ ရတယ်။ အဲလိုတွေတော့ဖြစ်နေတယ်။ လမ်းလူကြီးကောင်းရင် သွားပြီး တောင်းဆိုရဲရင် ရတယ်။

လမ်းအလိုက် အဲလို ပြောရဲဆိုရဲတဲ့သူရှိသူသလို မိသားစုအလိုက် မပြောရဲ မဆိုရဲတဲ့သူလည်းရှိတယ်။ တစ်လမ်းတည်းမှာပဲကို ဆင်းရဲတာချင်းအတူတူ မရတဲ့သူတွေလည်း အများကြီးရှိတယ်။ ပြီးတော့ နည်းလမ်းတွေက ရှုပ်ထွေးတယ်။ ရှင်းရှင်းလင်းလင်းမရှိဘူး။ ဥပမာ- ဆိုင်ကယ်ရှိတယ်။ ဆိုင်ကယ် ကယ်ရီ ဆွဲတယ်။ အဲဒါဆို မပေးဘူး။ ဈေးဆိုင် ရှိတယ်။ ဈေးရောင်းတယ်။ မပေးဘူး။

မေး။ ။ အဲဒီလို အခုလက်ရှိမှာ စားဖို့ခက်နေတဲ့ လူဦးရေက ခန့်မှန်းခြေဆိုရင် ဘယ်လောက် ရှိနိုင်မလဲ။

ဖြေ။ ။ အဲဒီလိုမျိုးတော့ ပြောရခက်ပါတယ်။ ခန့်မှန်းခြေဆိုရင် သိန်းနဲ့ချီရှိပါတယ်။ မိသားစုအလိုက်ပြောမယ်ဆိုရင်။ အစိုးရစာရင်းဇယားအရ ကျူးကျော်က( ဒါတောင်မှ စာရင်းထဲမှာ ပါလား မပါလားဆိုတာက တစ်ခုရှိသေးတယ်) ၁ သိန်းခွဲလောက်ရှိတယ်လို့ အစောပိုင်းက ဟာပေါ့။ အဲဒါက ကျူးပေါ့။ ဒါပေမယ့် ရပ်ကွက်တွေထဲမှာလည်း ဆင်းရဲတဲ့ သူကအများကြီးရှိတယ်။ အဆောင်မှာနေတဲ့သူတွေ။ အခြေခံလက်လုပ်လက်စားတွေကတော့ အများကြီး ဒုက္ခရောက်တာမျိုးရှိနိုင်ပါတယ်။ ခက်နေတဲ့သူက အများကြီးရှိပါတယ်။

ဆိုင်ကယ်ရီဆွဲတဲ့သူပေါ့။ သူတို့က ရပ်ကွက်ထဲမှာနေတယ်။ အိမ်ငှား၊ အဆောင်ငှားနေတယ်။ အခုဆို ဘယ်သူမှ အပြင်မထွက်တော့ သူတို့ ထိခိုက်တယ်။ အဲဒီတော့ ဆိုင်ကယ်ရှိတဲ့ အိမ်ကို မပေးဘူးဆိုတော့ ပထမ တစ်ခေါက်၊ ဒုတိယခေါက်မှာ (အစိုးရထောက်ပံ့မှု) မပေးခဲ့ဘူး။ အဲဒီလူတွေဆိုရင် ခက်နေပြီ။ လူတွေက အပြင်မထွက်ရဲတော့ သူတို့လည်း စားဖို့ ခက်သွားပြီလေ။

နောက်တစ်ခါ ဈေးတွေမှာလည်း ဈေးသည်တွေက ဝယ်မယ့်သူ နည်းလာတယ်။ ဈေးသည်တွေကလည်းရှိသမျှကို ချပြီးရောင်းလာတယ်။ အဲဒါလည်း စိတ်ဝင်စားစရာပေါ့။ ဈေးက ဖွင့်တယ်။ ဝယ်မယ့်သူမရှိဘူး။ Lock Down ချတာကလည်း နည်းလမ်းတစ်ခုဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် Plan ရှိရမယ်။ Lock Down ချလို့ရှိရင် ခက်ခဲမယ့်သူတွေအတွက် ဘာတွေ ပြင်ဆင်ထားလဲ။ သူက ချဆိုချလိုက်တာပဲ။ ပိတ်ဆို ပိတ်လိုက်တာပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts