All News Election interview Peace

“ရိုဟင်ဂျာ မရှိ” ဟု မဲဆွယ်မှု ဥပဒေနှင့်ညီဟု လသာအမတ်လောင်း ခုခံပြောဆို၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က မသိ၍ စုံစမ်းနေရ၊ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြင်းထန်စွာ ဝေဖန်

“ရိုဟင်ဂျာ မရှိ” ဟု မဲဆွယ်မှု ဥပဒေနှင့်ညီဟု လသာအမတ်လောင်း ခုခံပြောဆို၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က မသိ၍ စုံစမ်းနေရ၊ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြင်းထန်စွာ ဝေဖန်

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ်က သူ၏ မဲဆွယ်ဆိုင်းဘုတ် ပိုစတာများတွင် ရိုဟင်ဂျာမရှိ ဆိုသော စကားရပ်ဖြင့် မဲဆွယ်နေရာ ယင်းမဲဆွယ်မှုသည် ပြဋ္ဌာန်းထားသော တရားဥပဒေနှင့်အညီဖြစ်ကြောင်း ခုခံပြောဆိုသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်ကမူ လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ်က သူ၏ မဲဆွယ်ဆိုင်းဘုတ် ပိုစတာများတွင် ရိုဟင်ဂျာမရှိ ဆိုသော စကားရပ်ဖြင့် မဲဆွယ်ဆိုင်းဘုတ် ထောင်ထားမှုကို ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခြင်းမရှိ၍ စုံစမ်းနေရဟု ပြောဆိုသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများကမူ အမုန်းတရားဖြင့် မဲဆွယ်မှုအဖြစ် မှတ်ချက်ပြုပြီး ယင်းသို့ မဲဆွယ်ခြင်းကို ခွင့်မပြုသင့်ဟု ဝေဖန်ကြသည်။

ဦးဝင်းနိုင် (အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး

အတွင်းရေးမှူး)

ဗီနိုင်းတွေထောင်တာက နမူနာတို့ဘာတို့က ကျွန်တော်တို့ဆီ သူတို့မတင်ဘူး။ အဲတာက စည်ပင်ကခွင့်ပြုလိုက်တဲ့အတွက်​ကြောင့် စည်ပင်ကို တစ်ချက်မေးကြည့်ပါ။ မှန်တယ်မှန်တယ် (ကိုယ်စားလှယ်လောင်းက ဗီနိုင်းထောင်တာ ကော်မရှင်နဲ့ပတ်သက်မှုရှိတာ)။ စာသားတို့ဘာတို့က ကျွန်တော်တို့ဆီကို မတင်ပြဘူး။ အဲဒါကတော့ တခြားပါတီကနေ သူတို့ဟာသူတို့ အော်ချက်လုပ်မှပဲ ကျွန်တော်တို့ကသိရမှာလေ။ အခု အကိုတို့ပြောလို့သာသိတာ ကျွန်တော်မသိဘူးလေ။

အဲတော့ သူကဆိုင်းဘုတ်ထောင်ပြီ ဆိုရင် ဒီဆိုင်းဘုတ်စာသားတို့ ဘာတို့ ကျွန်တော်တို့ဆီ မတင်ဘူး။ သူ့ဟာသူ စည်ပင်ကပဲနေရာပေးတာ တစ်ချက်လောက်စည်ပင် မေးကြည့်ပါ။ ကျွန်တော် ကိုယ်စားလှယ်လောင်းကို တစ်ချက်လောက် မေးကြည့်ပါဦးမယ်။ ကျွန်တော် စာသားအနေ အထားလေး မေးကြည့်လိုက်ပါ့မယ်။

ဦးကျော်စိုးထွဋ် (လသာမြို့နယ် တသီးပုဂ္ဂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)

ကျွန်တော်က ဒီစာသားတွေကို ဒီရွေးကောက်ပွဲ ကြော်ငြာထဲကို မထည့်ခင်မှာ ကျွန်တော်တရားလွှတ်တော်ရှေ့နေကိုငှားတယ်။ တရားလွှတ်တော်ရှေ့နေခ ကိုလည်း ရွေးကောက်ပွဲ ကုန်ကျစရိတ်မှာထည့်မှာ အဲတာငှားတဲ့အချိန်မှာ သူ့ကို ကျွန်တော် ၄ရက်လောက်ပေးထားတယ်။ အဲစာသားတွေကို သူကအားလုံးကို တရားဝင်တယ်။ စာသားမှန်သမျှ ငြိတာမရှိဘူး။ ရွေးကောက်ပွဲ ဥပဒေနဲ့လည်း မငြိဘူး။ တခြားအပြင် ဥပဒေနဲ့လည်း မငြိဘူးဆိုပြီးတော့ ကျွန်တော့်ကိုပြောတယ်။

ပြောတော့ အဲတာနဲ့ပဲ ကျွန်တော်ထည့်လိုက်တယ်။ တကယ်လည်း မငြိဘူးဆိုတာ ကျွန်တော်ယုံကြည်တယ်။ အဲလိုမျိုးပေါ့။ နံပါတ် ၁ပေါ့။ ဒါကတော့ ဒီလိုဖြစ်ပေါ်လာရတဲ့အကြောင်းကိုေြပာတာပေါ့။ နောက်တစ်ခုက ဒီရိုဟင်ဂျာမရှိဆိုတာက ကျွန်တော်တစ်ယောက်တည်း ပြောတာမဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန်ဟောင်းပေါ့။ အဲတာလည်း သူပြောတယ်။ သမ္မတကြီးဟောင်း ဦးသိန်းစိန်လည်းပြောတယ်။ နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂမှာ ရိုဟင်ဂျာလို့ ပြောတဲ့အတွက် ထပြန်လာဖူးတယ်။

နှစ်ခါ တတိယတစ်ခါက ကာကွယ်ရေးဦးစီးချုပ်လည်းပြောတယ်။ စတုတ္ထက တပ်မတော် သတင်းမှန်ပြန်ကြားရေးကလည်း ပြောတယ်။ ရိုဟင်ဂျာမရှိဘူးဆိုပြီးတော့ ဒါထင်ရှားတဲ့ သာဓက ၄ခုပေါ့။ ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ဥပဒေပေါ့။ ၁၃၅မျိုးရှိတယ်။ တိုင်းရင်းသားဆိုတဲ့ ၁၃၅မျိုးထဲမှာ ရိုဟင်ဂျာဆိုတာ ကျွန်တော်လှမ်းဖတ်သေးတယ်။ မပါဘူး။ မပါတဲ့အတွက် မြန်မာပြည်နဲ့ မဆိုင်ဘူး။ ပြီးတော့ ကမ္ဘာ့နိုင်ငံမှာ ပါလားဆိုပြီးတော့ ကျွန်တော်လိုက်ကြည့်တယ်။

ဘယ်နိုင်ငံမှ မပါသလောက်ဘဲ ကျွန်တော်မလေ့လာလို့လားတော့မသိဘူးပေါ့။ မရှိဘူး။ အဲတော့ ပြီးတော့ ကျွန်တော် ဘာသာရေးလုံးဝမပြောဘူးနော်။ လုံးဝမပါဘူး။ ဘာသာရေး ဗုဒ္ဓဘာသာလည်းမပါသလို ခရစ်ယာန်လည်း မပါဘူး။ ဘာမှမပါဘူး။ ဘယ်ဘာသာမှမပါဘူး။ ကျွန်တော့်စာ အစအဆုံးမှာ ဘာသာရေးကို လုံးဝမထည့်ဘူး။ အဲတာကျွန်တော် ဖြေရှင်းတာပေါ့။ ကျွန်တော်ဖြေရှင်းတာကလည်း ကျွန်တော့်ဆန္ဒအရပဲ ကျွန်တော့်ရဲ့ရွေးကောက်ပွဲ မဲဆွယ်တယ်ဆိုတာက မိမိရဲ့ နိုင်ငံရေးဆန္ဒကိုလွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ဒါရွေးကောက်ပွဲကာလမှာလေ။

ရွေးကောက်ပွဲရဲ့ အနှစ်သာရပဲလေ။ အဲတာကြောင့်မို့လို့ ကိုယ့်ဟာကို လွတ် လွတ် လပ်လပ် ဆန္ဒဖော်ထုတ်တာပေါ့။ အဲသဘောပါပဲ။ နောက်ပြီးတော့ ကျွန်တော်က သောင်းခြောက်ထောင့်ငါးရာမှာပဲ ကျွန်တော်ကပြိုင်ရမှာလေ။ ကျန်တဲ့နေရာတွေ ကျွန်တော်နဲ့ မဆိုင်ဘူး။

ကျွန်တော် Online ပေါ်ဘယ်လိုရောက်သွားလည်းဆိုတာလဲ ကျွန်တော်လည်းမတင်ဘူး။ ကျွန်တော်လည်း Facebook ကနေ့ကမှ ပျက်သွားလို့ ပြန်ဖွင့်ထားတယ်။ ကျွန်တော် အသည်း အသန် Facebook ပြန်ဖွင့်နေတယ်။ Facebook တွေပျက်လို့ မနေ့ကမှ ပြန်ဖွင့်ထားတယ်။ ဒါတောင်ရချင်မှ ရချင်မှတောင်ရမယ်။ အခုတောင် Facebook ကတောင်ကြော်ငြာမလား ဘယ်လိုလုပ်ရမလဲတောင် မသိဘူးဖြစ်နေတာကို ခက်ခဲနေတယ်။ ကျွန်တော်တို့လည်း လမ်းပေါ်ထွက် ကြေညာဖို့ကလည်း ခက်ခဲနေတယ်။

ဒါက လူမျိုးမှမဟုတ်တာ လူမျိုးမှာ မဟုတ်တာ ၁၃၅ မျိုးမှာ ပါလို့လား။ ပါမှမပါကို ကျွန်တော်လည်း အစအဆုံးဖတ်ပြီးသွားပြီပဲ။ ပါမှမပါတာဘဲ ကျွန်တော်ခုန ကပြောပါတယ်။ ပါမှမပါတာဘဲ မပါဘဲနဲ့ ပါတယ်ဆိုပြီး လျှောက်ပြီးတော့ ပါသယောင်ယောင် လျှောက်ပြောနေတယ်ဆိုရင် ဥပဒေ ဖောက်ဖျက်တဲ့ လူတန်းစားတွေပေါ့။

နောက်တစ်ခုက ကျွန်တော်က လေတိုက်တာလည်းမကြောက်ပါဘူး။ လေတိုက်ချင်သလောက်တိုက်ပေါ့။ လေတွေကတော့ မတရားတိုက်တာဘဲ ပြီးတော့ Online မှာ အရမ်းဆဲတယ်။ မတအားဆဲတာလူတွေက မိုက်ရိုင်းလွန်းအားကြီးတယ်။ အများကြီးပဲ ကျွန်တော်လည်း အရှင်းဆုံးပြောရရင် Facebook တောင်မသုံးတာ ဟိုတုန်းကဖွင့်ထားတာ Facebook ကို အဲလို။

ကော်မရှင်က ဘာမှမပြောပါဘူး။ မပြောဘူး။ ဥပဒေနဲ့ညီတယ်လေ။ ကျွန်တော်သူ့ကို စာအုပ် ၅အုပ်ပေးထားတယ်လေ။ ၅အုပ်ပေးထားတယ်ဆိုတာ အနောက်ပိုင်းကို ၅အုပ်ပေးထားတယ်။ မြို့နယ်ကို ၅အုပ်ပေးထားတယ်။ ကျွန်တော် အဲမှာဘာအမှားပါလို့လဲ တရားလွှတ်တော်ရှေ့နေတောင်မှာ ကျွန်တော်ရှင်းရှင်းပြောရရင် တကယ်ကျွန်တော့်ကိုလာပြောရင် ကျွန်တော်ခေါ်ပေးမှာ ရှေ့နေနဲ့ ပြောခိုင်းမှာ ငြိမှ မငြိတာ ဥပဒေနဲ့ အညီလုပ်နေတဲ့ကိစ္စပဲ လေတိုက်တာတွေကတော့ တစ်ခုခုတွေ့ရင် လေတိုက်နေတာကြီးပဲ ရန်ဖြစ်တာလည်း လေတိုက်တာပဲ ကျွန်တော်ကတော့ ထားလိုက်ပါ ကျွန်တော် တသီးပုဂ္ဂလကျတော့လည်း သိတဲ့အတိုင်းပဲ ကိုယ့်ယူဆချက်နဲ့ ကိုယ်ပေါ့။

ဦးအောင်မျိုးမင်း ( ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ)

ကျွန်တော်တို့က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မူ၊ စည်းကမ်းထဲမှာ ဒီလိုမျိုးအမုန်းတရား ပြန့်ပွား ​အောင် နောက်တစ်ခါ တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားမှုကို အန္တရာယ်ဖြစ်စေနိုင်မယ့် ကိစ္စမျိုးမရှိဖို့ သူတို့တားဆီးထားပါတယ်။ သူ့ဟာသူ ပါတီပဲ ကိုယ်စားပြုပြု တစ်ဦးချင်းကိုပဲ ကိုယ်စားပြုပြု ဒီလိုမျိုး လူမျိုး သို့မဟုတ် အုပ်စု တစ်စုကို တပ်ပြီးတော့ ပြောကြားမှုကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့လည်း မကိုက်ညီဘူး။

နောက်တစ်ခါ ဒါမျိုးကိစ္စတွေက ကျွန်တော်တို့ တိုင်းပြည်မှာလို မတူကွဲပြားမှုတွေရှိနေတဲ့ ပတ်ဝန်းကျင်မှာ တစ်ယောက်နဲ့တစ်ယောက် နားမလည်မှု ပိုပြီးတော့ အမုန်းတရားကို ဖန်းတီးမှုတွေ ပိုပြီးတော့ ဖြစ်ပွားနိုင်ပါတယ်။ အဲတော့ ဒီဟာတစ်ခုကို ဒါမျိုးပုံစံမျိုးနဲ့ မဲမဆွယ်သင့်ဘူး။ နောက်တစ်ခါမှာ ဒါမျိုးပုံစံမျိုးနဲ့လည်း ရပ်တည်သော တသီးပုဂ္ဂလပဲဖြစ်ဖြစ် နောက်တစ်ခါ ပါတီကိုပဲဖြစ်ဖြစ် ဒါမျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။

ဒီဟာက တသီးပုဂ္ဂလ ကိုယ်စားလောင်းတစ်ယောက်က ပြောကြားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာ ပြောနေတဲ့ Genocide တို့ ဘာတို့ဆိုတဲ့ဟာက တစ်ခုကတော့ တကယ့်ကို စနစ်တကျ စီမံဆောင်ရွက်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်တဲ့ ပုံစံမျိုးကို ဦးတည်တာဖြစ်တဲ့အတွက် သိပ်တော့ တိုက်ရိုက်ကြီးတော့မဆိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်မှာ အခုလိုမျိုး လူမျိုးတစ်စု သို့မဟုတ် ကိုယ့်ကိုကိုယ် ဒီလိုမျိုး သတ်မှတ်ထားတဲ့ သူတွေပေါ်မှာ မုန်းတီးမှုရှိနေတယ် ဒါကြီးတစ်ခုက လူတွေရဲ့ကြားထဲမှာ အမုန်းတရားရှိနေတယ်ဆိုတဲ့အချက်ကိုတော့ သက်သေပြရာ ရောက်သွားနိုင်ပါတယ်။

ကျွန်တော်တို့ကတော့ လူတစ်ဦးတစ်ယောက်ရဲ့ ဝိသေသကို အခြေခံပြီးတော့ မဲဆွယ်တာလည်း ကျွန်တော်တို့ လက်မခံဘူး။ ဝိသေသနဲ့ ပတ်သက်ပြီးတော့ မုန်းတီးအောင် လှုံ့ဆော်ပြောဆိုတာလည်း ကျွန်တော်လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အားလုံးဟာ လူသားတွေပဲ ဖြစ်ပါတယ်။ လူသားတစ်ယောက်နဲ့ တစ်ယောက်မတူကွဲပြားမှုရှိတဲ့အေပါ်မှာ မတူကွဲပြားမှုကို အခြေခံပြီးတော့ လုပ်ဆောင်တဲ့ ပုံစံမျိုးက ကျွန်တော်တို့ သွားချင်သော ဒီမိုကရေစီ စနစ်နဲ့ ပတ်သက်ပြီးတော့ မကိုက်ညီပါဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း မဖြစ်သင့်တဲ့ အရာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒါကို လက်မခံပါဘူး။

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

အဲတာကတော့ ဒီအစိုးရရဲ့ ပေါ်လစီကို ဆန့်ကျင်တာတော့ မဟုတ်ဘူး။ မဟုတ်တာကြောင့်မို့လို့ သူ့ရဲ့ ဥပဒေအတွင်းကပြောတာပဲလေ။ အဲတာသဘောထားကတော့ ပြောပိုင်ခွင့်ရှိတယ်လေ။ သူကလည်း ရိုဟင်ဂျာရှိတယ်ဆိုတဲ့ သူတွေကလည်းပဲ ဆဲပေါ့။ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့သူတွေကလည်း ထောက်ခံကြပေါ့ကွာ။ မဲပေးချင်တဲ့ သူတွေကလည်း ပေးပေါ့ကွာ။

အဲတော့ အဲဒီဟာကတော့ တို့နိုင်ငံကချမှတ်ထားတဲ့ ပေါ်လစီနဲ့အညီ သူကပြောတာကို ရွေးကောက်ပွဲကော်မရှင်ကလည်း အဲလိုပြောတဲ့အတွက်ကြောင့်မို့လို့ သူ့ကိုတော့ တစ်စုံတစ်ရာ အရေးယူမှာ မဟုတ်ဘူး။ ဒီအစိုးရရဲ့ပေါ်လစီက ရိုဟင်ဂျာမရှိဘူးလို့ သတ်မှတ်ထားပြီးတော့ တရားဝင်ပဲ ကမ္ဘာသိ ကမ္ဘာခုံရုံးထိ လက်မခံတဲ့ ကိစ္စအပေါ်မှာပဲ သူကရပ်တည်တဲ့ အတွက်ကြောင့်မို့လို့ သူ့ကိုတရားစွဲလို့လည်းမရဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း အဲတာနဲ့ သူ့ကို အရေးယူလို့မရဘူး။ သူ အစိုးရချမှတ်ထားတဲ့ မူဝါဒ ဥပဒေအတွင်းက ပြောတာလေ။

ကိုမိုဃ်းသွေးက (Generation Wave)

လက်ရှိ UEC ရဲ့ စည်းမျဉ်းမှာလည်း လူမျိုး ဘာသာရေးကို ထိခိုက်ပြီးတော့ အသုံးချပြီးတော့ မဲဆွယ်တာ မပြုလုပ်ရဘူးဆိုပြီး ရှိတယ်ပေါ့။ လူမျိုးဘာသာ တစ်ခုပေါ်မှာ အမုန်းပွားစေတဲ့စကားတွေပြောပြီးတော့ မဲဆွယ်စည်းရုံးလို့မရဘူးပေါ့။ ဒါကရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေထဲမှာလည်းပါဝင်တယ်။ နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံမှာကိုပဲ လက်ရှိကြုံတွေ့ခဲ့ရတဲ့ကိစ္စပေါ့။ ပြီးခဲ့တဲ့ နှစ်တွေထဲမှာဆိုရင် ရိုဟင်ဂျာ ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ပဋိပက္ခတွေ အများကြီးဖြစ်ခဲ့တယ်။ သတ်ဖြတ်မှုတွေ အများကြီးဖြစ်ခဲ့တယ်။

နောက်ဆုံး Genocide ဆိုပြီးတော့မှ နိုင်ငံတကာသတ်မှတ်ပြီးတော့မှ တရးစွဲဆိုတာတွေ ထပ်ပြီးတော့ စွဲဆိုမှာတွေလည်းရှိသေးတယ်ပေါ့။ အဲမှာဆိုရင် အဓိကအားဖြင့် နိုင်ငံတကာကနေပြီးတော့ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) သတ်မှတ်တဲ့ အချက်တွေမှာဆိုရင် အဓိကပါတဲ့ဟာ ဘာလဲဆိုတော့ လူမျိုးတစ်မျိုးရဲ့ တည်ရှိမှုကိုမရှိပါဘူးဆိုပြီးတော့ ငြင်းပယ်တယ်။ Denied လုပ်တယ်ပေါ့။ လူမျိုးကို ပျောက်ပျက်သွားအောင် မရှိတော့အောင် ရှင်းလင်းဖယ်ရှားတယ်ဆိုတဲ့ဟာတွေပါတယ်။ အဲလိုမျိုး လုပ်ဖို့အတွက်ကို တွန်းအားပေးတာတွေ နှိုးဆော်တာတွေ မူဝါဒချမှတ်တာတွေ ဒါတွေဟာလည်း Genocide ရဲ့လက္ခဏာတွေထဲမှာပါတယ်ပေါ့။

Genocide ကျူးလွန်တဲ့လုပ်ရပ်ထဲမှာပါတယ်။ အခုလိုမျိုး ရိုဟင်ဂျာမရှိဆိုပြီးတော့မှ ဝါဒချမှတ်မယ်လို့ ဆိုင်းဘုတ်ထောင်ပြီး မဲဆွယ်တာသည်လည်းပဲ။ ပြောမယ်ဆိုရင် Genocide ကိုသွယ်ဝိုက်ပြီးဖြစ်စေ တိုက်ရိုက်ဖြစ်စေ။ ကျူးလွန်ရာရောက်တယ်လို့ ကျွန်တော်တော့မြင်တယ်ပေါ့။ အဲဟာကြောင့်ကိုပဲ နိုင်ငံတကာက တရားစွဲဆိုမှုတွေ လုပ်တဲ့အခါမှာ အဲလိုမျိုး ရေးသားမှုတွေ ပြောဆိုမှုတွေ ဝါဒဖြန့်ချီမှုတွေက အဓိက အကြောင်းအရာပါခဲ့တယ်ပေါ့။ ဥပမာပြောရရင် ၂ဝ၁၂ မှာစပြီးတော့ ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်တည်းက တောက်လျောက်လုံး အစိုးရအုပ်စုတွေပေါ့။ အမျိုးသားရေးဆိုတဲ့ အုပ်စုတွေ အဲအုပ်စုတွေကနေပြီးတော့ တောက်လျှောက်လိုင်းပေါ်တင်လာတာေပါ့။ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်လာခဲ့တယ်။

ရိုဟင်ဂျာ ဆိုတာမရှိဘူးဆိုတဲ့ဟာတွေ ခိုးဝင် ဘင်္ဂါလီဖြစ်တယ်ဆိုတဲ့ ဝါဒဖြန့်ချီတာတွေ လုပ်ခဲ့တယ်။ ဒါကိုနောက်ပိုင်းမှာ အစိုးရ ဌာနတွေကိုယ်တိုင်ကလည်း ဝက်ဆိုဒ်တွေမှာ သူတို့ရဲ့ထုတ်ပြန်တဲ့ ဂျာနယ်တွေ သတင်းစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ချီတာလုပ်ခဲ့တယ်။ အဲတာကြောင့်လည်းပဲ ဒါတွေဟာ နိုင်ငံတကာမှာ သက်သေအဖြစ် ဖြစ်လာခဲ့ရတယ်။ တကယ်တကယ်တမ်းမှာ ကျွန်တော်တို့က ရှိခြင်းမရှိခြင်းဆိုတဲ့ကိစ္စမှာ အနီးဆုံးသမိုင်းတွေကို ပြန်ကြည့်ရင်ကိုပဲ ဦးနု အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ကြီးတို့ကိုယ်တိုင် ဒီလူမျိုးတွေနဲ့ သွားပြီတော့ ဆွေးနွေးပြီတော့မှ ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ်ပြုလက်ခံခဲ့တာတွေရှိတယ်။

နောက်ပြီးတော့ တိုင်းရင်းသား ဘာသာအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာတွေရှိတယ်။ နောက်ပြီးတော့ တပ်မတော်က ထုတ်ဝေတဲ့ ဂျာနယ် မဂ္ဂဇင်းအဟောင်းတွေထဲမှာတောင်ဆိုရင်မှ ရိုဟင်ဂျာ တိုင်းရင်းသားလူမျိုးတွေဆိုတဲ့ စကားလုံး အသုံးအနှုန်းနဲ့ ရေးထားတာတောင်မှ ရှိခဲ့ပြီးသားဖြစ်တယ်ပေါ့။ တကယ့်တကယ်တမ်းမှာ ဒီလူမျိုးတွေရဲ့ လူမျိုးဖြစ်ခွင့်ပေါ့။ နိုင်ငံသား ဖြစ်ခွင့် သူတို့က ရရှိသင့်တဲ့အခွင့်အရေး စသဖြင့်ဒါတွေကို ကျွန်တော်တို့က အငြင်းပွားမယ်ဆိုရင်တောင်မှ သမိုင်းအချက်အလက်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေနဲ့ ငြင်းခုံဆွေးနွေးရမှာဖြစ်တယ်။

အဲတာမှ ဒါကဘယ်လိုပုံစံနဲ့ ရှိခဲ့တာလည်း ဘယ်လောက်အနေအထားထိ ရပိုင်ခွင့်တွေ ဘယ်လိုအနေအထားရှိလဲ။ စသဖြင့် ဒါတွေကိုဆွေးနွေးရမှာဖြစ်တယ်။ ဒီလိုမျိုး တစ်ဖက်သက် မရှိပါဘူးဆိုပြီးတော့ ဝါဒဖြန့်ချိခြင်းသည် ဘာကိုဖြစ်စေလဲဆိုတော့ နိုင်ငံထဲမှာရှိတဲ့ပြည်သူတွေ ရိုဟင်ဂျာလို့ သတ်မှတ်ထားတဲ့ လူထုအပေါ်ကို အမုန်းပွားစေတဲ့ အဲအမုန်းပွားမှုတွေကနေတစ်ဆင့် နောက်ဆက်တွဲ ဘာဖြစ်လာလည်းဆိုတော့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေကို အားပေးတာ ကိုယ်တိုင်ပါဝင်တာတာ စသဖြင့် ဒါတွေဖြစ်လာကျပြီးတော့မှ နောက်ဆုံးမှာ ဒီလူ သန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရတာမျိုးဖြစ်တာဖြစ်တယ်။

ဒီစကားလုံးတွေ ဒီလိုပုံစံတွေကို သုံးပြီးတော့မှ မဲဆွယ်စည်းရုံးတဲ့ခြင်းက အင်မတန်ကို အန္တရာယ်များတယ်။ အဲတာက ဒီလိုမျိုးမရှိပါဘူးလို့ ငြင်းပယ်ခံရတဲ့ ရိုဟင်ဂျာလူမျိုး အတွက်တင် အန္တရာယ်များတာ မဟုတ်ဘဲနဲ့ တိုင်းပြည်တစ်ခုလုံးအတွက်ကို အန္တရာယ်များတာဖြစ်တယ်။ ဒါကလည်းပဲ ကျွန်တော်တို့ ကြိုပြီပြောနေတာမဟုတ်တော့ဘူး။ အရင်တုန်းကတော့ ကြိုပြောခဲ့တယ်။ အခုတော့ သက်သေအထောက်ထားကိုရှိနေပြီ တကယ် အန္တရာယ်ရှိလားမရှိလားဆိုတာ ၂ဝ၁၇ ဖြစ်ခဲ့ပြီးနောက်ပိုင်း ICC ၊ ICJ တွေနဲ့ရင်ဆိုင်နေရတဲ့အနေအထားကိုက ဘယ်လောက်ထိ ကျွန်တော်တို့ တိုင်းပြည်အတွက် ထိခိုက်စေလည်းဆိုတာ သိသာထင်ရှားပြီးဖြစ်တယ်ပေါ့။

ဒီလိုမျိုး မဲဆွယ်စည်းရုံးခြင်းသည် လူမျိုးကိုပင် ဒုက္ခရောက်စေတာမဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို ဒုက္ခရောက်စေတာဖြစ်တယ်။ ဒီလိုမျိုး လူမျိုးတစ်မျိုးကို ငြင်းပယ်မှု လူမျိုး ဘာသာရေး ပဋိပက္ခတွေ လှုပ်ဆော်မှုတွေကြောင့်မို့ တိုင်းပြည်ရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးရေးတွေ အင်မတန်ထိခိုက်တယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်း သာယာမှုကိုလည်း အင်မတန်ထိခိုက်တယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကိုဖျက်စီးတာနဲ့ အတူတူပဲလို့ ကျွန်တော်တော့မြင်တယ်။ ဒါကြောင့်မို့လို့ UEC အပါအဝင် အစိုးရအနေနဲ့ ဒါမျိုးကိုလုံးဝတားမြစ်သင့်တယ်။ မတားမြစ်ဘူးဆိုရင်ကိုပဲ အဲဒီဟာက ပြစ်မှုကို ပါဝင်ကျူးလွန်ရာရောက်နေတယ်။

ကျွန်တော်တို့က ဒါကိုအတိအလင်း ကန့်ကွက်ရှုတ်ချပါတယ်။ ဒါမျိုးကို လုံးဝလက်မခံပါဘူး။ ဘယ်သူကလုပ်လုပ် ကျွန်တော်တို့ လက်မခံဘူး။ ဒါကို အရပ် သားပြည်သူတွေကပဲ လုပ်လုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကပဲ လုပ်လုပ် နောက်ပြီး အစိုးရတို့ တပ်မတော်တို့ ဘယ်သူကပဲလုပ်လုပ် ဒါမျိုးတွေ ကျွန်တော်တို့ လက်မခံပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts