Local News Peace political news

ရိုဟင်ဂျာများကို မုဒိမ်းကျင့်၊ သတ်ဖြတ်ဟု ဝန်ခံသော တပ်မတော်သား ၂ ဦး AA ထံမှတစ်ဆင့် ICC တရားရုံးတွင် သက်သေထွက်နိုင်ရန် ရောက်ရှိဟုဆို

ရိုဟင်ဂျာများကို မုဒိမ်းကျင့်၊ သတ်ဖြတ်ဟု ဝန်ခံသော တပ်မတော်သား ၂ ဦး AA ထံမှတစ်ဆင့် နယ်သာလန် ICC တရားရုံးတွင် သက်သေထွက်နိုင်ရန် ရောက်ရှိဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကာလ မွတ်စလင်(ရိုဟင်ဂျာ)များကို သတ်ဖြတ်ခဲ့သည်ဟုဝန်ခံထားသော တပ်မတော်သား ၂ ဦး AA ထံမှတစ်ဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တရားရုံးသို့ သက်သေထွက်ဆိုနိုင်ရန် ရောက်ရှိနေပြီဖြစ်ကြောင်း ရိုက်တာ၊ နယူးယောက်တိုင်းမ်၊ ကနေဒါ CBC သတင်းဌာန ၃ ခု၏ သတင်းရေးသားချက်နှင့် Fortify Rights လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၆၅ မှ (တ-၅၂၂၃၁၁ ) တပ်သားမျိုးမင်းထွန်း နှင့် ရခိုင်အခြေစိုက် ခမရ ၃၅၃ မှ တပ်သား ဇော်နိုင်ထွန်း တို့သည် AA ထံတွင် ထိန်းသိမ်းခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် နယ်သာလန်နိုင်ငံ၊ The Hague ရှိ နိုင်ငံတကာရာဇဝတ်တရားရုံးICC ထံသို့ ရောက်ရှိပြီး သက်သေထွက်ဆိုနိုင်ဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။

ICC တရားရုံး၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ တပ်မတော်သား ၂ ဦး ရောက်ရှိပြီး ICC ၏ ထိန်းသိမ်းမှုအောက်တွင်ရှိနေသည်ဆိုသော သတင်းကို ငြင်းဆိုသည်။

“မဟုတ်ပါဘူး။ ဒီသတင်းတွေက မမှန်ပါဘူး။ ကျနော်တို့ ဆီမှာ အဲဒီလို ထိန်းသိမ်းထားတဲ့ သူ ၂ ဦးရှိနေတယ်ဆိုတာ မဟုတ်ပါဘူး” ဟု ICC ပြောခွင့်ရ Fadi el Abdallahက ရိုက်တာသတင်းဌာနသို့ ပြောဆိုသည်။

မြန်မာနိုင်ငံကို ICC တရားရုံးတွင် တရားစွဲဆိုခဲ့သူ ကနေဒါရှေ့နေ Payam Akhavan ကမူ တပ်မတော်သား ၂ ဦးသည် ဘင်္ဂလားဒေ့ရှ်တွင် မရှိတော့ကြောင်း၊ နယ်စပ်တွင် ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကာကွယ်မှု ရရှိရန် မေတ္တာရပ်ခံခဲ့ကြောင်း၊၂၀၁၇ ရိုဟင်ဂျာများကို သတ်ဖြတ်မှုနှင့်မုဒိမ်းကျင့်မှုများကို ဝန်ခံခဲ့ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

ရခိုင်တပ်တော်AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက တပ်မတော်သား ၂ ဦးသည် တပ်မတော်မှ ထွက်ပြေးလာခြင်းဖြစ်ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်း မဟုတ်ကြောင်း၊ ယင်းတပ်မတော်သား ၂ ဦး မည်သည့်နေရာတွင် ရှိနေသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မြန်မာတပ်မတော်၏ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပေါ်ပေါက်ရေး ဆောင်ရွက်ရန် တပ်သား ၂ ဦးက ဆုံးဖြတ်ထားသည်ဟု ဆိုသည်။

နယူးယောက်တိုင်းမ်၏ ရေးသားဖော်ပြချက်တွင်မူ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင်ဖြစ်ပွားခဲ့သော နယ်မြေရှင်းလင်းရေးတွင် တပ်မတော်တပ်ရင်း ၃၅၃ နှင့် ၅၆၅ တို့က ဘူးသီးတောင်နှင့် မောင်တော်တို့တွင် အဓိက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ၊ ဗိုလ်မှူးသန်းထိုက်၊ ဗိုလ်ကြီးထွန်းထွန်း၊ တပ်ကြပ် အောင်ဆန်းဦးတို့က ရိုဟင်ဂျာများကို ရှင်းလင်းရန် ၎င်းကို အမိန့်ပေးခဲ့ကြောင်း တပ်သား မျိုးမင်းထွန်းက ဝန်ခံပြောဆိုထားကြောင်း ဖော်ပြထားသည်။

တပ်သားမျိုးမင်းထွန်းက မြင်မြင်သမျှ မွတ်စလင်ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ်ခဲ့ရပြီး မြေမြှပ်ရန်လည်း ကျင်းတူးခဲ့ရသည်ဟုဆိုထားသည်။

“ကျနော်တို့ တွေ့တဲ့သူတိုင်းကို ပစ်တာပါပဲ။ မွတ်စလင်အမျိုးသားတွေကို ခေါင်းတွေကို ပစ်ပြီးတော့ အလောင်းတွေကို ကျင်းထဲကို ကန်ချခဲ့တယ်” ဟု တပ်သားမျိုးမင်းထွန်းက ဗီဒီယိုထွက်ဆိုချက်တွင် ပြောဆိုထားသည်။

တပ်သားမျိုးမင်းထွန်းက အမျိုးသမီးတစ်ဦးကိုလည်း မုဒိမ်းကျင့်ခဲ့ကြောင်း ဝန်ခံသည်။

တပ်သားမျိုးမင်းထွန်းက တောင်ဘဇာကျေးရွာမှ ကလေးငယ်များ အပါအဝင် ရိုဟင်ဂျာ အမျိုးသား အမျိုးသမီး ၃၀ ထက်မနည်းကို သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ကြောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ တခြား ကျေးရွာများမှ အရပ်သား ၆၀ မှ ၇၀ ခန့်အထိ သတ်ဖြတ်ရာတွင်လည်း ပါဝင်ခဲ့ရကြောင်း ဝန်ခံထားသည်။

တပ်သားဇော်နိုင်ထွန်းကမူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် မောင်တောမြို့နယ်ရှိ ကျေးရွာ ၂၀ခန့်မှ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၈၀ ခန့်ကို သတ်ဖြတ်ပြီး အလောင်းများကို မြေမြှုပ်ဖျောက်ဖျက်ရာတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံထားသည်။

အဆိုပါသတ်ဖြတ်မှုများကိုသူ၏တပ်ရင်းမှူးဒုဗိုလ်မှူးကြီးမျိုးမြင့်အောင်ကခိုင်းစေခဲ့ကြောင်း၊ ARSA ဟုသံသယရှိသောရွာသား ၁၀ ဦး အားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဗိုလ်ကြီး၏အမိန့်အရ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း၊ တပ်ကြပ်ကြီးတစ် ဦး နှင့်တပ်ကြပ်တစ် ဦး သည်ရိုဟင်ဂျာအမျိုးသမီးသုံး ဦး ကိုမုဒိမ်းကျင့်မှုကိုလည်း ကိုယ်တိုင်မျက်မြင် တွေ့ခဲ့ရကြောင်း၊ ကိုယ်တိုင်တော့ မုဒိမ်းမှုကျူးလွန်ခြင်းမရှိကြောင်း တပ်သား ဇော်နိုင်ထွန်းက ပြောဆိုသည်။

“ ကျနော်ဈေးထဲ ၀ င်ပြီး သော့ခတ်ထားတဲ့တံခါးတွေကိုဖြိုဖျက်ပြီး ပိုက်ဆံ၊ ရွှေ၊ အဝတ်အထည်၊ အစားအစာနဲ့မိုဘိုင်းလ်ဖုန်းတွေ ယူခဲ့ပါတယ်” ဟု တပ်သားဇော်နိုင်ထွန်းက ပြောဆိုကြောင်း သိရှိရသည်။

တပ်မတော်သားနှစ်ဦးလုံးကအထက်အရာရှိများက တွေ့ရှိသမျှ ရိုဟင်ဂျာမွတ်စလင်များ အားလုံးကို ပစ်သတ်ရန် အမိန့်ပေးခဲ့သည်ဟုလည်း ပြောဆို ဝန်ခံထားသည်။

ရိုက်တာသတင်းဌာန၊ နယူးယောက်တိုင်းမ်သတင်းဌာန၊ ကနေဒါ CBC သတင်းဌာနများ၏ သတင်းရေးသားဖော်ပြမှုများနှင့်ပတ်သက်ပြီး တပ်မတော်နှင့် မြန်မာအစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်ရှင်းလင်းခြင်း ယခုအချိန်အထိ မရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts