All News Local News Peace

ရသေ့တောင်မှ အမျိုးသမီးကို မုဒိမ်းကျင့်သူ တပ်မတော်သား ၃ ဦးကို စစ်ခုံ ရုံး ဖြင့် တရားစီရင်မည်ဟု တပ်မတော်သတင်းထုတ်ပြန်

ရသေ့တောင်မှ အမျိုးသမီးကို မုဒိမ်းကျင့်သူ တပ်မတော်သား ၃ ဦးကို စစ်ခုံရုံးဖြင့် တရားစီရင်မည်ဟု တပ်မတော်သတင်းထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရသေ့တောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးကို စစ်ခုံရုံးဖြင့် တရားစီရမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်ကြောင်းတစ်ခုသည် ဇွန်လ ၃၀ ရက်တွင် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာအနီး အခြေပြုရာမှ ဦးဂါကျေးရွာနေဒေါ်—- စစ်သည် ၃ ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေါ်—–က စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရသည့် နယ်မြေဖြစ်ခြင်း၊ စစ်ဆေးရမည့် သံသယရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် နေရာဒေသတွင် ရောက်ရှိနေခြင်းတို့ကြောင့် အချိန်အနည်းငယ်ကြန့်ကြာပြီးမှသာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သံသယရှိသူများအား စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ နှစ်ဖက်သက်သေများဖြင့် စနစ်တကျ စစ်ဆေးဖော်ထုတ်ခဲ့ရာ ပထမအကြိမ် စစ်မေးရာတွင် ပြစ်မှုကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်ခဲ့မှုမရှိကြောင်း လိမ်လည်ထွက်ဆိုသော်လည်း နှစ်ဖက်သက်သေထွက်ဆိုချက်များမှာ ကွဲလွဲမှုများပြားနေသဖြင့် စက်တင်ဘာလဆန်း၌ ပိုမိုတိကျသည့် စစ်ဆေးချက်များနှင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ အဆိုပါ ပြစ်မှုကျူးလွန်သူ ၃ ဦးမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့ကြောင်း၊ သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးအား စစ်တရားရုံးဖွဲ့စည်း၍ ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးနှင့် ကျန်တာဝန်ရှိသူများအားလည်း စစ်စည်းကမ်းအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts