Local News Peace political news

ရသေ့တောင်တွင် တပ်မတော်က ပစ်ခတ်သည့် လက် နက်ကြီးကျ၍ ရွာသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦးဒဏ်ရာရ

ရသေ့တောင်၊ ရွှေလောင်းတင်ရွာတွင် တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျ၍ ရွာသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦးဒဏ်ရာရ ၊ ပစ်ခတ်မှုများကြောင့်နေ့စဉ် အရပ်သားဒဏ်ရာရရှိမှုများ ဆက်တိုက်ဖြစ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ၊ ရွှေလောင်းတင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိ၍ အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရသေ့တောင်မြို့ပေါ်မှ တပ်မတော်တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်၍ ရွှေလောင်းတင်ကျေးရွာမှ ရွာသား ဦးမောင်မောင်ချေ အသက် ၄၅ နှစ်ပွဲချင်းပြီး သေဆုံးခဲ့ပြီး သူ၏ အစ်ကိုဖြစ်သူမှာ ဒဏ်ရာရရှိသွားကြောင်း ဦးခင်မောင်လတ်က ပြောဆိုသည်။

“ရသေ့တောင်မြို့ပေါ်က သူတွေရော၊ ဒေသခံတွေရောက ပြောတာက တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျလို့ ရွှေလောင်းတင်ကျေးရွာက ဦးမောင်မောင်ချေ အသက် ၄၅ နှစ် ပွဲချင်းပြီးဆုံးတယ်။ သူအစ်ကိုလည်းဒဏ်ရာရရှိသွားတယ်။ တိုက်ပွဲမရှိဘူးလို့ သိရပါတယ်” ဟု ဦးခင်မောင်လတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် တပ်မ တော်ထံမှ အတည်ပြုချက်ရယူရန် ကြိုးပမ်းလျက်ရှိသော်လည်း တပ်မတော်တာဝန်ရှိသူများထံ ဖုန်းဆက်သွယ်၍ မရရှိသေးပေ။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ လူမှုကွန်ရက်မှတစ်ဆင့် တရားဝင် သတင်းထုတ်ပြန်ချက်တွင်မူ ရသေ့ တောင်အခြေစိုက် ခမရ ၅၃၇ မှအမြောက်ကြီးဖြင့် ၆ လုံး ပစ်ခတ်သဖြင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသည်ဟု ရွှေလောင်းတင်ကျေးရွာအုပ်ချုပ်ရေးက ဖုန်းဆက်၍ အကြောင်းကြားလာကြောင်း၊ သေဆုံးသူ ဦးမောင်မောင်ချေနှင့် ဒဏ်ရာရရှိသူ ဦးလှထွန်းမောင် အသက် ၆၈ နှစ် ညာဘက်ရင်အုံထိမှန်ဒဏ်ရာ၊ ဒေါ်လှစောနု အသက် ၇၉ နှစ် ညာဘက် ခြေသလုံးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်၍ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာတွင်လည်း လက်နက်ကြီးကျည်ကျရောက်၍ ကျေးရွာသား ဦးသိန်းလှနှင့် ညီမဖြစ်သူ တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- လက်နက်ကြီးကျည်ကျ၍ ကွယ်လွန်သူ ဦးမောင်မောင်ချေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts