All News Local News Peace

ရသေ့တောင်တွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် မွတ်စလင်တစ်ဦး ဒဏ်ရာရဟုဆို

ရသေ့တောင်တွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် မွတ်စလင်တစ်ဦး ဒဏ်ရာရဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ အာကာတောင်ကျွေးရွာမှ မွတ်စလင် တစ်ဦး မယူမြစ်အတွင်း ငါးဖမ်းသွားစဉ် ဇက်(တပ်မတော်ရေ)သင်္ဘောက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။

“ ဒီနေ့မှာ အဲဒီဇက်(တပ်မတော်)ရေယာဉ်က ပစ်ပြီးတော့ တက်လာတာ ၁နာရီ ဝန်းကျင်လောက်က တိုက်ပွဲတော့မဖြစ်ဘူး။ ငါးဖမ်းတာက သူတို့ကပုံမှန်ဖမ်းတာပဲ မိုးလည်းနည်းနည်းရွာတယ်။ မသဲကွဲဘူးနဲ့တူတယ်။ ပစ်လိုက်တာ ထိသွားတယ်လို့ ဒေသခံတွေကပြောတယ်။ ထိသွားတဲ့ သူတွေကတော့ အာကာတောင်ရွာကလို့သိရတယ်။ အမည်တွေဘာတွေတော့ အတိအကျမသိရသေးဘူး။ ဒဏ်ရာက လက်မောင်းကို ထိတယ်လို့တော့ပြောတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ ဘူးသီးတောင်ဆေးရုံကို ပို့လိုက်တယ်လို့တော့ အဲဒီကဒေသခံတွေပြောဆိုချက်အရသိတယ် ” ဟု ၎င်းကပြောဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များစည်းအရုံး (REC)၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့ အာကာတောင်မှ မွတ်စလင်ကျေးရွာသား မာမောက်ရော်ဖိ အသက် ၃၀ ကျော် ဝန်းကျင်သည် သူ၏သားနှင့်အတူ ကုလားချောင်းကျေးရွာအနီး မေယုမြစ်ထဲတွင် လှေဖြင့် မြစ်ကမ်းပါးတွင် ငါးသလောက်ပိုက် ချနေစဉ် မယူမြစ်တွင်း သွားလာနေသော မြန်မာတပ်မတော်ရေယာဉ်က လက်နက်ငယ်ပစ်ခတ်သဖြင့် လက်မောင်းတွင် လက်နက်ငယ်ကျည်စထိမှန်ဒဏ်ရာရကာ ဘူးသီးတောင်ဆေးရုံသို့သယ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ယင်းကိစ္စနှင့်ပတ်သက်၍ ဆက် သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts