All News Local News Peace

ရသေ့တောင်တွင် တပ်မတော်ရေ ပစ်ခတ်သော လက်နက်ကြီးကျည်မှန်၍ အသက် ၆ နှစ် ကလေးငယ်တစ်ဦး ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရ

ရသေ့တောင်တွင် တပ်မတော်ရေ ပစ်ခတ်သော လက်နက်ကြီးကျည်မှန်၍ အသက် ၆ နှစ် ကလေးငယ်တစ်ဦး ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရ

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဇေကုန်းကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်း ၃နာရီခန့်က တပ်မတော်ရေက ပစ်ခတ်သော လက်နက်ကြီးကျည် ရွာအတွင်းကျရောက်ပြီး အသက် ၆နှစ်အရွယ် ကလေးငယ် ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောဆိုသည်။

“ ထိခိုက်ဒဏ်ရာရတာတော့ ဟုတ်တယ်။ ကလေးတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောတယ်။ ရေတပ်(NAVY) ကပစ်တာလို့ ကျေးရွာသားတွေပြောကြားချက်အရတော့ ဆရာမ သိရတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ ကလေးငယ် အမည်မှာ မောင်ပြည့်စုံမောင် ဖြစ်ပြီး လက်ရှိချိန်တွင် စေတီပြင်ဆေးရုံ၌ ပို့ဆောင်ထားပြီး ဒဏ်ရာအခြေအနေစိုးရိမ်ရသောကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးမောင်ရွှေသန်းကပြောဆိုသည်။

“ ထိခိုက်တာက အခု မွန်းလွဲ ၃နာရီမှာထိတာ။ အသက်က ၆နှစ် အမည်က မောင်ပြည့်စုံမောင်ပါ။ ကလေးအခြေအနေက စိုးရိမ်ရပါတယ်။ စစ်တွေကိုဆင်းရမယ်ပြောတယ်။ ပခုံးကို လက်နက်ကြီးစ မှန်တာပါ။ ကျန်တဲ့နေရာတွေလည်း ထိခိုက်တာရှိတယ်။ သတိတော့ရပါတယ်။ စေတီပြင်ဆေးရုံမှာ ဓာတ်မှန်ရိုက်တဲ့ဟာမရှိဘူး။ ဓာတ်မှန်ရိုက်ရမယ်ဆိုတော့ ဓာတ်မှန်စက်မရှိလို့ စစ်တွေကိုသွားရိုက်ရမှာပေါ့။ အခုစစ်တွေဆေးရုံကို ပို့ရမယ်။ လက်နက် ကြီးပစ်တာကတော့ အများကြီးပဲ။ အလုံး ၂ဝ၊ ၃ဝ လောက်ပစ်တယ်။ နောက်ဆုံးပစ်တဲ့အလုံးကျပြီး ထိသွားတာ တိုက်ပွဲတွေတော့ ဘာမှမရှိပါဘူး။ ရွာထဲမှာ လူတွေတော့ ရှိပါသေးတယ်။ သူတို့က ဇက် (တပ်မတော်ရေ Navy)ကပစ်တာ” ဟု ၎င်းကပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ယနေ့ ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

Photo Credit- Original Facebook Uploader

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts