All News Health Local News

ရန်ကုန်မှပြန်လာသည်ကို မပြောဘဲ ဆေးကုသမှုခံယူသည့် လူနာတွင် ကိုဗစ် တွေ့၍ ပဲခူးဆေးရုံမှ သူနာပြု၊ ဆရာဝန်၊ ဆေးရုံဝန်ထမ်း ၂၃ ဦး Q ဝင်ရ

ရန်ကုန်မှပြန်လာသည်ကို မပြောဘဲ ဆေးကုသမှုခံယူသည့် လူနာတွင် ကိုဗစ် တွေ့၍ ပဲခူးဆေးရုံမှ သူနာပြု၊ ဆရာဝန်၊ ဆေးရုံဝန်ထမ်း ၂၃ ဦး Q ဝင်ရ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်မှပြန်လာသည်ကို မပြောဘဲ ဆေးကုသမှုခံယူခဲ့သည့် လူနာတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရ၍ ပဲခူးဆေးရုံကြီးမှ သူနာပြု၊ ဆရာဝန်နှင့်ဆေးရုံဝန်ထမ်း ၂၃ ဦး Quarantine ဝင်နေရကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနကသတင်း ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၁ နာရီကျော်တွင် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ လက်မောင်းတွင် ရရှိသောဒဏ်ရာဖြင့် အသက် ၃၄-နှစ်အရွယ် အမျိုးသား တစ်ဦး ရောက်ရှိလာပြီး သွေးထွက်လွန်နေကြောင်း၊ အရေးပေါ်ဌာနတွင် ခရီးသွားရာဇဝင်မေးသော်လည်း လူနာရှင်များက မပြောကြားဘဲ ပုံမှန်ထိခိုက်မှုသာဖြစ် သည်ဟုဖြေကြားခဲ့ပြီး အရိုးကုသဆောင်တွင် ရောက်ရှိချိန်တွင်မှ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ္မှ ပြန်လာသူဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ယင်းနောက် သီးခြားခွဲထား၍ Swab ယူ စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါကိုဗစ်လူနာနှင့်ထိတွေ့ခဲ့သူ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်း စုစု ပေါင်း ၂၃-ဉီး(စိစစ်ဆဲ)အား FQ ထားရှိ၍ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Swab နမူနာယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ၎င်း၏ လူနာစောင့်အား ပဲခူး တက္ကသိုလ် တွင် FQ ထား၍ လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူနာသည် သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုရွာတွင် နေထိုင်သူဟု သိရှိရပြီး အခြား Contact များကိုလည်း ရှာဖွေ၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ကျနော်တို့သိတာက အဲဒီပိုးတွေ့ရတဲ့ လူနာက ရန်ကုန်ကပြန်လာတာ။ Q ဝင်ရမှာကို မဝင်ဘဲနဲ့ သူ့ကို Q ဝင်ခိုင်းရမလားဆိုပြီး ပြတင်းပေါက်ကို လက်သီးနဲ့ထိုးတယ်လို့ပြောတယ်။ အဲဒီမှာ လက်ရှပြီး ဆေးရုံရောက်လာတယ်။ ဆေးရုံရောက်တော့လည်း ရန်ကုန်ပြန်ဆိုတာ မပြောဘဲနဲ့ ဆေးကုသမှု ခံယူတာ။ အဲဒါ ဘေးက ရန်ကုန်ပြန်ဆိုတာ ၀ိုင်းပြောလို့ ဆေးရုံက Swab ယူပြီးစစ်မှ ပိုးတွေ့တာ။ အခု ပဲခူးဆေးရုံက သူနာပြု၊ ဆရာဝန်၊ ဆေးရုံဝန်ထမ်းတွေပေါ့။ ထိတွေ့မှုရှိသူတွေ အကုန် Q ဝင်ရတယ်။ သူ့ကို အရေးယူဖို့ ကျနော်တို့ကတော့ တောင်းဆိုနေတယ်။ ဒီလို လိမ်ပြောပြီး အားလုံး အခက်အခဲဖြစ်စေတာပဲ” ဟု ပဲခူးတိုင်းတွင် ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- Q ဝင်ကြမည့် ပဲခူးဆေးရုံမှ သူနာပြုတချို့ ။ Photo Credit – ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts