All News Local News Peace

ရခိုင်မှ မွတ်စလင်များအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန် ရှိသူများ ပြစ်ဒဏ်ကင်းလွတ်နေမှု အဆုံးသတ်မည်ဟု IIMM ပြော

ရခိုင်မှ မွတ်စလင်များအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန် ရှိသူများ ပြစ်ဒဏ်ကင်းလွတ်နေမှု အဆုံးသတ်မည်ဟု IIMM ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်မှ မွတ်စလင်(ရိုဟင်ဂျာ)များအပေါ် ကျူးလွန်သော ရာဇ ဝတ်မှုများအတွက် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တာဝန်ရှိမှု ဖော်ထုတ်ပြီး ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်မည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းရေး အဖွဲ့(IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုအဖွဲ့IIMM (ယန္တရား)၏ အကြီးအကဲက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ စက်တင်ဘာလ ၁၄ ရက်နေ့ ဒုတိယအကြိမ် နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းခဲ့ပြီး အစီရင်ခံစာတင်သွင်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒုက္ခသည်တွေ ဘေးကင်းပြီး မိမိသဘောအလျောက် အိမ်ပြန်ဖို့ မရှိမဖြစ် လိုအပ်တဲ့အဆင့်ဟာ အကြမ်းဖက်မှုအတွက် တာဝန်ရှိတဲ့ ဘယ်သူ့ကိုမဆို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမှာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အစီရင်ခံစာတင်သွင်းစဉ် IIMM ကို တည်ထောင်ပြီး ပထမတစ်နှစ်ပတ်လုံးတွင် ဆောင်ရွက်ခဲ့သည့် သိသာထင်ရှားသော တိုးတက်မှုကို ဖော်ပြခဲ့ပြီး၊ ယန္တရား၏ အလုပ်တာဝန်ကို ဆက်လက်၍ ပံ့ပိုးပေးရန်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ထပ်မံတောင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှု ကျူးလွန်ခံရသူတွေအတွက် တာဝန်ခံမှုရှိဖို့ အလေးအနက် အရေးကြီးတာကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ကျေပွန်စွာထမ်းဆောင်ဖို့ သန္နိဌာန် ချထားပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ချည်းသက်သက် လုပ်လို့ မရနိုင်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းအားလုံးရဲ့ ဆက်လက်ပြီး ထောက်ခံမှုကို ကျွန်တော်တို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဒေသတွင်းရှိ ကုလအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုဖြစ်ပါတယ်။ အဲဒါမှသာ ယန္တရားကို ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်ကို အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”ဟု သူက ပြောသည်။

IIMMသည် ဆန်းသစ်သောနည်းလမ်းနှင့် နည်းပညာများအသုံးပြုပြီး သက်ဆိုင်သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ သက်သေခံအထောက်အထားများ စုဆောင်းနေသကဲ့သို့၊ သက်ဆိုင်သည့် သတင်းအချက်အလက်များ ရယူရန်အတွက် မြန်မာနိုင်ငံ အစိုးရကိုလည်း ဆက်သွယ်လျက်ရှိကြောင်း သိရှိရသည်။

သက်သေခံ အထောက်အထားအား ဘက်လိုက်မှုကင်းပြီး ကျွမ်းကျင်စွာ စုဆောင်းနေသည့် IIMM၏ ကြိုးပမ်းမှုများကို ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကသာ ကြောက်ရွံ့မှု တစ်စုံတစ်ရာရှိနေမည်ဖြစ်ကြောင်း အားလုံးက သဘောပေါက်နားလည်နိုင်မည်ဟု IIMM က မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာခွန်ဂျန် က “ကျွန်တော်တို့အနေနဲ့ စစ်ရာဇဝတ်မှု သို့မဟုတ် လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ပြစ်မှုမြောက်နိုင်တဲ့ မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်၊ သက်သေခံ အထောက်အထားကို မှတ်တမ်းတင် ထိန်းသိမ်းထားတယ်ဆိုတာကို အကြမ်းဖက်မှု ကျူးလွန်နေတဲ့သူတွေအနေနဲ့ သိထားသင့်ပါတယ်။”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးICC၊ အပြည်ပြည်ဆိုင်ရာ တရား ရုံး ICJ စသော နိုင်ငံတကာ တရားရုံးများ အပါအဝင် နိုင်ငံတွင်း၊ ဒေသတွင်း တရားရုံးများကြား အနာဂတ် စုံစမ်းစစ်ဆေးမှုများအတွက် နီးနီးကပ်ကပ်၊ အချိန်နှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး ရှေ့မှောက်တွင် လက်ရှိ စစ်ဆေးနေဆဲဖြစ်သည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့် စပ်လျဉ်း၍ ၎င်းတို့၏ တောင်းဆိုချက်ကြောင့် သင့်လျော်သော သတင်းအချက်အလက်များကို IIMMက ‌ ဝေမျှပေးနေသည်ဟု မစ္စတာခွန်ဂျန်က ပြောသည်။

IIMM သည် မြန်မာနိုင်ငံမှ အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတို့နှင့် ဆက်နွှယ်နေသည့် သက်သေခံအထောက်အထားကို စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စိစစ်သုံးသပ်ရန်ဖြစ်ပြီး၊ ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို ဖော်ထုတ်ပေးသည့် အမှုတွဲများကို တည်ဆောက်ပေးရန်လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

ထို့အပြင် ယန္တရား၏ ရှုပ်ထွေးသည့်အလုပ်အကြောင်း ပိုမိုနားလည်လာရန်နှင့် ပြစ်မှုကျူးလွန်သူများ ရာဇဝတ်မှု အသစ်များ ကျူးလွန်မှုမရှိအောင် တားဆီးရန်ရည်ရွက်ချက်ဖြင့်၊ ယန္တရားအား ပေးအပ်ထားသော တာဝန်ခံမှုဆိုင်ရာ လုပ်ပိုင်ခွင့်အကြောင်း အသိအမြင် မြှင့်တင်ရန် အများပြည်သူနှင့် ကမ်းလင့်ဆက်သွယ် ဆောင်ရွက်ခြင်းကို ဦးစားပေးအလုပ်အဖြစ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“IIMMနှင့်အတူ ကျွန်တော်ရဲ့ အမှတ်ရစရာ အကောင်းဆုံး အချိန်ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလက ကော့ဘဇားတွင် ကျူးလွန်ခံရသူတွေ၊ သူတို့ အသိုင်းအဝိုင်းရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ သူတို့မိသားစုတွေ ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုတွေကြောင့် သူတို့ ထိခိုက်နစ်နာခဲ့ရတဲ့ကြောင်းနှင့်အဲဒီအတွက် တရားမျှတမှုကို လိုချင်ကြောင်း သူတို့ဆန္ဒကို ကျွန်တော်ကို ပြောပြခဲ့ပါတယ်” ဟု မစ္စတာခွန်ဂျန် က ဆိုသည်။

“သူတို့ အားလုံးက သူတို့ရဲ့ အိမ်တွေကို ပြန်လိုကြောင်းနှင့် ထိုသို့ပြန်ဖို့ ဘေးကင်းလုံခြုံမှသာ ပြန်နိုင်နိုင်မယ် ဖြစ်ကြောင်း ပြောပြကြပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်ဘက်ကမူ မွတ်စလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများမရှိဘဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုထားပြီးဖြစ်သည်။

တပ်မတော်က ရခိုင်ပြည်နယ်၊ ကျေးရွာများတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ခုံရုံးဖွင့်လှစ်ပြီး အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းများ ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ချွတ်ပြင်နှင့်မောင်နုရွာဖြစ်စဉ်များအား စုံစမ်းစစ်ဆေးရန်အတွက် ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကိုဖွဲ့စည်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုစုံစမ်းစစ်ဆေးမှု၏ ဆက်လက်ဆောင်ရွက်မှု အတိုင်းအတာနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်မကုန်မီတွင် အမှုဖြစ်စဉ်ကိုစစ်တရားရုံးဖြင့် စတင်စစ်ဆေးဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် မောင်နုရွာဖြစ်စဉ် ၏ စုံစမ်းမှုတွင် စွပ်စွဲဖော်ပြနေကြသည့် တောင်ဘဇာရွာ ဖြစ်စဉ်လည်း ပါဝင်ပြီးဖြစ်ကြောင်း၊ ထို့ပြင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)၏ အပြီးသတ် အစီရင်ခံစာနှင့်နောက်ဆက်တွဲများ၊ အခြားသောသတင်းအချက် အလက်များအပေါ် စစ်ဥပဒေချုပ်ရုံး၏ စိစစ်သုံးသပ်ခဲ့မှုအရ ၂၀၁၆-၂၀၁၇ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် ဖြစ်နိုင်ဖွယ်ရှိသောချိုးဖောက်မှုများ၏ ကျယ်ပြန့်သည့်အသွင်သဏ္ဍာန်များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ မောင်တောနယ်မြေရှိကျေးရွာများတွင် ဖြစ်ပွားခဲ့သည်ဟူသော စွပ်စွဲချက်များသည် ကျယ်ပြန့်စွာပြုလုပ်လျက်ရှိသည့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၁၄ ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ ICJ တရားရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးသို့ မရောက်ရှိမီ ဆန္ဒပြနေသည့်မြင်ကွင်း။ Photo Credit- Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts