All News Election interview

“ရခိုင်မှာ စစ်တပ်ကနေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ၊ ပြည်သူ လူထုကို နှိပ်စက်သတ်ဖြတ်နေတာ ထင်ရှားတယ်။ ကျနော်တို့ ရပ်တည်ချက်ကို ရှုတ်ချတဲ့ ပုံစံမျိုးတွေ ၊လှောင်ပြောင်တဲ့ပုံစံမျိုးတွေ ရဲတွေက ဝိုင်းလုပ်တာမျိုး ကြုံရတယ်”

“ရခိုင်မှာ စစ်တပ်ကနေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ၊ ပြည်သူ လူထုကို နှိပ်စက်သတ်ဖြတ်နေတာ ထင်ရှားတယ်။ ကျနော်တို့ ရပ်တည်ချက်ကို ရှုတ်ချတဲ့ ပုံစံမျိုးတွေ ၊လှောင်ပြောင်တဲ့ပုံစံမျိုးတွေ ရဲတွေက ဝိုင်းလုပ်တာမျိုး ကြုံရတယ်”

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌကိုဝေယံဖြိုးမိုးနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တွင် “ဖက်ဆစ်လူသတ်စစ်တပ် အလိုမရှိ၊ သွေးစွန်းသော အစိုးရ အလိုမရှိ” ဆိုသော စတေကာများ ကပ်ခဲ့သူ ဗကသ ကျောင်းသား ၂ ဦးဖြစ်သည့် ကိုဝေယံဖြိုးမိုးနှင့် ကိုပိုင်မင်းခန်းကို ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားပြီး ဖမ်းဆီးရာတွင် ကျန်းမာရေးစစ်ဆေးသည့်ပုံစံ၊ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲတွင် ပြန်လွှတ်ပေးခဲ့ပြီး ရဲစခန်းနှစ်ခုက စတေကာကပ်မှုအတွက် အမှု ၂ ခုဖြင့် အမှု ဖွင့်ထားကြောင်း သိရှိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌကိုဝေယံဖြိုးမိုးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့ညက အိမ်ကို ရဲတွေ အုပ်စလိုက် ဝင်ဖမ်းဆီးတာ ဘာကြောင့်လဲ။

ဖြေ။ ။ ကျွန်တော်တို့ကို ညနေ ၇နာရီလောက်ကနေပြီးတော့ တိုင်းရဲတပ်ဖွဲ့ပါတယ်လို့ပြောတယ်။ တိုင်းထောက်လှမ်းရေးအဖွဲ့တွေ ဦးစီးပြီးတော့ အရပ်ဝတ်တွေ နောက် မြောက်ဥက္ကလာ နယ်မြေခံ ရဲတပ်ဖွဲ့အပါ အဝင် အင်အား ၂ဝခန့်လောက်ကနေပြီးတော့ ကျွန်တော်တို့ နေအိမ်ကို ဝင်စီးတယ်ပေါ့။

ဝင်စီးတယ်ဆိုတာက အစပိုင်းမှာ သူတို့က ကျွန်တော်တို့ကို ကျန်းမာရေး ဆေးစစ်မှုလုပ်ဖို့အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးဖို့အတွက်ပါဆိုပြီးတော့ ကျွန်တော်တို့ကို ပြောတယ်ပေါ့။ ပြောတဲ့အခါမှာ ဆင်းမလာရင် ဘာလုပ်မလဲဆိုတဲ့အခါမှာ အပေါ်ကို တက်ပြီးတော့ စစ်ဆေးမယ် ပြောတဲ့အခါမှာ ကျွန်တော်တို့ ဆင်းသွားလိုက်တယ်။

ဆင်းသွားလိုက်တဲ့အခါ ကျွန်တော်တို့ကို ကျန်းမာရေးစစ်ဆေးတာတွေ အပူချိန်တိုင်းတာတွေ ဟန်ပြလုပ်တယ်ပေါ့။ ဟန်ပြလုပ်ပြီးတော့ ကျွန်တော်တို့ကို အမှုဖွင့်ထားတဲ့ အကြောင်းကို ပြောတယ်ပေါ့။ ပြောပြီးတော့ ကျွန်တော်တို့နေတဲ့ နေအိမ် အပေါ်ခန်းကို ဝင်ပြီးတော့ ရှာဖွေမယ်ပြောတယ်ပေါ့။ ပြောတဲ့အခါမှာ ဘာအတွက်ရှာဖွေမှာလဲ ပြောတဲ့အခါမှာ သူတို့က မှုတ်ဆေးမှုတ်တယ်လို့ ဒီဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး မှုတ်ဆေးမှုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှာဖွေဖို့လိုတယ်ပြောတယ်။

အဲဒါကို ကျွန်တော်တို့က လက်မခံဘူး။ လက်မခံတဲ့အခါမှာ သူတို့ကနေပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့အတူ ရပ်တည်ကြောင်း ဗကသများအဖွဲ့ချုပ်နဲ့ ဗကသများအဖွဲ့ချုပ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂပြီးတော့ ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များရန်ကုန်) ရယ်ပြီးတော့ တိုးတက်သောလူငယ်အစည်းအရုံး တို့ပေါင်းပြီးလုပ်တဲ့ စတေကာ ကမ်ပိန်းပေါ့။ စတေကာ ကပ်တဲ့လှုပ်ရှားမှုပေါ့။

အဲဒီ စတေကာ ကပ်တဲ့ လှုပ်ရှားမှုကို ကျောက်တံတားမြို့နယ် မရမ်းကုန်းမြို့နယ်မှာ လုပ်ခဲ့တယ်ပေါ့။ အဲဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ရဲစခန်း ကအမှုဖွင့်ထားတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို အတင်းခေါ်တယ်ပေါ့။

ကျွန်တော်တို့အနေနဲ့ လိုက်ဖို့ငြင်းဆန်တဲ့အခါမှာ သူတို့အနေနဲ့ ဖမ်းဆီးတယ်ဆိုပြီးတော့ အတင်းခေါ်ဆောင်တယ်။ ရပ်ကွက်မှာရှိတဲ့ ပြည်သူတွေကို ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဖြေရှင်းနေတဲ့အချိန်မှာ ရှင်းပြနေတဲ့အချိန်မှာ ကျွန်တော်တို့ကို အတင်းတွန်းပြီးတော့ ကားပေါ်ပစ်တင်ပြီးတော့ ဖမ်းဆီးသွားတယ်ပေါ့။ ကျွန်တော်တို့ကို ညာသံပေးပြီးတော့ ဖမ်းဆီးသွားတယ်။ ဖမ်းဆီးပြီးတော့ မရမ်းကုန်းမြို့နယ် ရဲစခန်းကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျွန်တော်တို့ နှစ်ယောက်ပေါ့။ ကိုပိုင်မင်းခန့်နဲ့ ကျွန်တော်တို့ကို လူခွဲပြီးတော့ စစ်ဆေးတယ်ပေါ့။

စစ်ဆေးမှုမှာတော့ CCTV မှတ်တမ်းတွေ ထုတ်ပြပြီးတော့ ကျွန်တော်တို့ကို စစ်ဆေးမှုတွေလုပ်တယ်။ ကျန်တဲ့ လူတွေကို ကျွန်တော်တို့ကို လူတွေကို အတိအကျ အမည်နဲ့ပြောပေးဖို့ ကျွန်တော်တို့ကို ဖိအားပေးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ငြင်းဆန်ခဲ့တယ်။ အမည်စာရင်းပေါ့။

ပါဝင်တဲ့သူတွေအမည်စာရင်းကို တောင်းပေမယ့် ကျွန်တော်တို့အနေနဲ့ ငြင်းဆန်ခဲ့တယ်။ နောက်တစ်ခုက သူတို့အနေနဲ့ ဖမ်းထားဖို့ အစီအစဉ်မရှိဘူးပေါ့။ မရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကို ကိုယ်ပိုင်ခံဝင်ယူဖို့ဆိုပြီးတော့ အတင်းဖိအားပေးပြီးတော့ လက်မှတ်ထိုးခိုင်းတယ်ပေါ့။ အတင်းအားဖြင့် လက်မှတ်ထိုးခိုင်းတဲ့အခါမှာ ကျွန်တော်တို့ကို အနုနည်းနဲ့ပဲ ကျွန် တော် တို့ကို ဖျောင်းဖျပြီးတော့ ပြောတယ်။

နောက်တစ်ခုက ကျွန်တော်တို့ကို လူခွဲထားပြီးတော့ တခြားရဲအင်အား အများအပြားနဲ့ အခန်းတစ်ခန်းထဲမှာတင် တစ်ယောက်ချင်းစီခွဲပြီးတော့ အတင်းဖိအားပေးတာမျိုးတွေလုပ်တယ်။ ပြီးတော့ နောက်တစ်ခုကကျတော့ သူတို့နဲ့လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ ကျွန်တော်တို့ကို လှောင်ပြောင်တာမျိုးတွေ အတွေးအခေါ်ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ ရှုတ်ချတဲ့ ပုံစံမျိုးတွေ နောက် လှောင်ပြောင်တဲ့ပုံစံမျိုးတွေ ကျွန်တော်တို့ကို ရဲတွေက ဝိုင်းပြီးတော့ ဝိုင်းလုပ်တာမျိုးတွေ ကျွန်တော်တို့ ကြုံရတယ်။

နောက်ပြီးတော့ ကျွန်တော်တို့ မည်သည့် ကတိကဝတ်ကိုမှ မပေးနိုင်ဘူးလို့ ကျွန်တော်တို့ပြောလိုက်တယ်။ ပြောတဲ့အတွက်ကြောင့်မို့ သူတို့က ဒါဟာ အမှုတည်ဆောက်ဖို့အတွက် လိုအပ်လို့ပါဆိုပြီးပြောလာတယ်။ ကျွန်တော်တို့က အမှုတည်ဆောက်ဖို့ အရင်ကလည်း အမှုတွေ လုပ်တဲ့အခါမှာ ဒီအမှုတွဲကို ဒီတိုင်းပဲ တရားရုံးကို တင်တယ်။

တရားရုံးကနေပြီးတော့ တရားခံဖြစ် သတ်မှတ်တဲ့အခါမှာ လိုက်လံဖမ်းဆီးတဲ့ လုပ်ရပ်တွေက လုပ်ခဲ့တာဖြစ်တယ်။ အဲအတွက်ကြောင့် အမှုလက်ရှိတည်ဆောက်ဖို့ ကျွန်တော်တို့ လက်မှတ်မလိုဘူး။ ကျွန်တော်တို့အနေနဲ့ မည်သည့် ကတိကဝတ် မည်သည့် ခံဝန် လက်မှတ်ကိုမှ ထိုးမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကို ကျွန်တော်တို့အနေနဲ့ပြောတယ်ပေါ့။ ပြောတဲ့အတွက်ကြောင့် မရမ်းကုန်းမြို့နယ်ကနေပြီးတော့ သူတို့အနေနဲ့ နောက်လူတွေ ဆက်သွယ်မယ်ဆိုပြီးတော့ ကျွန်တော်တို့ကို ပြန်ပြီးပြောတယ်။

ဆက်သွယ်မယ်ဆိုပြီးတော့ ပြောတယ်။ ပြောတဲ့အတွက်ကြောင့် ကျွန်တော်တို့ကို မရမ်းကုန်းကနေပြီး လွှတ်လိုက်ပြီးတော့ ဒီကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့ကနေပြီးတော့ မရမ်းကုန်းမြို့နယ် ရဲစခန်းကနေတော့ ဆက်ပြီးတော့ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာလည်း ကျွန်တော်တို့ကို ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ CCTV မှတ်တမ်းတွေ ကျွန်တော်တို့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ သူတို့အမှုဖွင့်ထားတာတွေကို ကျွန်တော်တို့ကို ပြတယ်ပေါ့။

ပြပြီးတော့ ကျွန်တော်တို့ကို ကိုယ်ပိုင်ခံဝန်ယူဖို့ ခံဝန်ကတိ လက်မှတ်ထိုးဖို့ ကျွန်တော်တို့ကို ဖိအားပေးတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ငြင်းဆန်တယ်။ ကျွန်တော်တို့ လက်မှတ်မထိုးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကို ပြုလုပ်လာမယ့် အရာတွေအတွက် ရင်ဆိုင်ဖို့ရှိတယ်ဆိုပြီးတော့ ပြောခဲ့တယ်။ ပြောခဲ့ပြီးတဲ့နောက်ပိုင်း သူတို့အနေနဲ့ လတ်တလော ဖမ်းဆီးထားဖို့ မရသေးတဲ့အတွက်ကြောင့်မို့လို့ ပြန်လွှတ်လိုက်တယ်ပေါ့။

မေး။ ။ ဘာအမှုနဲ့ တရားစွဲဆိုထားလဲ။

ဖြေ။ ။ မရမ်းကုန်းနဲ့ ကျောက်တံတားမြို့နယ်မှာ ကျွန်တော်တို့ ကျောင်းသားလူငယ် အဖွဲ့အစည်း ၄ခုကနေပြီးတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ တောင်းဆိုချက်တွေနဲ့အတူ ရပ်တည်တဲ့ စတေကာတွေကို မှတ်တိုင်တွေမှာ လိုက်ကပ်တဲ့ ကိစ္စအပေါ်မှာ သူတို့က ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ မရမ်းကုန်း နဲ့ ကျောက်တံတားကနေပြီးတော့ ဖွင့်ထားတယ်ပေါ့။ ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ ၂ မှုပေါ့။ တစ်မြို့နယ်စီ ပေါ့။

မေး။ ။ ကျန်တဲ့သူတွေကို ဆက်ပြီး အမှုဖွင့်ထားတယ်လို့ ရဲစခန်းက ပြောလား။

ဖြေ။ ။ ကျန်တဲ့သူတွေကို ဆက်အမှုဖွင့်မယ်ဆိုတာတော့ မပြောဘူး။ အမှုဆက်ဖွင့်မဖွင့်ဆိုတာတော့ သေချာတော့ မသိဘူး။

မေး။ ။ အခု ပုဒ်မ ၁၉နဲ့ အမှုဖွင့်ထားရတာက ဘယ်သူတွေကိုလဲ။

ဖြေ။ ။ ကျွန်တော် (ကိုဝေယံဖြိုးမိုး) ရယ်။ ကိုပိုင်မင်းခန့်ရယ်ပေါ့။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။ ဘယ်အချိန်လောက်က ပြန်လွှတ်လိုက်တာလဲ။

ဖြေ။ ။ ၁၁နာရီခွဲလောက်ပြန်လွှတ်လိုက်တာ ကျွန်တော်တို့အစီအစဉ်နဲ့ ကျွန်တော်တို့ပြန်လာတာပေါ့။ ဒါက ရခိုင်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေ စစ်တပ်ကနေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖက်ဆစ်ဝါဒကို ပြောင်ပြောင်တင်းတင်းကျင့်သုံးပြီးတော့ကို အပြစ်မဲ့တဲ့ ရခိုင်ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်နေတာတွေက ထင်ရှားတယ်။

အဲလုပ်ရပ်တွေ အပေါ်မှာကို ဖုံးကွယ်လိုတဲ့အတွက်ကြောင့်မို့လို့ စစ်အုပ်စုက သူတို့ကို ဝေဖန်တဲ့သူတွေ သူတို့ကို ပြန်ပြီးတော့ ဆန့်ကျင်တော်လှန်မယ့် သူတွေကို သူတို့က ပြတ်ပြတ်သားသား လုပ်ဆောင်ပြခဲ့တာရှေ့မှာလည်း လုပ်ခဲ့တယ်။ အခုလည်းဆက်ပြီးတော့ လုပ်ဆောင်နေတယ်။ နောင်လည်း လုပ်လာဦးမယ်လို့ မြင်တယ်။

Photo Credit – Wai Yan Phyo Moe Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts